News

POST TAGGED AS

ဇင်ဘာဘွေ

ဇင်ဘာဘွေသမ္မတအီမာဆန် ရွေးကောက်ပွဲတွင် အနိုင်ရကြောင်းကြေညာ၊ အတိုက်အခံတို့ မကျေမနပ်ဖြစ်


ဟာရာရီ၊ ဩဂုတ် ၃

ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ တနင်္လာနေ့က ပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် သမ္မတအီမာဆန်မန်ဂါဂွါက မဲ ၅၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိ သွားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

အတိုက်အခံအင်အားစုများကမူ အာဏာရပါတီသည် ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။ 

ရွေးကောက်ပွဲကော်မရှင်က ပြည်နယ်တစ်ခုချင်းစီအလိုက် ရလဒ်များကို ထုတ်ပြန်ပြီးနောက် အာဏာရ ZANU-PF ပါတီ၏ သမ္မတလောင်း အီမာဆန်မန်ဂါဂွါသည် မဲအများဆုံးဖြင့် အနိုင်ရသွားကြောင်း ထုတ်ပြန်ကြေညာသည်။ 

မြို့တော်ဟာရာရီတွင် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်သော အတိုက်အခံအင်အားစုများက ဆူပူအုံကြွမှုဖြစ်ပေါ်ခဲ့ပြီးနောက် ကော်မရှင်ကမဲရလဒ်ကို ကြေညာခြင်းဖြစ်သည်။ 

ယင်းဆူပူအုံကြွမှုသည် အာဏာရှင် သမ္မတဟောင်း ရော့ဘတ်မူဂါဘီလက်ထက် နောက်ပိုင်း ဇင်ဘာဘွေ၏ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းတွင် ထူးခြားသည့်ဖြစ်ရပ်ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 

ဆန္ဒပြပွဲများအစပိုင်းတွင် ဆန္ဒပြသူများက သမ္မတရွေးကောက်ပွဲအတွက် တရားဝင်ရလဒ်များ ထုတ်ပြန်ကြေညာပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရေပိုက်များအသုံးပြုကာ ဖြိုခွင်းခဲ့သည်။ ဆန္ဒပြသူများကလည်း လမ်းအချို့ကို ပိတ်ဆို့ခဲ့ကြသလို တာရာများကို မီးပုံရှို့ခဲ့ကြသည်။

အခြေအနေဆိုးရွားလာချိန်တွင် ရဲတပ်ဖွဲ့က ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိတော့သောကြောင့် ဇင်ဘာဘွေစစ်တပ်ကို အကူအညီတောင်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ချယ်ရတီချာရန်ဘာက နိုင်ငံပိုင်ရုပ်သံ ZBC သို့ ပြောကြားသည်။ နောက်ဆုံးတွင် စစ်တပ်က ဆန္ဒပြသူများကိုပစ်ခတ်နှိမ်နင်းသည့်နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ 

ဇင်ဘာဘွေပြည်ထဲရေးဝန်ကြီး အိုဘာ့ပိုဖူးက အတိုက်အခံအင်အားစုသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုရရှိလာရန် မင်းမဲ့စရိုက်ဆန်သည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း ပြောကြားသည်။ 

BBC သတင်းဌာန၏ဖော်ပြချက်အရ ရွေးကောက်ပွဲကော်မရှင်မှ အတိုက်အခံအရာရှိများကို ရဲတပ်ဖွဲ့ကရာထူးမှ ဖယ်ရှားပစ်လိုက်သည်ဟုဆိုသည်။ အကြောင်းမှာ ၎င်းတို့က ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့သောကြောင့်ဖြစ်သည်။ 

အတိုက်အခံခေါင်းဆောင် နယ်လ်ဆင်ချာမီဆာမှာ မဲ ၄၄ ဒသမ ၃ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ ၎င်း၏ MDC မဟာမိတ်ပါတီက မဲရေတွက်မှုများမှာ ယုံကြည်၍မရနိုင်ကြောင်း ပြောကြားသည်။ 

အခြားသတင်းဌာနများ၏ဖော်ပြချက်အရ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်ခဲ့သော ဆူပူအုံကြွမှုများတွင် စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့သည်။

F-01



FOLLOW US