News

POST TAGGED AS

ဇင်ဘာဘွေ

ဇင်ဘာဘွေ ရွေးကောက်ပွဲတွင် ဆက်ခံသူ မနန်ဂါဝါကို ထောက်ခံရန် မူဂါဘီငြင်းပယ်


ဟာရာရီ၊ ဇူလိုင် ၃၀

တနင်္လာနေ့က ဇင်ဘာဘွေ ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်နေရာ ဆက်ခံသူ တပည့်ဟောင်း မနန်ဂါဝါကို မဲပေးမည်မဟုတ်ဟု သမ္မတဟောင်း ရောဘတ်မူဂါဘီက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

၎င်းထူထောင်ခဲ့သော ဇာနူးပါတီ၏ အတင်းအကျပ် ဖယ်ရှားခြင်းကို ခံလိုက်ရသော မူဂါဘီက ဆက်ခံသူ မနန်ဂါဝါကို ထောက်ခံမည်မဟုတ်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

အခြားသမ္မတလောင်းများထဲမှ သဘောကျသူကို မရွေးချယ်ရသေးသော်လည်း အဓိက အတိုက်အခံခေါင်းဆောင်ကို လိုလားသည်ဟု မူဂါဘီက ပြောကြားသည်။

ဇင်ဘာဘွေကို နှစ်လေးဆယ် အုပ်စိုးခဲ့သော မူဂါဘီ ၉၄ နှစ်သည် မနှစ်က အတင်းအကျပ် ဖယ်ရှားခြင်းကို ခံခဲ့ရသည်။ 

မနန်ဂါဝါကို အဓိက စိန်ခေါ်မည့်သူမှာ အတိုက်အခံ MDC ပါတီခေါင်းဆောင် နယ်လ်ဆင်ချမ်မီဆာဖြစ်သည်။ ချမ်မီဆာသည် အလားအလာ အကောင်းဆုံး သမ္မတလောင်းဖြစ်သည်ဟု မူဂါဘီက ဆိုသည်။

မူဂါဘီ၏မှတ်ချက်ကို တုံ့ပြန်လိုက်သော မနန်ဂါဝါက “ချမ်မီဆာက မူဂါဘီနဲ့ ညှိထားတယ်ဆိုတာ ရှင်းနေပါပြီ။ ဇင်ဘာဘွေကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို ဘယ်လိုယုံကြည်ရမှာလဲ”ဟု ပြောကြားသည်။

မူဂါဘီက ၎င်း သမ္မတအဖြစ်ရှိနေစဉ် ဇနီးဖြစ်သူ ဂရေ့စ်ထံ ခေါင်းဆောင်နေရာကို လွှဲပြောင်းပေးရန် စီစဉ်ခဲ့သည်ဆိုသော ကိစ္စကို ငြင်းဆန်လိုက်ပြီး လုံးဝ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်ဟု ပြောဆိုသည်။ ခေါင်းဆောင်နေရာကို ကာကွယ်ရေးဝန်ကြီးဟောင်း ဆစ်ဒနီဆီကာရာမာယီက လွှဲပြောင်းလက်ခံသင့်သည်ဟု မူဂါဘီက ဆိုသည်။

ဇင်ဘာဘွေပြည်သူ ငါးသန်းသည် တနင်္လာနေ့တွင် သမ္မတရွေးပွဲ၊ လွှတ်တော်နှင့် ဒေသန္တရ ရွေးကောက်ပွဲများအတွက် မဲပေးကြမည်ဖြစ်သည်။ သမ္မတရွေးပွဲတွင် သမ္မတလောင်း ၂၃ ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင် အများဆုံး လာရောက်မဲ ပေးကြမည်ဟု မျှော်လင့်ရသည်။ မှတ်ပုံတင်ထားသော မဲဆန္ဒရှင် ထက်ဝက်ခန့်မှာ အသက် ၃၅ နှစ်အောက်အရွယ် အုပ်စုဖြစ်သောကြောင့် လူငယ်များ၏မဲက အခရာကျမည်ဟု မျှော်လင့်ရသည်။

နှစ်ပေါင်းများစွာ အာဏာရှင် ဖိနှိပ်အုပ်စိုးခဲ့မှုကြောင့် မွဲပြာကျနေသော တိုင်းပြည်သည် ဆိုးဝါးသော စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

ဇင်ဘာဘွေ ရင်ဆိုင်နေရသော ပြဿနာများတွင် ရင်းနှီးမြှပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်အကိုင်ကိစ္စများ ပါဝင်သည်။ ဇင်ဘာဘွေ၏ အလုပ်လက်မဲ့နှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းပေးမည့် ခေါင်းဆောင်နေရာ ရွေးချယ်ပွဲအတွက် ရှေ့မှပြေးနေသူများမှာ ဇာနူးပါတီမှ မနန်ဂါဝါ ၇၅ နှစ်နှင့် MDC ပါတီမှ ချမ်မီဆာ ၄၀ နှစ်တို့ဖြစ်သည်။

ယခင်အပတ်က နောက်ဆုံး သဘောထားစစ်တမ်းတွင် MDC သည် ဇာနူးပါတီနှင့် ကွာဟနေသော ၁၁ ရာခိုင်နှုန်းကို ၃ ရာခိုင်နှုန်းအထိ ဆွဲစေ့ကာ လိုက်မီလာခဲ့သည်။

အသက် ၃၅ နှစ်အောက်အရွယ် ၄၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်သော ဇင်ဘာဘွေပြည်သူ ၅ သန်းကျော်သည် တနင်္လာနေ့က နိုင်ငံတစ်လွှားရှိ မဲရုံ ၁၀၉၈၅ ရုံတွင် မဲပေးခဲ့ကြသည်။  

F-04



FOLLOW US