News

POST TAGGED AS

ဆွီဒင်

လာမည့်ရွေးကောက်ပွဲတွင် ရိုးသားမှုရှိသူကိုသာ ထိုင်းပြည်သူများ မဲပေးရန် ဆန္ဒရှိ၊ စစ်မှုထမ်းဟောင်းကို မဲပေးလိုသူ လွန်စွာနည်းပါး


ဘန်ကောက်၊ ဩဂုတ် ၁၂ 

လာမည့် ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်တွင် ကျင်းပဖြစ်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည့် ထိုင်းနိုင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ မဲပေးရန်ဆုံးဖြတ်ရာတွင် ရိုးသားဖြောင်မတ်မှုကို ထိုင်းမဲဆန္ဒရှင် ပြည်သူများက အဓိက အရည်အသွေးအဖြစ် စဉ်းစားကြလိမ့်မည်ဖြစ်သည်ဟု မကြာသေးခင်က ထွက်ပေါ်လာသော သုတေသန စစ်တမ်းတစ်ရပ်ကို Bangkok Post သတင်းစာက ရေးသားဖော်ပြသည်။ 

စစ်တမ်းအရ မဲဆန္ဒရှင်ပြည်သူများသည် ရွေးကောက်ပွဲတွင် စစ်ဘက်အရာရှိ သို့မဟုတ် စစ်မှုထမ်းဟောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ကို လိုလားသူ မဲဆန္ဒရှင်ဦးရေမှာ အနည်းဆုံးဖြစ်သည်။ 

ဆူအန်ဒူဆစ်ရာဂျာဘတ်တက္ကသိုလ်က ပြုလုပ်သည့် ဆူအန်ဒူဆစ်စစ်တမ်းဟု အမည်ရသည့် အဆိုပါ သုတေသနစစ်တမ်း အရ ၂၀၁၉ အစောပိုင်းကာလတွင် ကျင်းပမည်ဟု ဆိုထားသည့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ရိုးသားဖြောင့်မတ်မှုကိစ္စသည် မဲဆန္ဒရှင်များအတွက် အဓိကအခရာကျသော အရာဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ 

လာမည့်ရွေးကောက်ပွဲတွင် မဲပေးဆုံးဖြတ်ရန် အဓိကကျသော တွန်းအားများကို ရွေးချယ်ခိုင်းရာ၌ စစ်တမ်းဖြေဆိုသူ အများစုက ရိုးသားဖြောင့်မတ်မှုကိုသာ အမှတ်ပေးခဲ့ကြသည်။ 

ရိုးသားမှုပြီးလျှင် အသိဉာဏ်ပညာနှင့် စွမ်းဆောင်ရည်ရှိမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ နောက်ကြောင်း ရာဇဝင်ကောင်းမှု၊ ပညာရေး၊ နိုင်ငံတကာအတွေ့အကြုံ စသည်တို့ဖြင့် စဉ်းစားဆုံးဖြတ်လိုကြသည်ကို တွေ့ရသည်။ 

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်အမတ်လောင်းများသည် မည်သူဖြစ်သင့်သနည်းဟူသော မေးခွန်းနှင့်ပတ်သက်၍ ၂၉ ဒသမ ဝ၆ ရာခိုင်နှုန်းက အစိုးရအရာရှိများဟုဖြေပြီး ၂၅ ဒသမ ၄၂ ရာခိုင်နှုန်းက စီးပွားရေးလုပ်ငန်းရှင်ဖြစ်သင့်သည်ဟု ဖြေသည်။ ထို့နောက် ၂၂ ဒသမ ဝ၃ ရာခိုင်နှုန်းက ရှေ့နေဟုဖြေပြီး ၁၅ ဒသမ ၉၈ ရာခိုင်နှုန်းက ပညာရှင်များဖြစ်သင့်ဟု ဆိုသည်။ 

စစ်ဘက်အရာရှိများ ဝင်ရောက်ယှဉ်ပြိုင်မည်ကို လိုလားသည့်ဦးရေမှာ အနည်းဆုံးဖြစ်ပြီး “စစ်ဘက်အရာရှိများဖြစ်သင့်သည်”ဟု ထောက်ခံသူ ၇ ဒသမ ၅၁ ရာခိုင်နှုန်းသာရှိသည်။ 

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း၏ ပညာအရည်အချင်းနောက်ခံနှင့်ပတ်သက်၍ မဲဆန္ဒရှင် ပြည်သူ ၄၁ ဒသမ ၂၂ ရာခိုင်နှုန်းက စီးပွားရေးပညာဖြင့် ဘွဲ့ရထားသူကိုလိုလားပြီး ၂၂ ဒသမ ဝ၁ ရာခိုင်နှုန်းက နိုင်ငံရေးသိပ္ပံဖြင့် ဘွဲ့ရထားသူများဖြစ်စေလိုသည်။ 

စီးပွားစီမံဘွဲ့ရကို လိုလားသူမှာ ၁၄ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ပြီး ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုပညာဖြင့် ဘွဲ့ရသူကို လိုလားသူမှာ ၇ ဒသမ ၄၉ ရာခိုင်နှုန်းဖြစ်သည်။ 

ဆူအန်ဒူဆစ်စစ်တမ်းကို ထိုင်းသုတေသီများက ဩဂုတ်လ ၈ ရက်မှ ၁၁ ရက်အကြား လူပေါင်း ၁၀၃၄ ဦးကို တွေ့ဆုံကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

F-01



FOLLOW US