News

POST TAGGED AS

ဆိုလာပြားးး

မွန်တွင် ရေလွှမ်းခဲ့သည့် ဒေသများသို့ ဆိုလာပြား ၃၅၀ စုံ ဖြန့်ဝေမည်
မော်လမြိုင်၊ သြဂုတ် ၉

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံခဲ့သည့် ဒေသများသို့ ဆိုလာပြား ၃၅၀ စုံ ဖြန့်ဝေပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။

အဆိုပါ ဆိုလာပြားများကို ပြည်ထောင်စု သစ်တောဦးစီးဌာနမှ ကူညီထောက်ပံ့ပေးထားခြင်းဖြစ်ပြီး ရေကြီးရေလျှံခဲ့သည့် ဒေသများသို့ ပြည်နယ်အစိုးရက ခွဲတမ်းချ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။

“အဓိက တကယ်လိုအပ်တဲ့ ကယ်ဆယ်ရေးစခန်းတို့ စာသင်ကျောင်းတို့၊ စာသင်ကျောင်းဆိုရင် ရေကြီးရေလျှံ မဖြစ်ရင်လဲ လိုအပ်တယ်၊ ကယ်ဆယ်ရေးစခန်းဆိုရင်လည်း ဖြစ်လာရင် ချက်ချင်း မီးရဖို့လိုတယ်၊ ပြီးတော့ ဆေးပေးခန်းတို့ အရေးကြီးတဲ့နေရာတွေပေါ့၊ ဒါကို ပြည်နယ်အစိုးရက ခွဲပေးရမှာ”ဟု  မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ရေကြီးရေလျှံခဲ့သည့်ဒေသသို့ ဆိုလာပြားများကို သြဂုတ်လအတွင်း ဖြန့်ဝေပေးသွားမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

ဇူလိုင်လအတွင်းက သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း ရေလွှမ်းဆဲဖြစ်သည်။

“အားလုံး ရေပြန်ကျသွားပြီး ကျိုက်မရောတစ်ခုပဲ ကျန်တော့တယ်။ ကျိုက်မရောကတော့ ခုလောလောဆယ် ကယ်ဆယ်ရေး ၄ ခု ဖွင့်ထားပြီးတော့ လူဦးရေ ၅၀၀ လောက် ရှိနေတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ရေကြီးရေလျှံခဲ့သည့် ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့မှ လူဦးရေ ၂၀၀၀၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး လူအသေအပျောက်လည်းရှိခဲ့သည်ဟု သိရသည်။

Dawei Watch



FOLLOW US