News

POST TAGGED AS

ဆိုင်ခန်းခ

မန္တလေး လူငယ်ဖွံ့ဖြိုးရေးပွဲတော်ဆိုင်ခန်းခ ကျပ် ၆၅,၀၀၀ ဈေးပေါက်


မန္တလေး၊ ဩဂုတ် ၉

မန္တလေးတက္ကသိုလ်အတွင်းကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌ စာအုပ်ဆိုင်ခန်းများ ပါဝင်မည်ဖြစ်ရာ တစ်ခန်းလျှင် ကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိကြောင်း ဆိုင်ခန်းဝယ်ယူထားသည့် စာအုပ်ဆိုင်ရှင်များက ပြောဆိုသည်။

အဆိုပါပွဲတော်ကို ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပသည့်ရက်အတွင်း ဆိုင်ခန်းဖွင့်လှစ်သူများကို ဆယ်ပေပတ်လည် တစ်ခန်းအတွက် ကျပ် ၆၅,၀၀၀ ကောက်ခံခြင်းဖြစ်သည်။

“ဒါစည်ပင်က ကောက်တာမဟုတ်ဘူး။ ကျွန်တော်တို့က စာအုပ်တန်းကိုပဲ တာဝန်ယူပြီး လုပ်ပေးတာ”ဟု စာအုပ်ဆိုင်များကို နေရာချထားပေးရာတွင် တာဝန်ယူထားရသည့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောဆိုသည်။

ဆိုင်ခန်းနေရာချထားခြင်းကို ဩဂုတ်လ ၉ ရက်နံနက်ပိုင်းက စတင်လုပ်ဆောင်ပေးခဲ့ရာ ၁၂ နာရီခန့်တွင် ဆိုင်ခန်းပေါင်း ၈၀ အတွက် နေရာပြည့်သွားကြောင်း၊ ပွဲတော်ကျင်းပရေး ကော်မတီကသတ်မှတ်ထားသည့် ဆိုင်ခန်းခကို မြို့တော်စည်ပင်ကကောက်ယူပေးခြင်းဖြစ်ကြောင်း စာရေးဆရာတစ်ဦးလည်းဖြစ်သူ ၎င်းက ရှင်းပြသည်။ 

“ထိုက်သင့်သလောက်ပေါ့။ နှစ်သောင်း သုံးသောင်းဆိုရင် မဆိုးဘူးလားပေါ့။ ၆၅,၀၀၀ ကျများလွန်းတယ်”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိကာလသည် စာပေလုပ်ငန်းနိမ့်ကျနေသောကြောင့် ယခုကဲ့သို့ ပွဲတော်ကျင်းပချိန်တွင် စာပေတိုက်များကို အခွင့်အရေးပေးသည့်အနေနှင့် ဈေးလျှော့ပေးသင့်ကြောင်း၊ ဆိုင်ခန်းခဈေး မြှင့်ထားခြင်းသည် စာပေလုပ်ငန်းကို ဖိနှိပ်သည်ဟု ခံစားရကြောင်း ဆောင်းစုရတီစာပေမှ ကဗျာဆရာ မိုသျှန်းက ပြောကြားသည်။

“ဈေးနှုန်းသတ်မှတ်တာက Booth (ဆိုင်ခန်းယာယီအဆောက်အအုံ) တွေ ဆောက်လုပ်ခတောင်းတာဖြစ်မယ်”ဟု မန္တလေးတိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ပြောဆိုသည်။

မန္တလေးမြို့တော်တွင် ဧရာဝတီ စာပေပွဲတော်၊ ကလေးစာပေပွဲတော်၊ ကျုံးဘေးစာပေပွဲတော်များ ကျင်းပခဲ့ဖူးရာ ယင်းအချိန်က ဆိုင်ခန်းများ အခမဲ့ဖွင့်လှစ်ခွင့်ရခဲ့သည်။ 

“သူတို့ဆောက်ပေးထားတာနဲ့ဆိုရင် မများပါဘူး။ ဈေးရောင်းပွဲတော်တွေမှာ ဆိုင်ဖွင့်ရင် နှစ်သိန်း၊ သုံးသိန်းပေးရတာ”ဟု မွန်မြတ်သူ ဖိနပ်လုပ်ငန်းရှင် ဒေါ်ဥမ္မာအောင်က ပြောဆိုသည်။ 

M-07



FOLLOW US