News

POST TAGGED AS

ဆိုက်ဘာ

25-Aug-2018

နည်းပညာ Drone
အနာဂတ်တွင် ဘာတွေပြင်ဆင်ကြမည်နည်း
အားကျစေချင် နည်းပညာရှင်များ (၁၅)



ဒရုန်း (Drone) ဆိုသည့် ပစ္စည်းလေးများ လူငယ်ထုအတွင်းရောက်လာသည်။ ဒရုန်း၏ အသုံးဝင်ပုံကို နားလည်သဘောပေါက်စပြုလာကြသည်။ အနာဂတ်တွင် ဒရုန်းဖြင့် ဘာလုပ်နိုင်သနည်းဆိုခြင်းကို တွေးဆကြသည်။ လူငယ်တွေ အိပ်မက်ထဲတွင် ဒရုန်းဆိုသည့် ထူးဆန်းသောပစ္စည်းလေးများ ရောက်လာသည်။ နောက်ဆုံးဒရုန်းသည် ပညာရပ်တစ်ခုအနေနှင့် လေ့လာစရာ၊ ဖန်တီးစရာတစ်ခုအဖြစ်မြင်လာသည်။ တက္ကသိုလ်များတွင် ပို့ချ၊ လေ့ကျင့်၊ တတ် မြောက်ထားရမည့် ဘွဲ့ပေးနိုင်သော ပညာရပ်တစ်ခု ဖြစ်လာသည်။ 

ယခုနှစ် မတ်လက အသက် ၄၇ နှစ်အရွယ် စတီဖင် မိုင်ယာသည် သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်နေရာက ကျောင်းပြန်တက်ရန် ဆုံးဖြတ်လိုက်သည်။ 

သူ မည်သည့်ဘာသာကို တက္ကသိုလ်သွားပြီး သင်ယူရန် ဆုံးဖြတ်လိုက်သနည်း။ ဒရုန်းနည်းပညာ ဖြစ်သည်။ ယခုဆိုလျှင် သူသည် Unmanned Vehicle University တွင် တက်ရောက်နေပြီ။ ဒရုန်းဆင်ဆာစနစ်များဆိုင်ရာ ဘာသာရပ်နှင့် အီလက်ထရွန်နစ်ပညာရပ်များကို သူသင်ယူနေသည်။ သူက လုပ်ငန်းခွင်သုံး ဒရုန်းများ တည်ဆောက်နိုင်သူတစ်ဦး ဖြစ်လာရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် ကြိုးစားနေခြင်းဖြစ်သည်။

“UAV (Unmanned Aerial Vehicles) စနစ်တွေကို လူတွေက သိပ်မသိကြပါဘူး။ ဒရုန်းလို့ ပြောလိုက်ရင် လူတွေကို ထောက်လှမ်းစပိုင်လုပ်မယ့်ဟာလောက်ပဲ ထင်ကြတာများတယ်။ ဒရုန်းနဲ့ ဘာတွေလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်းမသိကြဘူး”ဟု မိုင်ယာကဆိုသည်။ မိုင်ယာသည် ဖလော်ရီဒါပြည်နယ်၊ Naples တွင် နေထိုင်သူတစ်ယောက်ဖြစ်သည်။

Amazon ဆိုသည့် ကုမ္ပဏီကြီးက ဒရုန်းတွေကို စမ်းသပ်နေသည်။ မကြာမီ ကုန်ပစ္စည်းများ ပို့ဆောင်သည့် ဝန်ဆောင်မှုတွင် လူတွေ၊ ကားတွေအစား ဒရုန်းတွေကို အစားထိုး အသုံးပြုတော့မည်။ ဗြိတိန်မှ Domino ကလည်း ဒရုန်းများဖြင့် ပီဇာတွေကို ပို့ပေးရန် ပြင်ဆင်နေသည်။ မိုင်ယာက ပြောလိုက်သည်။

“နောက်ပိုင်းဆိုရင် UAV (ဒရုန်း) နဲ့ လွတ်တဲ့ လုပ်ငန်းရယ်လို့ မရှိနိုင်တော့ဘူး”

အမေရိကန်ပြည်ထောင်စု FAA (Federal Aviation Administration) အဖွဲ့က ပြည်နယ်အသီးသီးတွင် ဒရုန်းယာဉ်များကို လေကြောင်းလိုင်းကဲ့သို့ လမ်းဖွင့်ပေးပြီး ဘေးကင်းစွာ ပျံသန်းနိုင်ရေးကို အဖွဲ့ ၆ ဖွဲ့ခွဲကာ သုတေသနပြုလုပ်နေပြီဖြစ်သည်။ ဒရုန်းခေတ်က သူတို့ လမ်းဖွင့်ပေးမှ ရတော့မည်ကို ကောင်းကောင်းသိမြင်နေကြပြီ။

၂၀၁၅ ခုနှစ်လောက်ကတည်းက သူတို့ သုတေသနပြုနေကြခြင်းဖြစ်ပြီး ဒရုန်းလုပ်ငန်းသည် ဒေါ်လာ ဘီလီယံနှင့်ချီကာ အကျိုးအမြတ်ဖြစ်ထွန်းစရာရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း စီးပွားရေး၊ နိုင်ငံရေး သမားတွေကလည်း ကောင်းကောင်းသိမြင်လာကြသည်။ ဒရုန်းကြောင့် ပုဂ္ဂလိက လွတ်လပ်ခွင့်များ၊ လုံခြုံရေးအရ အန္တရာယ်ရှိမှုများဖြစ်နိုင်သည်ဟု တွက်ဆပြီး ရပ်ဆိုင်းလိုက်သဖြင့် တရုတ်တွေက ဒရုန်းနည်းပညာတွင် တစ်နှစ်လောက်ဦးပြီး ရှေ့ရောက်သွားခဲ့ရသည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ လောက်ကတည်းက မိုင်ယာတစ်ယောက် အိုင်တီကို အရူးအမူးဖြစ်ခဲ့ရသည်။ သူက ကွန်ပျူတာခေတ်တွင် လူဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သူ့အတွက် ဒစ်ဂျစ်တယ်တော်လှန်ရေးကြီးထဲတွင် ပါဝင်ဆင်နွှဲနိုင်ရန် အသင့်ပြင်ဆင်ထားပြီးသူ ဖြစ်နေသည်။ 

ကွန်ပျူတာနှင့် အွန်လိုင်းပေါ်တက်ရင်း စနေနေ့တိုင်းလည်း သူကလေတပ်မှ နည်းပညာဒါရိုက်တာ ဟောင်းတစ်ဦး ပို့ချသော သင်တန်းတစ်ခုကို တက်နေသည်။ ထိုစဉ်ကတည်းက လေကြောင်းနည်းပညာရပ်များကို စိတ်ဝင်စားခဲ့ပြီး ဒရုန်းကို နားလည်အောင် လေ့လာနေခဲ့သည်။ သူက အွန်လိုင်းတွင် လေ့လာနေစဉ်က ရူပဗေဒဆိုင်ရာ သဘောတရားများ၊ ဆွဲငင်အားနှင့် မြေပြင်ပေါ် လေယာဉ်ဆင်းသက်ခြင်းဆိုင်ရာ သဘောတရားများအပြင်၊ လေယာဉ်တစ်စင်း အင်ဂျင်ပျက်သွားပါက မည်သို့သော အသံထွက်ပေါ်လာသနည်းဆိုသည့် အချက်များကို စိတ်ဝင်စားခဲ့သည်။

“အဲဒီတော့မှ သင်္ချာနဲ့ ရူပဗေဒသဘောတရားတွေဟာ တကယ့်လက်တွေ့ဘဝမှာ ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်” ဟု သူကဆိုသည်။ သူကလေ့လာရင်းနှင့် သိချင်ခြင်းတို့ထပ်ဖြစ်လာသည်။ သူက လက်တွေ့စမ်းသပ်လိုခြင်းတွေ ဖြစ်လာသော်လည်း ဥပဒေအရ လေယာဉ်ပျံအသေးစားများကို ကောင်းကင်တွင် ကိုယ်တိုင်လွှတ်တင်စမ်းသပ်ခွင့် မပြုသေးသည့် ကာလဖြစ်နေသောကြောင့် လွတ်လပ်စွာ မလုပ်ဆောင်နိုင်ခဲ့ပေ။ တစ်နည်းပြောရလျှင် ဒရုန်းနည်းပညာကို အစိုးရနှင့် အဖွဲ့အစည်းတစ်ခုက လက်ဝါးကြီးအုပ်ထားသည့်အချိန် ရောက်နေသောကြောင့်ဟု ဆိုရမည်။

“လေထဲမှာ ပျံသန်းနေတဲ့ ဒရုန်းတိုင်းကို ကင် မရာတစ်လုံးလောက် တပ်ပေးရမှာပဲ။ ဒရုန်းနည်းပညာက ရပ်ထားလို့ မရတော့ဘူး။ အဲဒီလုပ်ငန်းက ဖွံ့ဖြိုးနေပြီ။ ဆက်လုပ်ဖို့ပဲရှိတော့တယ်” ဟူ၍လည်း Electronic Privacy Information Center မှ Domestic Surveillance Project ကို ဦးဆောင်နေသူ ဒါရိုက်တာ အေမီစတီဗာနိုဗစ်ခ်ျက ပြောကြားသည်။

မတ်လက စတီဗာနိုဗစ်ခ်ျကိုယ်တိုင် အမေရိကန် တရားရေးကော်မတီရှေ့မှောက်ရောက်လာပြီး ၂၀၁၅ ခုနှစ် ကတည်းက ဥပဒေဖြင့် ခွင့်ပြုပေးရန် ဆိုင်းငံ့ထားသော ဒရုန်းယာဉ်များပျံသန်းခွင့်ကို FAA အနေနှင့် ပြန်လည်သုံးသပ်ရန် တောင်းဆိုတင်ပြခဲ့သည်။ FAA အနေနှင့် ဒရုန်းများကို မည်သို့ခွင့်ပြုမည်ဆိုသည့် အချက်များကို တိကျစွာ ထုတ်ပြန်ရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ကတည်းက ဖွံ့ဖြိုးတိုးတက်လာသည့် ဒရုန်းနည်းပညာကို ရပ်ဆိုင်းထားသလို ဖြစ်နေခဲ့မှုများသည် မကြာမီ ပြန်လည်အသက်ဝင်လာလိမ့်မည်ဟု ယူဆရသည်။ 

ဒရုန်းနည်းပညာရပ်များကို မဖြစ်မနေ ခွင့်ပြုရတော့မည်ဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဒရုန်းဘွဲ့များကို ပေးရန် ပြင်ဆင်လာခဲ့ကြသည်။ University of North Dakota, Kansas State University Salina, Embry-Riddle Aeronautical University တို့သည် အစောဆုံး ဒရုန်းနည်းပညာ ရပ်ဆိုင်ဘွဲ့ပေးရန် လေ့ကျင့်ပေးသည့် ဌာနများဖြစ်လာခဲ့သည်။ 

Phoenix မြို့မှ ယခင် Delta Air Lines ဖိုက်တာ လေယာဉ်မောင်းတစ်ဦးဖြစ်သူ ဒေါက်တာ ဂျယ်ရီလီမီးရပ်သည် Unmanned Vehicle University ကို ထူထောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုတက္ကသိုလ်တွင် သင်တန်းသားများသည် ဒရုန်းထိန်းချုပ်မောင်းနှင်ရေးဆိုင်ရာ လက်မှတ်ရသင်တန်းများကို တက်နိုင်သည်။ ဒရုန်းကတစ်ဆင့် ကောင်းကင်ဓာတ်ပုံရိုက်ခြင်းဆိုင်ရာ အတတ်ပညာများကိုလည်း ပရော်ဖက်ရှင်နယ်ကျကျ လေ့လာနိုင်ပြီး Master သို့မဟုတ် Ph.D ဘွဲ့များကို ရယူနိုင်ရန် သင်ကြားပို့ချပေးနေသည်။ 

“လူတွေက လက်ရှိလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ ဒရုန်းတွေကို အစားထိုးတော့မယ်။ ဒါကြောင့် ကောင်းကင်ပေါ်မှာ ဒရုန်းထောင်ပေါင်းများစွာ ပျံသန်းနေတဲ့ခေတ်ကို ရောက်လာတော့မယ်။ ဒရုန်းတွေကို လုပ်ငန်းမှာသုံးဖို့ဆိုတာ လုပ်ငန်းစတင်တဲ့ ကုမ္ပဏီ လေးတွေအနေနဲ့လည်း အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ မဖြစ်မနေ သုံးကိုသုံးလာရတော့မယ်”ဟု လီမီးရပ်ကဆိုသည်။ 

Unmanned Vehicle University သည် အွန်လိုင်းကတစ်ဆင့်လည်း သင်ကြားပို့ချပေးနေသည်။ ယခုဆိုလျှင် UAV ဆိုင်ရာ ပညာရပ်များအတွက် ဘွဲ့အပ်နှင်းပေးခဲ့သူ ၅၀၀ ခန့်ရှိသွားပြီဖြစ်သည်။ သူတို့သည် အာဖရိတိုက်တောများ၊ သဲကန္တာရများထဲတွင် ဒရုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ တိရစ္ဆာန်များကို စောင့်ရှောက်ခြင်းလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်နေကြပြီဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း သူတို့ ဒရုန်းတွေကို လက်တွေ့အသုံးချနေကြပြီ။

Association for Unmanned Vehicle Systems International အဖွဲ့က ဒရုန်းစနစ်များကြောင့် အမေရိကန်ပြည်ထောင်စုတွင် လုပ်ငန်းသစ် ၇၀၀၀၀ ခန့်ကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဆိုထားသည်။ ထိုအဖွဲ့သည် NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နောက်ထပ် ဒရုန်းပညာရှင်ပေါင်း ၂၀,၀၀၀ ကျော် လိုလိမ့်ဦးမည်ဟူ၍လည်း ခန့်မှန်းထားသည်။ 

လယ်သမားများ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ၊ ဓာတ်ပုံဆရာများ၊ ရုပ်ရှင်လုပ်ငန်းတွင် ဒရုန်းနည်းပညာနှင့် ပါဝင်ပတ်သက်မှုများကို မဖြစ်မနေ လုပ်ဆောင်ရတော့မည်ဖြစ်သည်။ 

“ပညာရှင်တွေအားလုံးကလည်း တညီတညွတ်တည်းကို လက်ခံလာကြပြီ။ အမေရိကမှာ ဒရုန်းလုပ်ငန်းကြီးက မဖြစ်မနေ ဖွံ့ဖြိုးတိုးတက်မှကို ဖြစ်တော့မှာ”ဟူ၍လည်း ဆွစ်ဇာလန် ဒရုန်းကုမ္ပဏီတစ်ခုမှ ဘတ်ပတစ်ထရီပတ်ကဆိုသည်။ သူတို့ကလည်း အနာဂတ်ဒရုန်းယာဉ်များ၏ အခန်းကဏ္ဍကို ကောင်းစွာ တွက်ဆပြီးဖြစ်သောကြောင့် တိုးချဲ့ထုတ်လုပ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ 

“ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ လုံခြုံအောင်၊ ကိုယ်ရေးကိုယ်တာ မထိပါးအောင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ခွင့်ကိုပြုရတော့မယ်။ ကမ္ဘာမှာ ဒရုန်းဈေးကွက်က အကြီးကြီး ဖြစ်လာတော့မှာ။ ထိန်းချုပ်ထားဖို့ဖြစ်ကို မဖြစ်နိုင်တော့ဘူး”ဟု သူကဆိုသည်။ စတီဗာနိုဗစ်ခ်ျကလည်း -

“ဒရုန်းတွေကို ကောင်းကင်ပေါ်ပျံသန်းခွင့်ပြုတော့မယ်ဆိုရင် လူတိုင်းလုပ်ချင်တဲ့၊ ယူချင်တဲ့သတင်းတွေကို လွတ်လပ်စွာယူခွင့်၊ လုပ်ခွင့်တွေရှိသွားတော့မယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ဘယ်သူတွေဘာလုပ်တော့မယ်ဆိုတာ စောင့်ကြည့်မယ့် ပစ္စည်းတွေနဲ့ နည်းပညာတွေလည်း လိုအပ်လာမှာပဲ” ဆိုသည့် စကားသည် နည်းပညာလောကအတွက် မဆုံးနိုင်အောင် လေ့လာစရာတွေ၊ သင်ယူစရာတွေနှင့် ပြည့်နေမည်ဆိုသည်ကို သတိပေးလိုက်သလိုဖြစ်သည်။ 

“ဒရုန်းတွေနဲ့ ဝန်ဆောင်မှုအဖြစ် ပစ္စည်းတွေ ပို့ခိုင်းတော့မယ်ဆိုရင် FAA အနေနဲ့ အဲဒီပစ္စည်းတွေကို ပဏာမစစ်ဆေးဖို့တွေ လိုလိမ့်မယ်။ ဒါမှ အမေရိကန်ပြည်သူတွေအတွက် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို မထိပါးနိုင်မှာ ဖြစ်တယ်။ ဘာပြောပြော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကိုတော့ နည်းပညာက ကျော်လွန်လို့မဖြစ်ဘူး” ဟူ၍လည်း ဒရုန်းများဖြင့် ပစ္စည်းပို့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး FAA ကို အကြံပြုထားသည်။

အနာဂတ်သည် ဒရုန်းများဖြင့် သယ်ယူပို့ဆောင်ရေးမှာ မဖြစ်မနေ ပေါ်ထွန်းလာပေတော့မည်။ ပြင်ဆင်သူတွေက ပညာရပ်တွေ အသစ်တိုးချဲ့ပြီး ဒရုန်းနည်းပညာဖြင့် လူငယ်တွေ ရပ်တည်နိုင်ရန် ပြင်ဆင်ပေးနေကြပြီ။ အလွတ်ကျက်ပြီး ခေတ်ကို မျက်ခြည်မပြတ်သင့်။ မြန်မာတက္ကသိုလ်ကောလိပ်များ အနာဂတ်အတွက် ဘာတွေပြင်ဆင်ပြီးပြီနည်း။

(Ref: USA Today)



FOLLOW US