News

POST TAGGED AS

ဆိုက်ဘာ

ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ကု/လ လုံခြုံရေးကောင်စီက ထောက်ခံဟု ဗြိတိန်ပြော

ရန်ကုန်၊ ဩဂုတ် ၃၁

ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) တံခါးပိတ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့(ယမန်နေ့)က ကျင်းပပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို လုံခြုံရေးကောင်စီက ထောက်ခံနေဆဲဖြစ်ကြောင်း ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်က ပြောကြားခဲ့သည်။

သံအမတ်ကြီး ရိုင်းခရော့ဖ်က လုံခြုံရေးကောင်စီသည် မြန်မာအစိုးရအဖွဲ့ကို လက်ရှိဦးဆောင်နေသော နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေဆဲပင် ဖြစ်သည်ဟုလည်း ပြောကြားသည်။ 

“ကျွန်တော်တို့(အဖွဲ့ဝင်)အတော်များများဟာ သူမ (ဒေါ်အောင်ဆန်းစုကြည်)ကို အင်မတန် ထောက်ခံတဲ့ မဟာမိတ်တွေပါ”ဟု ၎င်းကဆိုသည်။

ယင်းအစည်းအဝေးတွင် အဖွဲ့ဝင်များ အားလုံးက အကြမ်းဖက် တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချခဲ့ပြီး တင်းမာမှုများ လျော့ကျသွားအောင် လုပ်ဆောင်ကြရန် ရခိုင်ပြဿနာနှင့် သက်ဆိုင်သူ အားလုံးကို တိုက်တွန်းလိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်၏ ပြောကြားချက်ကို Nikkei Asia Review က ရေးသားဖော်ပြသည်။

“မြန်မာ့အရေးကိစ္စအပေါ် ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ အများကြီး ဖြစ်နေတယ်လို့ ပြောရင်ရမယ် ထင်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျွန်တော်တို့အားလုံး (လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ) ပြစ်တင် ရှုတ်ချပါတယ်။ သက်ဆိုင်သူတွေအနေနဲ့ (တင်းမာမှုတွေကို) လျှော့ချပစ်ဖို့ ကျွန်တော်တို့ တိုက်တွန်း ဆော်ဩထားပါတယ်”ဟု သံအမတ်ကြီး ရိုင်းခရော့ဖ်က လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။ 

ထို့ပြင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များသည် အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၏ ရခိုင်ရေးရာ အစီအရင်ခံစာတွင် ဖော်ပြထားချက်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။



FOLLOW US