News

POST TAGGED AS

ဆီးရီးယား

အလက်ပိုမြို့သည် သတ်ကွင်း ဖြစ်နေကြောင်း ကုလ ပြောကြား
နယူးယောက်၊ အောက်တိုဘာ ၂၇ 

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အလက်ပိုမြို့သည် ‘သတ်ကွင်း’ ဖြစ်နေပြီး လွန်ခဲ့သည့်လက လူ ၄၀၀ ကျော် အသတ်ခံခဲ့ရကာ ၂၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်အခြေအနေ လျော့ပါးသက်သာစေရေး ညှိနှိုင်းရေးမှူး၊ လက်ထောက်အတွင်းရေးမှူးချုပ် စတီဖင်အိုဘရိုင်ယန်က ပြောကြားခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။

“ဒီအထဲက အများအပြားဟာ ကလေးတွေပါ” ဟု အိုဘရိုင်ယန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ဆီးရီးယား ဒေသခံများ အကူအညီပေးနိုင်မှု အခြေအနေ လစဉ် အစီရင်ခံစာ တင်ပြရာတွင် ပြောကြားခဲ့သည်။

“အနိမ့်ဆုံးအနေနဲ့ ဆီးရီးယားမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့ ကောင်စီဝင် နိုင်ငံအားလုံးကို တောင်းဆိုချင်တာက အရပ်သားတွေနေတဲ့ ဒေသတွေကို လေကြောင်းက ဗုံးကြဲတာတွေရပ်ဖို့ ခိုင်ခိုင်မာမာ ဆောင်ရွက်ကြဖို့ပါပဲ” ဟု အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

ဆီးရီးယား ပဋိပက္ခ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က စတင်ပြီးနောက်ပိုင်း နှစ်ရှည်လများ လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများအတွက် ဆီးရီးယားအစိုးရနှင့် ရုရှားတွင် တာဝန်ရှိကြောင်း အိုဘရိုင်ယန်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့ ကဲ့သို့ပင် ထပ်မံစွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်အပတ်က အလက်ပိုရှိ အပြင်းအထန် မမာမကျန်းသူများနှင့် ဒဏ်ရာရသူများကို ကယ်ထုတ်နိုင်ရန်နှင့် မြို့နေရာအချို့သို့ အကူအညီပေးရေး လုပ်သားများက လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရေးအတွက် ဆီးရီးယားနှင့် ရုရှားတို့က ဗုံးကြဲမှု ယာယီရပ်ဆိုင်းပေးခဲ့သည်။  
ရပ်ဆိုင်းထားမှုမှာ ရှစ်ရက်ကြာပြီ ဖြစ်သော်လည်း အဖွဲ့အစည်း အားလုံးက လုံခြုံရေး အာမခံချက် မပေးနိုင်သောကြောင့် အကူအညီပို့ဆောင်ရေး အဖွဲ့များမှာ ဝင်ရောက်နိုင်ခြင်း မရှိပေ။

“ဆေးဘက်ဆိုင်ရာ အခြေအနေအရ ကယ်ထုတ်တဲ့ လုပ်ငန်းစဉ် မအောင်မြင်တဲ အတွက် ဘယ်သူ့မှာ အပြစ်ရှိတယ်ဆိုပြီး စွပ်စွဲနေတာ၊ စောဒက တက်နေကြတာတွေ ရှိပါတယ်။ ဟုတ်ပါတယ်။ သူတို့က ကုလသမဂ္ဂကိုပဲ လက်ညှိုးထိုးကြမှာပါ။ ချိုးဖောက်သူတွေ၊ ငြင်းပယ်သူတွေကို အပြစ်မတင်ကြအောင် တစ်ကယ်အပြစ်မတင်သင်တဲ့ ကုလသမဂ္ဂကိုပဲ သူတို့တွေက လက်ညှိုးထိုးနေတာပါ” ဟု အိုဘရိုင်ယန်က ဝေဖန်ခဲ့သည်။

လူဦးရေ နှစ်သိန်းခွဲ ရှိသော အလက်ပို အရှေ့ပိုင်းတွင် ဆရာဝန် ၃၀ ပင် မရှိတော့သလို အထိုက်အလျောက်သာ လုပ်ငန်းလည်ပတ်နိုင်သည့် ဆေးရုံခြောက်ရုံသာ ရှိကြောင်း အိုဘရိုင်ယန်က ပြောကြားသည်။ 

ခြုံစောင်များပါ ပြတ်လပ်နေသောကြောင့် လူနာများမှာ အလောင်းထည့်သည့် အိတ်များကို စောင်အဖြစ် သုံးနေကြရသည်ဟု အိုဘရိုင်ယန်က ဆိုသည်။

“ရှင်းအောင်ပြောရရင် အလက်ပိုမြို့ကို ဆီးရီးယားအစိုးရက ဝိုင်းထားတာပါ” ဟု အိုဘရိုင်ယန်က အတိအလင်း ပြောကြားခဲ့ပြီး ဆီးရီးယားအစိုးရနှင့် မဟာမိတ် ရုရှားတို့က ဒေသခံများကို သတိပေးသော လက်ကမ်းစာရွက်များ လေယာဉ်ဖြင့် ကြဲချခြင်းခဲ့ကဲ့သို့သော အလယ်ခေတ် နည်းဗျူဟာများ အသုံးပြုနေမှု အတွက်လည်း အိုဘရိုင်နယ်က သတိပေးခဲ့သည်။ 

အာရပ်ဘာသာဖြင့် ရေးထားသော လက်ကမ်းစာစောင်တွင် ဒေသခံများ မထွက်ခွာပါက ရှင်းလင်းခံရမည်ဟု သတိပေးထားမှုများ ပါရှိသည်ဟု သိရသည်။

လက်ကမ်းစာစောင်တွင် “ဖတ်ပါ၊ ထပ်ဖတ်ပါ။ ဒါသင့်အတွက် နောက်ဆုံးမျှော်လင့်ချက်ပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ ဒီဧရိယာကနေ မြန်မြန်မထွက်ဘူးဆိုရင် ရှင်းလင်းခံရပါလိမ့်မယ်။ ထွက်ခွာဖို့ ဘေးကင်းတဲ့လမ်း ဖွင့်ပေးထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မြန်မြန်ဆုံးဖြတ်ချက်ချပါ။ လူတိုင်းက ခင်ဗျားတို့ကို လက်လျှော့လိုက်ပြီ။ ကိုယ့်ဘာသာ ပျက်စီးအဆုံးသတ်ပေတော့ဆိုပြီး ထားခဲ့ကြပြီ။ ဘယ်သူမှ ခင်ဗျားတို့ကို ကူညီမှာ မဟုတ်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ” စသဖြင့် ရေးသားထားသည်ဟု VOA သတင်းဌာနက အင်တာနက်တွင် ပျံ့နှံ့နေသော လက်ကမ်းစာစောင်ပုံမှ ဘာသာပြန် ဖော်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်တာလီချာကင်ကမူ ယင်းလက်ကမ်းစာစောင်များကို ရုရှားလေယာဉ်များက ကြဲချခဲ့ခြင်း မရှိကြောင်း၊ ပြီးခဲ့သည့် ၈ ရက်အတွင်း အလက်ပိုအရှေ့ပိုင်း ၁၀ ကီလိုမီတာ အတွင်းပင် လေယာဉ်များ ဝင်ရောက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

အမေရိကန် လေယာဉ်များကသာ ကြဲချခြင်း ဖြစ်နိုင်ပြီး ၊ “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ” ဆိုသော သတိပေးချက်မှာ အင်တာနက်ပေါ် ပျံ့နေသည့် လက်ကမ်းစာစောင် အတုလည်း ဖြစ်နိုင်ကြောင်း ဖြေရှင်းခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး စမန်သာပါဝါကမူ “ရုရှားအနေနဲ့ နှစ်လမ်းလုံး လျှောက်လို့မရပါဘူး။ အလက်ပို အရှေ့ပိုင်းက ပြည်သူတွေရဲ့ ဘဝကို စာနာချင်ယောင်ဆောင်ပြီး တစ်ချိန်တည်းမှာ သူတို့အိမ် သူတို့နေနေကြသူတွေကို ရှင်းလင်းပစ်မယ်လို့ ခြိမ်းခြောက်လို့ မရပါဘူး” ဟု ဝေဖန်ခဲ့သည်။

အောက်တိုဘာလ ၂၆ ရက်နေ့က အဒ္ဒလစ်ဘ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှု အတွက်လည်း ကောင်စီဝင်များက အံ့သြတုံလှုပ်မိကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ကလေး ၂၂ ဦးနှင့် ဆရာ ၆ ဦး သေဆုံးခဲ့သည်။ ကျောင်းကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ပါက စစ်ရာဇဝတ်မှုမြောက်သည့် ကိစ္စ ဖြစ်သည်။

အိုဘရိုင်ယန်က ဆီးရီးယား သွေးမြေကျမှု အဆုံးသတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တာဝန်ရှိကြောင်းလည်း ဝေဖန်ခဲ့သည်။ ဆီးရီးယား ပြည်တွင်းစစ်ကာလ အတွင်း ဆီးရီးယားအစိုးရကို အရေးယူမည့် ကောင်စီ၏ ဆုံးဖြတ်ချက် ငါးကြိမ်တိတိကို ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ 



FOLLOW US