News

POST TAGGED AS

ဆီးရီးယား

အရှေ့ဂုတ်တား နယ်မြေအများစုကို ဆီးရီးယားတပ်ဖွဲ့များ ပြန်လည်သိမ်းယူ


ဒမတ်စကတ်၊ ဧပြီ ၁

ဒမတ်စကတ်အနီးမှ သူပုန်များထိန်းချုပ်ထားသော အရှေ့ဂုတ်တားနယ်မြေအများစုကို အစိုးရတပ်များက ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

သီတင်းပတ်ပေါင်းများစွာ ဆင်နွှဲခဲ့သော စစ်ဆင်ရေးအောင်ပွဲရရှိခဲ့ပြီး မြို့တော်ဒမတ်စကတ်နှင့် နိုင်ငံတစ်လွှား အဓိကဆက်သွယ်မှုလမ်းကြောင်းများ လုံခြုံမှုရရှိသွားပြီဟု ရုပ်သံကြေညာချက်တွင် ဖော်ပြထားသည်။

သူပုန်များ၏ နောက်ဆုံးခြေကုပ်ဖြစ်သော ဒိုမာမြို့ကို သိမ်းယူရန် စစ်တပ်က ပြင်ဆင်နေသည်ဟုလည်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရုရှားတို့၏ ပံ့ပိုးအားပေးမှုကို ရရှိထားသော ဆီးရီးယားစစ်တပ်က အရှေ့ဂုတ်တားနယ်မြေ ၉၅ ရာခိုင်နှုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအုပ်စုကလည်း ပြောကြားသည်။

ဒဏ်ရာရရှိသူများကို ဆီးရီးယားမြောက်ပိုင်းရှိ သူပုန်တို့၏ နောက်ဆုံး ထိန်းချုပ်နယ်မြေသို့ ကယ်ထုတ်ရန် ဝိုင်းပတ်ပိတ်ဆို့ခံနေရသော နောက်ဆုံးမြို့ဖြစ်သော ဒိုမာမှ သူပုန်ခေါင်းဆောင်များနှင့် သဘောတူညီမှု ရရှိသွားပြီဟု ရိုက်တာသတင်းဌာနက ဆီးရီးယားစစ်တပ်၏ ကြေညာချက်အပြီး နာရီပိုင်းအကြာတွင် ပြောကြားသည်။

ဒိုမာကိုထိန်းချုပ်ထားသော Jaish al Islam သူပုန်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ရပ်ရွာခေါင်းဆောင်များပါဝင်သော ကော်မတီ၏ ညှိနှိုင်းမှုကြောင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ထိုကိစ္စနှင့် နီးစပ်သောသတင်းဇာစ်မြစ်များကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။

Jaish al Islam သူပုန်အဖွဲ့သည် ယခင်က ထိုနယ်မြေမှ ထွက်ခွာရန် ငြင်းဆန်နေကြသည်။ 

ယခုအခါ ရုရှားတို့ ပံ့ပိုးပေးထားသော ဆီးရီးယားစစ်တပ်၏ ထိုးစစ်ဒဏ်မှ ဒိုမာမြို့ကို ရှောင်လွှဲနိုင်ရေးအတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်။

ဆီးရီးယားအစိုးရတပ်များသည် ယခုရက်ပိုင်းအတွင်း ဒိုမာမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး အကယ်၍ သူပုန်များ ထွက်ခွာရန် သဘောမတူပါက မြို့ကိုချေမှုန်းပစ်မည်ဟု ခြိမ်းခြောက်ပြောကြားထားသည်။

သမ္မတအာဆတ်၏ စစ်တပ်သည် အရှေ့ဂုတ်တားမှ သူပုန်များကို မောင်းထုတ်ရန်အတွက် ထိုးစစ်ဆင်မှုကို ယခင်လက စတင်ခဲ့ရာ ယခုအချိန်အထိ ဒေသခံအရပ်သား ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။

ဒမတ်စကတ်အစိုးရ၏ အဓိကမဟာမိတ်ဖြစ်သော ရုရှားနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သော သဘောတူညီချက်များအရ သူပုန်တပ်သားများနှင့် အရပ်သားထောင်ပေါင်းများစွာကို မကြာသေးမီရက်ပိုင်းများက ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

F-04




FOLLOW US