News

POST TAGGED AS

ဆီးရီးယား

အစိုးရဖိတ်ပါက မြောက်ပိုင်းအဖွဲ့ ၂၁ ပင်လုံတက်မည်
 ရန်ကုန်၊ မတ် ၂၉ 

၂၁ ပင်လုံအစည်းအဝေးကို အစိုးရက တရားဝင်ဖိတ်ကြားပါက တက်ရောက်မည်ဖြစ်ကြောင်း “ဝ” အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့က ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေး နွေးညှိနှိုင်းမှုကော်မတီ (FPNCC) က သဘောထားထုတ်ပြန်လိုက်သည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့၏ FPNCC ကော်မတီ ဒုတိယအကြိမ် အမြဲတမ်းကော်မတီအစည်းအဝေးကို မတ်လ ၂၆ ရက်မှ ၂၈ ရက်အထိ “ဝ” ဒေသ ပန်ခမ်းမြို့တွင် ကော်မတီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် (၂၁) ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးအပေါ် သဘောထားနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး FPNCC အနေဖြင့် အစိုးရ၏ တရားဝင်ဖိတ်ကြားစာကို လက်ခံရပါက FPNCC အဖွဲ့ဝင်အားလုံး စုံစုံညီညီဖြင့် တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် အစည်းအဝေးတက်ရောက်သည့်အခါ လုံခြုံရေးအာမခံချက်ရရှိရန် တရုတ်အစိုးရအနေနှင့် ခရီးစဉ်ကို ဆက်လက်ကူညီထောက်ပံ့ပေးရန် မေတ္တာရပ်ခံချက်ကိုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

FPNCC အနေနှင့် ယခင်သဘောထားအတိုင်း ပြောင်းလဲသွားမည်မဟုတ်ဘဲ ညီလာခံကို တရားဝင်ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားမှသာ တက်ရောက်မည်ဖြစ်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) မှ ပြင်ပဆက်ဆံရေးတာဝန်ခံတစ်ဦးဖြစ်သူ ဦးညီရမ်းက ပြောကြားသည်။ 

“FPNCC အား တရားဝင်ကိုယ်စားလှယ်အဖြစ်ဖိတ်ပြီး စာတမ်းဖတ်ခွင့်လည်းပြုမှ တက်ရောက်ပါမယ်”ဟု ဦးညီရမ်းက ဆိုသည်။

ထို့ပြင် ကချင်၊ တအာင်း၊ ကိုးကန့်နှင့် ရခိုင်ဒေသများတွင် တပ်မတော်၏ ထိုးစစ်နှင့် စစ်ဆင်ရေးများကို ကန့်ကွက်ကြောင်းလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားပြီး တိုင်းရင်းသားပဋိပက္ခများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့်သာ ဖြေရှင်းရန်ဖော်ပြထားသည်။

FPNCC ကော်မတီဝင်များသည် NCA လက်မှတ်မထိုးရသေးသည့်အတွက် ညီလာခံတွင် တရားဝင်ကိုယ်စားလှယ်နေရာပေးရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး အစိုးရကလည်း ကော်မတီတစ်ခုလုံးကို တွေ့ဆုံရန်သဘောထားမရှိသေးဟု ယူဆရကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်သူတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။

“နည်းနည်းတော့ ညှိုနှိုင်းရခက်ခဲလိမ့်မယ်လို့ထင်တယ်။ သူတို့အဖွဲ့ကို တရားဝင်ဖိတ်ဖို့က မူဝါဒရှိရဲ့လားဆိုတာ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံတော်သမ္မတအသစ်ဖြင့် ရွေးချယ်ခံရသည့် ဦးဝင်းမြင့်ကို FPNCC မှ ကြိုဆိုလိုက်ပြီး သမ္မတသစ်ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ရန်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလက နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေး ပထမနေ့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းပလောင် (TNLA) နှင့် ကိုးကန့် (MNDAA) တို့ ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့သည်။

အစိုးရက မူလက ညီလာခံတက်ရောက်ရန် အဆိုပါသုံးဖွဲ့ကို ဖိတ်ကြားခဲ့ခြင်းမရှိဘဲ ညီလာခံကျင်းပချိန် နီးကပ်မှ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ယင်းအဖွဲ့သုံးဖွဲ့ ညီလာခံသို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့များအပြင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်တို့လည်း တက်ရောက်ခဲ့သည်။

UWSA ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့များသည် ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲသို့ လေ့လာသူအနေနှင့်သာ တက်ရောက်ခွင့်ရရှိခဲ့ပြီး ညီလာခံဒုတိယနေ့တွင်မူ ဆက်လက်တက်ရောက်ခဲ့ခြင်းမရှိဘဲ ကျန်အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့များဖြင့်သာ ညီလာခံကို ဆက်လက်ကျင်းပခဲ့သည်။

J-08



FOLLOW US