News

POST TAGGED AS

ဆီးရီးယား

အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေမှု သံသယဖြင့် ဆီးရီးယားတစ်ဦးကို ဂျာမန်ရဲဖမ်းဆီး

ဘာလင်၊ နိုဝင်ဘာ ၁ 

ဘာလင်ခရစ္စမတ်ဈေးကို ကုန်တင်ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် အင်အားပြင်း ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုကာ အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေမှုဖြင့် ဆီးရီးယားလူမျိုးတစ်ဦးကို ဂျာမန်ရဲက အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ယာမင်ဟုခေါ်သော ၁၉ နှစ်အရွယ် ဆီးရီးယားလူမျိုးကို အရှေ့မြောက်ပိုင်း ရှဝါရင်မြို့၌ အရုဏ်တက်အချိန်တွင် အထူးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု ဖက်ဒရယ်ရှေ့နေရုံးက ကြေညာချက် ထုတ်ပြန်သည်။

ဘာလင်မြောက်ဘက်ရှိ အဆိုပါဒေသတွင် တိုက်ခန်းပေါင်း များစွာကိုလည်း ရှာဖွေစစ်ဆေးလျက်ရှိသည်။

“ဒီလူဟာ အပြင်းစား ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြုပြီးတော့ ဂျာမနီမှာ အစ္စလာမ္မစ် အကြမ်းဖက် တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သံသယ ရှိပါတယ်”ဟု ဖက်ဒရယ်ရှေ့နေရုံး ပြောရေးဆိုခွင့်ရှိသူ ဖရောက်ခိုလာက ပြောကြားသည်။

သံသယရှိသူသည် ဂျာမနီတွင် လူ အမြောက်အမြား သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် ဗုံးခွဲတိုက်ခိုက်မှုကို ၂၀၁၇ ဇူလိုင်လထက် မလွန်စေဘဲ ပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း၊ သို့သော် ပစ်မှတ်ကိုသတ်မှတ်ပြီး ပြီလားဆိုသည်ကို မသိရသေးကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းနှင့် ပတ်သက်မှု ရှိသလားဆိုသည်ကိုလည်း မသိရသေးကြောင်း ရှေ့နေရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံသယရှိသူသည် ပြီးခဲ့သော သီတင်းပတ်များအတွင်း ဗုံးတည်ဆောက်ရာတွင် လိုအပ်သော ဓာတုပစ္စည်းများကို စတင် စုဆောင်းခဲ့သည်။

“ဆိုးဝါးတဲ့တိုက်ခိုက်မှု တစ်ခုကို တားဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးမှုက အချိန်ကိုက်ပါပဲ။ လိုအပ်တဲ့သက်သေ အထောက်အထား ရရှိဖို့ အချိန်ကိုက် နောက်ကျတယ်။ အန္တရာယ်ကို ဖယ်ရှားဖို့ အချိန်ကိုက် စောတယ်”ဟု ပြည်ထဲရေး ဝန်ကြီး သောမတ်စ် ဒီမေဇီရီက ပြောကြားသွားသည်။

မနှစ်က ဘာလင် ခရစ္စမတ်ဈေးတွင် ၁၂ ဦး သေဆုံးသော ကုန်တင်ကားဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ပြီးကတည်းက ဂျာမန်ရဲများကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် တိုက်ခိုက်မှုမတိုင်မီ လုံခြုံရေး အဖွဲ့အစည်းများ၏ အမှားအယွင်း များစွာ ရှိခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာသည်။

ဘာလင် ခရစ္စမတ်ဈေးဖြစ်စဉ်တွင် တရားခံ တူနီးရှားလူမျိုး အာနစ်အမ်မရီကို ဖမ်းဆီးရန်နှင့် မူလနိုင်ငံသို့ ပြန်ပို့ရန် အခွင့်အလမ်းပေါင်း များစွာကို အာဏာပိုင်များက လက်လွှတ်ခဲ့ကြောင်း စုံစမ်းမှုတွင် တွေ့ရှိရသည်။

နောက်ဆုံး ရွေးကောက်ပွဲတွင် အမတ်အရေအတွက် လျော့သွားသော အဓိပတိ မာကယ်လ်၏ CDU ပါတီက လက်ဝဲယိမ်း Greens ပါတီ၊ စီးပွားရေး ဦးစားပေး FDP ပါတီတို့နှင့် ညွှန့်ပေါင်း အစိုးရဖွဲ့စည်းရေး ဆွေးနွေးနေချိန်တွင် အင်္ဂါနေ့က ဖမ်းဆီးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆွေးနွေးမှုများတွင် CDU နှင့် FDP တို့က ဂျာမနီသို့ အသစ် ဝင်ရောက်မှုများကို တင်းကျပ်ရန် လိုလားနေကြပြီး Greens တို့ကမူ ပိုမို လက်ခံကြိုဆိုရေး သဘောထားကို ဆက်လက် ထိန်းသိမ်းလိုသည်ဟု သိရသည်။

F-04



FOLLOW US