News

POST TAGGED AS

ဆိုင်ကယ်

29-Jun-2017

ဆိုင်ကယ်
ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းမှု ဇူလိုင် ၁ ရက်နေ့ စဖမ်းမည်
ရန်ကုန်၊ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း၌ ဆိုင်ကယ်စီးနင်းမှုများကို ဇူလိုင်လ တစ်ရက်နေ့မှ စတင်စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ညွှန်ကြားခဲ့သည့် ညွှန်ကြားစာ၌ စည်ပင်နယ်နိမိတ်သည် ဆိုင်ကယ်စီးနင်းခွင့် တားမြစ်ထားသည့် နယ်မြေ ဖြစ်သည့်အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဆိုင်ကယ် စီးနင်းခွင့် လုံးဝခွင့်မပြုနိုင်ကြောင်းနှင့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဆိုင်ကယ်စီးနင်းသည်ကို သက်ဆိုင်ရာက တွေ့ရှိလျှင် ဆိုင်ကယ်များကို သိမ်းဆည်းသွားမည်ဟု ဖော်ပြထားသည်။

“စည်ပင်နယ်နိမိတ်မှာ ဆိုင်ကယ်စီးနင်းခွင့်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့များသာလျှင် ခွင့်ပြုထားတယ်။ ကျန်တဲ့မည်သူမဆို စီးနင်းခွင့် ပြုမထားပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

အလားတူ စည်ပင်နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းမှုကို ကြပ်မတ်စွာ ဖမ်းဆီးလျက်ရှိကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။

ထိုကဲ့သို့ ဇူလိုင်လ တစ်ရက်နေ့မှ စတင်၍ စည်ပင်နယ်နိမိတ်အတွင်း၌ ဆိုင်ကယ်စီးနင်းမှုများကို စိစစ်အရေးယူမည့် တိုင်းအစိုးရအဖွဲ့၏ စီမံချက်ကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ ပြည်သူအချို့သည် ဆိုင်ကယ်စီးနင်းခွင့် ရရှိရန် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

“လိုင်းကားတွေက ရပ်ကွက်တိုင်းကို မရောက်ဘူး။ မြို့စွန်က ရပ်ကွက်တွေက ဆိုင်ကယ်ကို အမှီပြုပြီး သွားလာနေကြတာ။ ဆိုင်ကယ်စီးနင်းခွင့်နဲ့ ပတ်သက်ပြီး  အစိုးရက လူထုဆန္ဒနဲ့အညီ စဉ်းစားပေးသင့်တယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) နေ ပြည်သူတစ်ဦးက ပြောကြားသည်။   

J-07



FOLLOW US