News

POST TAGGED AS

ဆိုင်ကယ်

03-Sep-2016

ဆိုင်ကယ်
၅၉ ဝိုင်း နိဂုံး
ဆိုင်ကယ်လောကတွင် မန္တလေးမြို့တော်က ၅၉ ဝိုင်းကို မသိသူမရှိ။ ဆိုင်ကယ်သမားတိုင်း ကင်းကွာ၍မရသည့် အရပ်ဒေသ တစ်ခု ဖြစ်သည်။ မန္တလေးနှင့် မြန်မာ တစ်ပြည်လုံးတွင် ဆိုင်ကယ်များ၊ အထူးသဖြင့် တရုတ်ဆိုင်ကယ်များ စတင် ဝင်ရောက်လာသည့် လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင် ခန့်ကဆိုလျှင် တရုတ်ပြည် ကျယ်ခေါင်ထိ သွားရောက်၍ ဆိုင်ကယ်များ သယ်ကြပြီး မန္တလေး ၅၉ ဝိုင်းတွင် လာရောက် ရောင်းချကြသည့် သူတို့က ဒုနှင့်ဒေး။

လိုင်စင်မဲ့ (Without) ဆိုင်ကယ် လောကကို ၅၉ ဝိုင်းက စတင်ခဲ့သည်ဟု ဆိုရမည်။ ယခုမူ အမည်ခံမျှသာ ကျန်ရှိတော့သည့် ဆိုင်ကယ်ဝိုင်း တစ်ခုအဖြစ် ရောက်ရှိနေပေပြီ။ အရောင်းပြခန်းများ ပေါ်လာခြင်းနှင့် အရစ်ကျ ရောင်းချလာခြင်းက ၅၉ ဝိုင်းကို ခြောက်သွေ့ သွားစေသည်။ 

“ဟိုအရင်တုန်းကတော့ ပွဲတော်ကြီး တစ်ခုလို စည်ကားခဲ့တာပေါ့”ဟု ၅၉ ဝိုင်းတွင် ဆယ်နှစ်ကျော်ခန့် အရောင်းအဝယ် ပြုလုပ်နေသည့် ကိုညီညီနိုင်က အတိတ်ကို တမ်းတမ်းတတ ပြောသည်။

သူက လိုင်စင်မဲ့ ဆိုင်ကယ်များ ဖောချင်းသောချင်း ရောင်းကောင်းခဲ့စဉ်က ကျယ်ခေါင်အထိ ကိုယ်တိုင် သယ်ယူကာ ရောင်းချခဲ့သူ ဖြစ်ပြီး ယခုအချိန်တွင် တစ်ပတ်ရစ် (Second) ဘီးများကိုသာ အထိုင်ပြု၍ ရောင်းချနေသူ ဖြစ်သည်။

ကိုညီညီနိုင် နည်းတူ ၅၉ လမ်း ဆိုင်ကယ် ဝိုင်းမှာလည်း တစ်ပတ်ရစ်ကိုသာ အားပြု ရောင်းချနေသည့် ဝိုင်းအဖြစ် ပြောင်းလဲ လာသည်က သုံးနှစ်ခန့် ရှိနေပြီ။ ၅၉ ဝိုင်းကို တည်ထောင်သူများဟု ဆိုရမည့် ကနဦး သမားများ အားလုံးမှာ တစ်ပတ်ရစ် ဈေးကွက်ကိုသာ အားပြု ရောင်းဝယ် နေကြရသည်ဟု တစ်ညီတစ်ညွှတ်တည်း ဆိုကြ လေသည်။ 

“ဆိုင်ကယ်ရောင်းတဲ့ ကုမ္ပဏီတွေရဲ့ ဆိုင်ခွဲတွေက ၅၉ ဝိုင်းထဲမှာ ဖွင့်လာကြတယ်။ အရင်တုန်းက နှစ်ဆိုင်လောက်ပဲ ရှိတုန်းက မသိသာဘူး။ ကြီးကြီးကျယ်ကျယ် မထိခိုက်ဘူး”ဟု ၅၉ ဝိုင်း ဥက္ကဋ္ဌ ဦးစိန်အောင်က ပြောသည်။

“အခုကျ ဖွင့်တဲ့ဆိုင်တွေက ၁၅ ခုလောက် ရှိလာတယ်။ ဈေးကလည်း ကျွန်တော်တို့နဲ့ သိပ်မကွာတော့ အဲဒီ Show-room တွေဘက်ပဲ လူတွေက စိတ်ဝင်စားသွားကြတယ်”

ကုမ္ပဏီများ ဖွင့်လှစ် လာခြင်းအပြင် ယင်းကုမ္ပဏီများမှ အရစ်ကျ စနစ်များဖြင့် ရောင်းချ ပေးမှုများကလည်း ဦးစိန်အောင်တို့၊ ကိုညီညီနိုင်တို့လို လမ်းဘေးတွင် ဒီအတိုင်း ခင်းရောင်းချသူများထံ မလာရောက်ခြင်း အကြောင်း တစ်ခုဖြစ်သည်ဟု ဆိုသည်။

“ဈေးက သိပ်မှ မကွာတာ။ ဒီမှာ တစ်ပတ်ရစ်က သုံး၊ လေးသိန်းလောက်ဆို နောက်ထပ် တစ်သိန်းလောက် ထပ်ဖြည့်ရင် အသစ် ရတယ်လေ။ ကျွန်တော်တို့ဆီက လက်လုပ် လက်စားတွေလောက်ပဲ လာကြတော့တာ”ဟု ဦးစိန်အောင်က လက်ရှိ အခြေအနေကို ပြောဆိုသည်။

ကျောင်းသူ၊ ကျောင်းသားများအတွက် ဝယ်ပေးသည့် မိဘများ၊ ဝန်ထမ်းများ၊ အခြေခံ လက်လုပ် လက်စားများသာ ဈေးကွက်အဖြစ် ကျန်ရှိနေပြီး တစ်ရက်လျှင် ပျမ်းမျှ နှစ်စီးနှုန်းခန့် ရောင်းချရသည်ဟု ဆိုနိုင်သော်လည်း ယခင်ကထက် ၇ဝ ရာခိုင်နှုန်း အရောင်းအဝယ် လျော့ကျသွားသည်ဟု ၅၉ ဝိုင်းသားများက တူညီစွာ ပြောကြလေသည်။

“နှစ်သိန်းကနေ ခြောက်သိန်းလောက်ရှိတဲ့ တစ်ပတ်ရစ် ဆိုင်ကယ်တွေပဲ အဝယ် လိုက်တယ်”ဟု ဦးစိန်အောင်က ဆိုသည်။

၅၉ လမ်း ဆိုင်ကယ်ဝိုင်းသည် လွန်ခဲ့သည့် တစ်ဆယ့်ငါးနှစ်ခန့်က စတင်အသက် ဝင်ခဲ့သည်ဟု ဆိုရမည်။ ၂ဝဝ၂-၂ဝဝ၃ ခုနှစ်ခန့်မှ စတင်၍ ဆိုင်ကယ် ရောင်းချသူများဖြင့် စည်ကားခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင် ပြုလုပ်ပေးပြီးသည့်နောက်ပိုင်း အရောင်းအဝယ်မှာ တစ်ဟုန်ထိုး လျော့ကျ ခဲ့ရသည်ဟု ကိုညီညီနိုင်က ပြောသည်။

“ရွှေဘို၊ မုံရွာ၊ ပြည်၊ ရန်ကုန် စတဲ့ တစ်နိုင်ငံလုံးက လူတွေက ဆိုင်ကယ် လိုချင်ရင် ၅၉ ဝိုင်းကိုပဲ လာခဲ့ကြတာ။ အဲဒီတုန်းက ၅၉ ဝိုင်း ရွှေခေတ်ပဲ။ အခုကျတော့ အမြို့မြို့အနယ်နယ်မှာ ဆိုင်ကယ် Show-room တွေလည်း ရှိလာတော့ ဒီကို မလာ ကြတော့ဘူး”ဟု ကိုညီညီနိုင်က ၅၉ ဝိုင်း၏ နိဂုံးပိုင်းကို ပြောပြသည်။

ယခင်က ၅၉ လမ်းအတွင်း ဆိုင်ကယ် ရောင်းချရန် ကြိုက်သည့်နေရာ ဆိုင်ကယ် ထားနိုင်သော်လည်း ယခုမူ အနည်းဆုံး တစ်လ ကျပ်နှစ်သောင်းမှ သုံးသောင်းအထိ ပေးကာ နေရာ ယူကြရသည်။

ဆိုင်ခန်း ငှားရမ်းမည် ဆိုပါက ကျပ် ငါးသိန်းမှ ၁၅ သိန်းအထိ ဈေးရှိနေသည်။ သည်တော့ ကိုညီညီနိုင်တို့လို တစ်ပိုင် တစ်နိုင် လမ်းဘေး ဆိုင်ကယ်သမားများအဖို့ ဆိုင်ကြီး ကန္နားကြီးဖြင့် ဖွင့်လှစ်ရန် စိတ်ကူး ရှိသော်လည်း မလှမ်းနိုင်သေး။

“ဟိုအရင်က တစ်ရက်ကို ဆယ်စီးလောက်လည်း ရောင်းရတာပဲ။ အခုကျတော့ နှစ်စီးက အများဆုံး၊ မရောင်းရတဲ့ရက် ဆိုတာလည်း ရှိသေးတယ်။ တစ်စီးရောင်းရရင် ကျွန်တော်တို့အတွက်က အများဆုံး နှစ်သောင်းလောက်ပဲ ကျန်တာလေ”ဟု ကိုညီညီနိုင် ဆိုသည်။

ယင်းကဲ့သို့ ရောင်းချရသည့်အထဲမှ တစ်စီး ရောင်းရလျှင် ကျပ်ငါးထောင်ကို ဆိုင်ခန်းခအတွက် သပ်သပ်ဖယ်ထားရသည်ဟု ဆိုင်ခန်း ငှားရမ်းထားသည့် ဦးစိန်အောင်က ပြောသည်။

မြန်မာပြည် ဆိုင်ကယ် ဈေးကွက်၏ ဘုရင်ဟု တစ်ချိန်က လက်မထောင်နိုင်ခဲ့သည့် မန္တလေး ၅၉ လမ်း ဆိုင်ကယ်ဝိုင်း၊ ၅၉ ဝိုင်းကား ယခုမူ အရောင်းပြခန်းများ၏ ထိုးနှက်မှု ဒဏ်ကြောင့် နာလန် ပြန်မထူနိုင်မည့် အခြေအနေတွင် ရှိလေသည်။

နာမည်ကျော် ၅၉ ဝိုင်းက ပြန်လည် စည်ကား လာမည်လောဆိုသည့် မျှော်လင့်ချက်ကတော့ ဝိုင်းတော်သားများတွင် ကင်းမဲ့နေပြီ ဖြစ်သည်။

“ပြန်စည်လာဖို့ကတော့ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ တရုတ်ဘီးအဝင် ပိတ်လိုက်မှပဲ ဒီဝိုင်းက ပြန်ကောင်းလာမယ် ထင်တယ်”ဟု ဦးစိန်အောင်က သူ့ ထင်မြင်ချက်ကို ပြောဆိုသည်။

၅၉ ဝိုင်းတွင် ဆိုင်ကယ် ဝယ်၊ ရောင်း၊ ပွဲစား၊ Show-room ဟူ၍ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်အလိုက် ရောင်းဝယ်နေကြပြီး ၅၉ ဝိုင်း ကထိန်တော်ဖြစ်မြောက်ရေး ကော်မတီဟု အဖွဲ့ တစ်ခု ဖွဲ့ထားကာ အဖွဲ့ဝင်တို့၏ လူမှုရေး လုပ်ငန်းများကို လုပ်ဆောင် ပေးနေသည်။

ယင်းအဖွဲ့ကို ဝင်ရောက်ထားသူ ၂ဝဝ ကျော်ခန့် အပါအဝင် ၅၉ ဝိုင်းတွင် ကျင်လည် နေကြသူပေါင်းက လူဦးရေ သုံးရာကျော်ခန့် ရှိသည်။

ခေတ်ကောင်းစဉ် ကာလများက တစ်ရက်လျှင် တစ်ဝိုင်းလုံး အစီး သုံးဆယ်ခန့် ရောင်းချရသည်ဟု ဆိုရလျှင် ယခုအချိန်တွင် ဆယ်စီးမျှသာ ရောင်းချနေကြရသည်ဟု ဦးစိန်အောင်က ပြောပြသည်။

“လောလောဆယ် နောက်ဝင်တဲ့ Superanbo တို့၊ Toyomax တို့ပဲ အဝယ် လိုက်နေတယ်။ ကျွန်တော်တို့က လာဝယ်တဲ့သူတွေအတွက် တစ်စီးကို ကျပ်နှစ်သောင်းနှုန်း လျှော့ပေးတယ်” ဟု ၅၉ လမ်းတွင် ဖွင့်လှစ်ထားသည်မှာ လေးလခန့် ရှိပြီဖြစ်သည့် ပွင့်သစ္စာ ဆိုင်ကယ်ဆိုင် တာဝန်ရှိသူက ပြောဆိုသည်။

ရေရှည်ကာလတွင် ၅၉ ဝိုင်း ပျောက်ပျက်သွားမလား ဆိုသည့် မေးခွန်းကိုတော့ မပျောက်နိုင်ပါဘူးဟု ဝိုင်းတော်သားတို့က ဖြေဆိုကြသည်။ ဆိုင်ကယ်ရှိနေသရွေ့ ကာလပတ်လုံး ၅၉ ဝိုင်း ရှိနေဦးမည်ဟု ဆိုကြသည်။

“အရင်တုန်းလို အများကြီးတော့ မရောင်းရတော့ဘူးပေါ့။ နေ့စဉ် စားသောက် ဖို့လောက်ကတော့ ရပါတယ်။ တစ်ပတ်ရစ် ဈေးကွက်တွေ ရှိနေသေးသရွေ့ အဆင်ပြေ နေဦးမှာပါ”ဟု ကိုညီညီနိုင်က မှိုင်လျက် ဆိုလိုက်လေသည်။

မြတ်(ကလေး)



FOLLOW US