News

05-Jan-2017

ဆရာ
ဆရာများ၏ ရင်ဖွင့်သံ (ဒီမိုကရေစီ စာသင်ခန်း)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းလုပ်ဆောင်မှုကို ဦးတည်သည့် ပညာရေးစနစ်အဖြစ် ပြောင်းလဲမည်ဟု ကင်းထောက်လှုပ်ရှားမှု ရာပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။ နိုင်ငံသားကောင်း အနာဂတ် ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးရမည့် စာသင်ခန်းများသည် အရေးကြီးသည့်နေရာ ဖြစ်ပါသည်။ စာသင်ခန်းများမှ အစပြု၍ မတူကွဲပြားမှုကို လက်ခံပြီး ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်မှုကို အားကောင်းစေသည့် အလေ့အကျင့်များ ထွန်းကားလာရေး၊ ပူးပေါင်းလုပ်ဆောင်မှုကို ဦးတည်သည့် အလေ့အကျင့်များ ပျိုးထောင်ပေးရမည် ဖြစ်သည်။ ငြိမ်းချမ်းသည့် လူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေးသည်လည်း စာသင်ခန်းများနှင့် ဆက်စပ်နေပါသည်။ ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ စာသင်ခန်းများ မည်သည့်အတိုင်းအတာအထိ အရေးကြီးသည်ကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် ဆရာများ၏ သဘောထား အမြင်များကို The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“လူမျိုးရေးအမြင် မကျေလည်မှုတွေကို စာသင်ခန်းထဲကနေ လျော့ကျသွားစေတယ်”
ဒေါက်တာအာကာမိုးသူ (ဒဂုံတက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန၊ ကထိက)

ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ စာသင်ခန်းတွေကတော့ အခြေခံအုတ်မြစ် ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် စာသင်ခန်းတွေထဲမှာ မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ ယဉ်ကျေးမှု ရှိရမယ်။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဘာသာ၊ စာပေ၊ စကားတွေ မတူကွဲပြားမှုကို လက်ခံနိုင်တဲ့ ယဉ်ကျေးမှု ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ပေးရမယ်လို့ ယုံကြည်တယ်။ အနောက်နိုင်ငံတွေမှာ ယူဆထားတာက သင်ရိုးတစ်ခု ဆွဲလိုက်ပြီဆိုရင် နောက်မှာ ကျောင်းသား၊ ကျောင်းသူတွေ ဘာပြုစုပျိုးထောင်ပေးမလဲ ဆိုတာ ပါတယ်။ သူက Knowledge Based ဆိုတဲ့ စကားလုံးကို မသုံးဘူး။ Skillful Based ဆိုတာကို သွားတယ်။ ဘယ်လောက်တတ်ကျွမ်းရမယ်၊ ဘယ်လောက်ထိ နားလည်ရမယ်၊ ဘယ်လောက်ထိ ကျင့်သုံးရမယ်ဆိုတဲ့ အချက်အလက်တွေကို ထည့်သွင်းထားတာ တော်တော်များများ သွားတွေ့ရတယ်။ 

အဲဒီလို ထည့်သွင်းထားတဲ့အခါ ဥပမာ- သမိုင်းဆိုင်ရာ သင်ရိုးတစ်ခုဆိုရင် သမိုင်းတစ်ခုက လူမျိုးရေး တစ်ခုအပေါ် အခြေခံတာ မဟုတ်ဘူး။ တစ်ယောက်ယောက်ကနေ ရေးထားတာ မဟုတ်ဘူး။ အနောက်နိုင်ငံမှာကျတော့ သမိုင်းရေးတဲ့သူမှာ ဘက်လိုက်မှု ဘယ်လောက်ရှိသလဲ။ သမိုင်းရေးတဲ့အခါ လူတစ်ယောက်တည်းကနေ မူပိုင်မဟုတ်ဘူးဆိုတဲ့ သဘောတရားတွေအကြောင်း သမိုင်းနောက်ဆက်တွဲတွေကို သင်ကြားတဲ့ သင်ခန်းစာမျိုးတွေကို နောက်က သင်ကြားနည်းစနစ်နဲ့ သွားတယ်။ အဲဒီလိုဆိုရင် လူမျိုးရေးအမြင် မကျေလည်မှုတွေကို စာသင်ခန်းထဲကနေ လျော့ကျသွားစေတယ်။ 

အခုဟာ ကျွန်တော်တို့ စာသင်ခန်းတွေကို ကြည့်ပြီဆိုရင် စာသင်ခန်းထဲက သင်ရိုးမာတိကာတွေ ကြည့်ရင် မြန်မာစာသင်ရိုးဖြစ်ဖြစ်၊ သမိုင်းသင်ရိုးပဲဖြစ်ဖြစ် အဲဒီသင်ရိုးတွေက Fact and Figure တွေပဲ ရှိတယ်။ အဲဒီနောက်မှာ ဆက်စပ်တွေးခေါ်တာမျိုး မရှိဘူး။ အဲဒီလိုသွားတဲ့အခါ ဗမာလူမျိုးကြီးဝါဒကို သွားတာမျိုးဆန်တယ်။ အဲဒီအတွက်ကြောင့် လူမျိုးရေး အမြင်ကတော့ တခြားတိုင်းရင်းသားတွေက လူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး အမြင်မျိုး ဖြစ်ပေါ်လာစေတယ်။ မျှတသော သင်ရိုးညွှန်းတမ်းဖြစ်ဖို့ လိုတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ယဉ်ကျေးမှုတွေ အပြန်အလှန် လေးစားမှုတွေဖြစ်ဖို့ လိုတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ 

“လမ်းလွဲထိန်းချုပ်နေမှုတွေ စာသင်ခန်းထဲမှာ ရှိနေပါသေးတယ်”
ဦးအောင်ကျော်သူ (သက္ကလ အထက်တန်းကျောင်း၊ အထက်တန်း အင်္ဂလိပ်စာပြဆရာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)

ကျောင်းသားများအတွက် ဒီမိုကရေစီဆိုတဲ့ စကားလုံး၊ ဒီမိုကရေစီဆိုတာ နားလည်မှု၊ လေ့ကျင့်ပေးမှုက ပြင်ပလောကအတွက် အရေးကြီးပါတယ်။ စာသင်ကြားရေးမှာလည်း လိုအပ်ပါတယ်။ မိမိအမြင် ဆွေးနွေးမှု၊ မေးမြန်းမှု၊ ပြောဆိုမှုများက ဒီမိုကရေစီ စံနှုန်းတွေပါ။ လွတ်လပ်တယ် ဆိုတာထက် အကြောင်းအရာတစ်ခုကို ဆက်စပ်တွေးခေါ် အကြောင်းပြချက်၊ ပေးထားချက်များအပေါ် မှန်ကန်တဲ့ အယူအဆ အတွေးအခေါ်ကို ပြောဆိုခြင်းပါ။ 

နောက် ကျောင်းစည်းကမ်း၊ အတန်းစည်းကမ်း လိုက်နာနေထိုင်မှုကလည်း ဒီမိုကရေစီစံနှုန်း တစ်ခုပါ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ ဆိုသလို သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းများကို နားလည်လိုက်နာ နေထိုင်မှုက ကျောင်းသားတိုင်း၊ နိုင်ငံသားတိုင်း အဓိကကျတဲ့ အရာပါ။ ဥပဒေ စည်းကမ်းအတိုင်း ဘယ်အရာမဆို လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ တင်ပြခွင့် ရှိတာကို နားလည်အောင် လေ့ကျင့်သင်ကြားပေးရမှာ ဆရာ၊ ဆရာမများပါ။ ဒါပေမဲ့ ယနေ့အထိ ငယ်ရွယ်စဉ် ကလေးဘဝ ကတည်းက အကြောက်တရားနဲ့ စည်းမျဉ်းစည်းကမ်းများစွာနဲ့ လမ်းလွဲထိန်းချုပ်နေမှုတွေ စာသင်ခန်းထဲမှာ ရှိနေပါသေးတယ်။ 

စာဆိုရင် လက်ပိုက်၊ စာသင်နေတုန်း လက်ပိုက်၊ ဆရာ၊ ဆရာမများကို ပြန်မေးခွင့်မပေး၊ ငါပြောတာလုပ်၊ ငါခိုင်းတာလုပ် ကျောင်းပျက်တာနဲ့ အမေးအမြန်းမရှိ တင်ပြခွင့်၊ ဘာကြောင့် ကျောင်းပျက်ရကြောင်း တင်ပြခွင့်မရှိ။ စာမရဘူး၊ စာမလုပ်လာဘူး၊ စာအုပ်မဝယ်နိုင်၊ မဝယ်ရသေးလို့ စာမရေးလာခြင်းကို မပြောရဲ။ အရိုက်ခံ။ အမေက မသွားနဲ့ ဝိုင်းလုပ်ပါဆိုလို့ ကျောင်းပျက်ရကြောင်း မပြောရဲ။ ပြောပြလည်းမရ။ ဒါတွေက တကယ်ဖြစ်တတ်တဲ့ သဘော၊ သဘောဝတွေပါ။ အဲဒီ ဆိုးကျိုးက ဆရာ၊ ဆရာမကို လိမ်ညာပြောဆိုမှု၊ မသမာမှုများ စတင်ကိန်းအောင်းစေပါတယ်။ ဒီမိုကရေစီကျကျ ကျောင်းသားများ တင်ပြခွင့်၊ ပြောပြခွင့်များပေးပြီး လေ့ကျင့်ပေးသင့်တာပါ။ ဒါကြောင့် စာသင်ခန်းတွေထဲက ဆရာ၊ ဆရာမများက ကျောင်းသားများကို ဒီမိုကရေစီကျကျ ထိန်းကျောင်းလေ့ကျင့် ပညာပေးသင့်ပါတယ်။                                                             
“စာသင်ခန်းတွေထဲကနေ စရပါလိမ့်မယ်”
ဒေါ်သူသူမာ (Democratic Education Corner တည်ထောင်သူ၊ Thinking Classroom Foundation သင်တန်းနည်းပြ)

ကျွန်မတို့နိုင်ငံက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ စာသင်ခန်းတွေမှာ ဒီမိုကရေစီ အလေ့အကျင့်တွေ ထွန်းကားအောင် လုပ်ပေးခြင်းဟာ ပဋိပက္ခ ဖြေရှင်းရေးနည်းလမ်း တစ်ခုလည်း ဖြစ်တယ်။ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာကိုလည်း တွန်းအားပေးတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို စတင်တည်ဆောက်ခြင်း ဆိုတာကို ကျွန်မတို့ လက်ခံကြပါတယ်။ အဲဒီအတွက် ငြိမ်းချမ်းတဲ့ ပညာရေး ဆိုတာကို ဘယ်လိုလုပ်ကြမလဲဆိုတော့ စာသင်ခန်းထဲကနေ စတင်လေ့ကျင့်ကြဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တကယ်တမ်း တိုင်းပြည်က ဖက်ဒရယ်သွားဖို့ ဆုံးဖြတ်ဆွေးနွေးနေကြတဲ့ ကာလလည်း ဖြစ်တယ်။ ကာလကတော့ မူလကတည်းက ၈၈ နောက်ပိုင်း ကတည်းက ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုတွေနဲ့အတူ ဖက်ဒရယ်က တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ ဖက်ဒရယ်မူကတော့ ပါလာပြီးသားပါ။ ဒါက နိုင်ငံရေးအရပါ။  

အဲဒီအပေါ် အခြေခံတဲ့ နိုင်ငံရေးဆိုင်ရာ ပညာရေး စဉ်းစားချက်တွေ စဉ်းစားကြတဲ့အခါ အရင်ကာလကတော့ ပညာရေးစနစ် တစ်ခုလုံး၊ မူဝါဒတွေ အားလုံးကို လွှမ်းခြုံတဲ့ ပညာရေး အပြောင်းအလဲလုပ်ဖို့ အခက်အခဲဖြစ်တဲ့ အချိန်မှာကတည်းက ကျွန်မတို့ စဉ်းစားခဲ့တာက ဆရာတွေဟာ ကျောင်းသားတွေကို စာသင်ခန်းကနေ တစ်ဆင့် သဘောတရားကို အများကြီး လေ့ကျင့်ပေးနိုင်တယ်။ ဆိုလိုချင်တာက ကျွန်မတို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတာ၊ မတူကွဲပြားမှုတွေ ကြားထဲမှာ ညှိနှိုင်းပြီး နေထိုင်တတ်တာ၊ ပြဿနာ ဖြေရှင်းရေးဆိုင်ရာ ညှိနှိုင်းတတ်တဲ့ စွမ်းရည်တို့၊ လူမှုရေး တရားမျှတမှု၊ လွတ်လပ်ခွင့် ဆိုတာကို ဒီအယူအဆကို သွားရမှာပါ။ မတူကွဲပြားမှုတွေ ရှိတဲ့ တိုင်းပြည်မှာ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ ဆိုရင် အခုနအချက်တွေအပေါ် အခြေခံတဲ့ စာသင်ခန်းတွေ ထူထောင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ 

အဲဒီအယူအဆမှာ ဒီမိုကရေစီ စာသင်ခန်းတွေ ထူထောင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ စာသင်ခန်း ဆိုတာ ဘာလဲဆိုတော့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ သဘောထားကွဲလွဲခွင့်၊ ညှိနှိုင်းခွင့်၊ ဖြေရှင်းခွင့်၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ခွင့်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှု၊ ပြဿနာကို ညှိနှိုင်းဖြေရှင်းတဲ့ စွမ်းရည် အရင်စာသင်ခန်းတွေက ကျွန်မတို့ မရခဲ့ကြဘူး။ အရင်စာသင်ခန်းတွေမှာ တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့က ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်း သင်ကြားနည်းအောက်မှာပဲ ပြဋ္ဌာန်းထားတဲ့ အရာတွေကိုပဲ အလွတ်ကျက်မှတ်ခဲ့ရတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့၊ ဒီမိုကရေစီ အလေ့အကျင့်ကို ဦးတည်တဲ့ တန်ဖိုးထားမှုကို ရောက်ဖို့ အလှမ်းကွာပါတယ်။ ဒီအတွက် အယူအဆတွေကို ပြောင်းလဲပြီးတော့ စာသင်ခန်းတွေကို လေ့ကျင့်ပေးခြင်းအားဖြင့်၊ စာသင်ခန်းတွေကနေ ဒီသဘောတရားကို နားလည်ခြင်းအားဖြင့် စာသင်ခန်းတွေကနေ ရပ်ရွာ၊ ရပ်ရွာကနေ လူမှုဝန်းကျင်နဲ့ တဖြည်းဖြည်း လူမှုအဖွဲ့အစည်းကို အများကြီး သက်ရောက်သွားပါမယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တန်ဖိုးထားမှုကို သွားမယ်ဆိုရင်တော့ ကျွန်မတို့ စာသင်ခန်းတွေထဲကနေ စရပါလိမ့်မယ်။ အဲဒါကို ဆရာတွေက ကူညီနိုင်စွမ်းရှိတဲ့ သူတွေပါ။                  
နေဇာကျော်



FOLLOW US