29-Dec-2016

ဆရာ
ဆရာများ၏ ရင်ဖွင့်သံ (သုတေသန)
အဆင့်မြင့်ပညာပိုင်းတွင် သုတေသနသည် ‘အသက်’ ဟု ပြောဆိုကြသည်။ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အရည်အသွေး ကောင်းမွန်သည့် သုတေသနများ ထွက်ပေါ်လာရေး ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အများစုတွင် ထည့်သွင်းပြောကြားလေ့ ရှိသည်။ သို့သော် စာတမ်းပြုစုခြင်း၊ သုတေသနပြုခြင်းတွင် စာအုပ်စာတမ်း၊ ဓာတ်ခွဲခန်းပစ္စည်း မလုံလောက်ခြင်းကြောင့် အခက်အခဲများ တွေ့ရသည်ကို ကြားရသည်။ နယ်အပြောင်းအရွှေ့ကြောင့် လုပ်လက်စ သုတေသန လုပ်ငန်းများ မပြီးမပြတ် ဖြစ်ရသည်ကိုလည်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းမှ ဆရာများက ပြောဆိုကြသည်။ ထိုသို့ အခြေအနေများနှင့် ပတ်သက်၍ ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။  

“အကူးအပြောင်းကာလမှာ အခက်အခဲတွေ အများကြီးရှိတယ်”
ဒေါက်တာဝင်းသာထွေး (ရူပဗေဒ ဘာသာရပ် ပါမောက္ခ၊ Spoon River College၊ အမေရိကန်ပြည်ထောင်စု)

သတ်မှတ်ထားတဲ့ CoE (Center of Excellence) တက္ကသိုလ်နှစ်ခု ထားထားတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ်ပေါ့။ အဲဒါကြီးက ဒီမှာ (မြန်မာနိုင်ငံ) ပါရဂူဘွဲ့တွေ ထုတ်ပေးနေပြီ။ ဘာကြောင့် CoE ပြောလဲဆိုရင် သူတို့မှာ သုတေသနနဲ့ သက်ဆိုင်ရာမှာ ကျွမ်းကျင်နေတာ။ တကယ်ကို ကောင်းနေတယ်။ သင်ကြားရေးနဲ့ ပတ်သက်ပြီး ကောင်းနေတယ်။ ပစ္စည်းပစ္စယလည်း ရှိတယ်။ ပညာရှင်လည်း ရှိတယ်။ သင်ကြားရေးလည်း ရှိတယ်။ ဒါကြောင့် CoE လို့ ခေါ်တယ်။ ဒါပေမဲ့ တကယ်တမ်း သွားကြည့်ပါ။ ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်တဲ့ ဆရာတွေ ရှိသလား၊ တကယ်ကောင်းမွန်အောင် လုပ်နိုင်တဲ့ သုတေသနတွေ ရှိသလား။ တကယ်ကောင်းမွန်အောင် လုပ်နိုင်တဲ့ ပစ္စည်းပစ္စယတွေ ရှိပြီလား။ အဲဒါကိုကြည့်ဖို့ လိုတယ်။ 

အခု ဘာဖြစ်လဲဆို (နယ်) အပြောင်းအရွှေ့လုပ်တော့ တချို့ဆရာ၊ ဆရာမတွေက တကယ်တမ်း လုပ်နေတဲ့ ဆရာ၊ ဆရာမတွေက အဆင့်မြင့်ပညာ ဦးစီးဌာနရဲ့ မူဝါဒအရ ပြောင်းသွားတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ တချို့နေရာတွေမှာ တကယ်လုပ်နိုင်တဲ့ ဆရာ၊ ဆရာမတွေ လွတ်သွားတာတွေ ရှိတယ်။ ကျွန်တော့် သဘောအရ ကောင်းမွန်တယ်ဆိုတဲ့ နေရာမှာ သုတေသန တကယ်လုပ်နိုင်တဲ့ ဆရာတွေ၊ သင်ကြားရေး တကယ်ကောင်းတဲ့ ဆရာတွေ၊ တကယ်ကောင်းတဲ့ ပစ္စည်းပစ္စယတွေ ရှိတဲ့ ဌာနကြီး ဖြစ်စေချင်တယ်။ ဒါက သိပ်အရေးကြီးတယ်။ အခုသွားကြည့်ရင် ပြောင်းတာ၊ ရွှေ့တာလုပ်တော့ တချို့သုတေသန လုပ်ရင်းစွဲကနေ ပြောင်းသွားရတဲ့ ဆရာ၊ ဆရာမတွေဆိုရင် အကုန်ပျက်သွားတာ။ အဲဒီအခါကျရင်လည်း ဒီတိုင်းရပ်ထားမှာလား။ ရပ်ထားလို့ မရဘူး။ အဲဒီဆရာ၊ ဆရာမတွေ ပြန်ခေါ်ရမယ်။ အချိန်ပိုင်းဖြစ်ဖြစ်။ အဲဒါဆိုရင် နည်းနည်းအဆင်ပြေမယ်။ 

ကျောင်းတွေက သူ့ကိုယ်ပိုင် မူဝါဒတွေ ထွက်လာရင် ဒီကျောင်းမှာ ဒီဆရာထားဆိုတာ ဖြစ်လာမှာပါ။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သူတို့လုပ်တော့ လုပ်နေတယ်။ လုပ်ပေမယ့် ဘယ်ကိစ္စမဆို အကူးအပြောင်းကာလမှာ အခက်အခဲတော့ ကြုံတာပဲ။ ဒီအခက်အခဲ ကြုံတာတွေကို ဘယ်လောက်ထိ ကြာကြာခံနိုင်မလဲ။ ဘယ်လောက်ထိ လျင်လျင်မြန်မြန် ဖြေရှင်းနိုင်မလဲဆိုတာ မူတည်တယ်။ အဆင့်မြင့်ပညာ (ဦးစီးဌာန) ကသိတော့ သိပါတယ်။ ဒါပေမဲ့လည်း ခုနပြောသလို အကူးအပြောင်း ကာလမှာ အခက်အခဲတွေ အများကြီးရှိတယ်။                                                         
“တိုင်းပြည်အတွက် လုပ်နေတာလို့  ကျွန်တော်က ပြောချင်ပါတယ်”
ဦးလှိုင်တင့် (လက်ထောက်ကထိက၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)

အခု ကျွန်တော်တို့ သုတေသနလုပ်တယ် ဆိုတာက စာသင်တဲ့ သင်ကြားရေးဘက်ကို အထောက်အကူ ဖြစ်စေမယ့် လုပ်ငန်းတစ်ခုပါပဲ။ ဒါက ကျွန်တော်တို့ တွဲလုပ်ရမယ့် လုပ်ငန်းတစ်ခုပါ။ နောက်တစ်ခုက တွဲလုပ်ရမယ့်လုပ်ငန်းက ပါရဂူဘွဲ့ ဖြစ်နေတာမှ မဟုတ်ဘူး။ တခြားသီးခြားဌာနတွင်း သုတေသနလုပ်ငန်းမှာ တစ်ဦးချင်းစီသော် လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း ရှိပါတယ်။ သို့သော် နယ်ကိုပါ သွားပြီဆိုတဲ့အခါမှာ လုပ်လက်စ တန်းလန်းတွေ ဆက်လုပ်ဖို့ အခက်အခဲ ရှိပါတယ်။ ပါရဂူဘွဲ့တက်နေတဲ့ ဆရာ၊ ဆရာမတွေ ဆိုရင်လည်း နယ်တွေရောက်သွားတဲ့အခါ ကျန်တဲ့နှစ်ပိုင် မှာဆိုရင် နောက်ဆုံးနှစ် ကျွန်တော်တို့ အခေါ်အရတော့ ၄ ပါလို့ ခေါ်တာပေါ့။ ပါရဂူဘွဲ့ သင်တန်းဆရာ၊ ဆရာမတွေဆိုရင် ပိုပြီးအခက်အခဲ တွေ့ပါတယ်။ တက်ရတာက ရန်ကုန်တက္ကသိုလ်မှာ။ ရောက်နေတာက ထားဝယ် ဖြစ်ကောင်းဖြစ်မယ်။ မြစ်ကြီးနား ဖြစ်ကောင်းဖြစ်မယ်။ သူက ခွင့်နဲ့ပြန်လာပြီးတော့မှ လုပ်မှရတယ်။ အဲလိုခွင့်နဲ့ ပြန်လာဖို့ ဆိုတာလည်း သက်ဆိုင်ရာ ဌာနမှူးနဲ့ သက်ဆိုင်ရာ တက္ကသိုလ်က ခွင့်ပြုမှသာလျှင် ပြန်လာလို့ရတယ်။ လုပ်လို့ရတယ်။ အဲဒီပြဿနာ ရှိတော့ နယ်ပြောင်းကိစ္စက ကျွန်တော်တို့ အထူးသဖြင့်ကတော့ သုတေသန လုပ်နေတဲ့သူတွေ၊ ရာထူးတိုးတာပဲဖြစ်ဖြစ် သုတေသန လုပ်နေတဲ့ သူတွေကို အဓိက ဦးစားပေး စဉ်းစားပြီးတော့မှ ပြောင်းရွှေ့သင့်တယ်လို့ မြင်ပါတယ်။ 

အဲဒီလို မဟုတ်ရင် သူ့ရဲ့လုပ်ငန်းကို ထိခိုက်မှု ရှိပြီးတော့ ဌာနတွင်း လုပ်နေတဲ့ သုတေသန လုပ်ငန်းတွေလည်း ရှိတယ်။ အဲဒါတွေလည်း ထိခိုက်မှု ရှိစေတယ်။ သို့သော် ပညာရေး ဝန်ကြီးဌာန အနေနဲ့က ဒီသုတေသန လုပ်ငန်းတွေက ကိုယ့်အတွက် လုပ်တာဆိုတဲ့ အမြင်တစ်ချက် ရှိတယ်ဗျ။ အဲဒါတစ်ချက်ကိုတော့ ကျွန်တော် ပြောချင်တယ်။ ပါရဂူဘွဲ့သင်တန်း တက်တယ်၊ သုတေသနလုပ်တယ် ဆိုတာက ကိုယ့်အတွက် ကိုယ်လုပ်တာဆိုတဲ့ အမြင်မျိုးနဲ့ ဆရာ၊ ဆရာမတွေအပေါ် ချဉ်းကပ်တာ တွေ့ရတယ်။ ဒါလည်း မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်တယ်။ 

နောက်တစ်ခုက နိုင်ငံခြားမှာ သွားပြီးတော့ ပညာသင်ဆု ရသွားတဲ့ သူတွေပေါ့။ ကျွန်တော်တို့ ဌာနမှာ ဆိုရင်လည်း ဂျပန်၊ စင်ကာပူမှာ သုတေသနအတွက် သွားနေတဲ့ ဆရာ၊ ဆရာမတွေ ရှိတယ်။ အဲဒါလိုသွားတာကိုလည်း ကိုယ့်အတွက် ကိုယ်လုပ်တယ်ဆိုတာ မြင်တာမျိုးပေါ့။ ဟိုတစ်လောက အဆင့်မြင့်ပညာ ဦးစီးဌာနကနေ စာထွက်လာပါတယ်။ နိုင်ငံခြားကနေဖိတ်တဲ့ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကိုတောင်မှ သူတို့ဖိတ်တိုင်း မသွားပါနဲ့ဆိုတဲ့ စာလေး ထွက်လာပါတယ်။ ဒါက ပိုတောင်မှ မဖြစ်သင့်တဲ့ အနေအထားမျိုးပါ။ ဆိုတော့ ဒီလိုအနေအထားမျိုးတွေမှာ နယ်ကို ရောက်သွားတဲ့သူဆို ပိုတောင်ဆိုးတာပေါ့ဗျာ။ ဒီအမြင်လေးနဲ့ ဆရာ၊ ဆရာမတွေအပေါ်မှာ သုတေသနလုပ်နေတဲ့ ဆရာ၊ ဆရာမများသည် သူ့အတွက် သူလုပ်တယ် ဆိုတာထက် သင်ကြားရေးအတွက်၊ တက္ကသိုလ်အတွက်၊ တိုင်းပြည်အတွက် လုပ်နေတာလို့ ကျွန်တော်က ပြောချင်ပါတယ်။          
             
“ဌာနမှူးက ပြန်မလွှတ်တာ မဟုတ်ဘူး။ ပြန်လွှတ်လို့ အဆင်မပြေတာ”
ဒေါ်ယဉ်မာအေး (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ ဒဂုံတက္ကသိုလ်)

ကျွန်တော် ထင်တာကတော့ နယ်ကြောင့်တော့ မဟုတ်ဘူး။ မြန်မာစာသမားဆိုရင် နယ်တွေမှာလည်း စာအုပ်ရှိရင် အဆင်ပြေတယ်။ စာကြည့်တိုက်ကောင်းကောင်းတစ်ခု မရှိဘဲနဲ့ အဆင်မပြေဘူး။ ရန်ကုန်မှာလည်း သုတေသနက ဆက်လုပ်ဖို့အဆင်ပြေတယ် ပြောရအောင် ဆရာ၊ ဆရာမ တစ်ယောက် အနေနဲ့ စနေ၊ တနင်္ဂနွေ စာကြည့်တိုက် မဖွင့်လို့ကတော့ သုတေသနလုပ်ဖို့ အဆင်မပြေဘူး။ နယ်မှာ အထူးသဖြင့် သိပ္ပံတွဲတွေဆိုရင် အဆိုးဆုံးပဲ။ လက်တွေ့အသုံးပြုဖို့ ပစ္စည်း ဘာမှမရှိဘူး။ ဓာတ်ခွဲခန်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ မရှိဘူး။ မရှိတော့ ဆက်လုပ်ဖို့ ခဲယဉ်းတယ်။ မန္တလေးလို၊ ရန်ကုန်လိုမျိုး ဓာတ်ခွဲခန်းတွေကို ပို့မယ်။ အဲဒါဆိုရင် တစ်ဆင့်ပိုရတဲ့ ကုန်ကျစရိတ်တွေပေါ့။ 

သုတေသနက လုပ်နေကြပါတယ်။ ကိုယ်ရဲ့ ပါရဂူဘွဲ့အတွက် လုပ်တာ ရှိတယ်။ ဌာနကိစ္စတွေ လုပ်တာရှိတယ်။ အဲဒီလို လုပ်နေတာတွေ ရှိကြတယ်။ ဒါပေမဲ့ စာဖတ်ဖို့ အချိန်မပေးနိုင်ရင်တော့ ဘယ်လိုမှ သုတေသနလုပ်လို့ မရဘူး။ နယ်မှာပဲဖြစ်ဖြစ်၊ ရန်ကုန်မှာဖြစ်ဖြစ်၊ မန္တလေးမှာဖြစ်ဖြစ် လုပ်ဖို့ အဆင်ကို မပြေတာ။ ဒါက ကျွန်မအမြင်ပါ။ နောက်ပြီးတော့ နယ်တွေမှာဆိုရင် ကျွန်မ မြစ်ကြီးနားက ပြောင်းလာတာပါ။ ကျောင်းရဲ့စာကြည့်တိုက် တစ်တိုက်လုံးသည် ဌာနရဲ့ စာအုပ်လောက်ကို မစုံတာ။ မြန်မာစာသမားသည် စာအုပ်မရှိတဲ့အတွက် ဘာမှလုပ်လို့ မရဘူး။ 

သက်ဆိုင်ရာ ဌာနမှူးတွေကိုလည်း အဆင့်ဆင့် ခွင့်တင်ရတယ်။ ဌာနမှူးက ပြန်မလွှတ်တာ မဟုတ်ဘူး။ ပြန်လွှတ်လို့ အဆင်မပြေတာ။ သူက Ph.D အတွက် သုတေသန လုပ်နေတဲ့ ဆရာမတစ်ယောက်က ဘယ်လိုပြောလဲဆိုတော့ အဲဒီတက္ကသိုလ်မှာ ဆရာ၊ ဆရာမ အင်အား မလုံလောက်ဘူး။ မလုံလောက်တဲ့အတွက် ရုတ်တရက် ဆရာ၊ ဆရာမကို ခွင့်ပေးဖို့ ခက်တယ်။ ခွင့်ပေးဖို့ခက်လို့ ဆရာမတွေဘက်ကလည်း သုတေသနက လုပ်ရင်းတန်းလန်း။ ကျောင်းဘက်ကလည်း တစ်မျိုးဆိုတော့ အဆင်မပြေကြဘူး။ ဘာလို့အဆင်မပြေတာလဲ သုတေသနတစ်ခု လုပ်ကြမယ်။ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်က သုံးသိန်းလောက် ကုန်တယ်။ စာအုပ်ဖိုး၊ စာရွက်စာတမ်းကြေး၊ သုတေသနလုပ်တဲ့ ခရီးစရိတ် မပါဘူး။ ကျောင်းက ခိုင်းတဲ့ သုတေသနကို ပြောတာပါ။ Ph.D အတွက် သုတေသနကတော့ ကိုယ့်ဟာကိုယ် စိုက်ထုတ်၊ ကိုယ့်ဟာကိုယ်လုပ်။ အဲဒါပြဿနာ မရှိပါဘူး။ ခရီးစရိတ်သည် ကိုယ့်အိတ်ထဲက စိုက်ထုတ်။ ဒေသိယကို ကွင်းဆင်းတယ်ဆိုရင် ကိုယ့်အိတ်ထဲက စိုက်ထုတ်ရတယ်။ ဥပမာ- ယောဒေသိယ လေ့လာချင်တယ်ဆိုရင် ဆရာမတွေသည် ကိုယ့်အိတ်ထဲ စိုက်ထုတ်ပြီး ယောဒေသိယကို သွားလေ့လာ။ နိုင်ငံတော်က ခိုင်းတာတောင် အဲဒီလို အခက်အခဲ ရှိပါတယ်။ မြန်မာပြည်ကတော့ စာလည်းသင်ရမယ်။ သုတေသနလည်း လုပ်ရမယ်။ သုတေသန မလုပ်ရင်လည်း ရာထူးမတိုးဘူး။ 

ဝန်ကြီးဌာနကနေ ချပေးတဲ့ ပရောဂျက်တွေမှာဆိုရင် တချို့သိပ္ပံတွေ များတယ်။ မြန်မာစာတွေအတွက်တော့ သိပ်ပြဿနာ မရှိဘူး။ သိပ္ပံတွဲတွေမှာဆိုရင် ဘူမိလိုဆိုရင် တောင်တက်တာ၊ ကွင်းဆင်းတာ၊ ဒါကိုဓာတ်ခွဲတာ၊ ဓာတ်ခွဲခန်းစရိတ်တွေ၊ ဓာတ်ခွဲခန်းကိုသွားဖို့ ခရီးစရိတ် အဲဒါမပါဘူး။ ဒါတော့ သူငယ်ချင်း ဆရာ၊ ဆရာမတွေဆီက ပြန်ကြားရတာပါ။ 

ကျွန်မအမြင် နယ်မှာဖြစ်ဖြစ်၊ မြို့ကြီးမှာဖြစ်ဖြစ် စာကြည့်တိုက်မှာဆိုရင် စာကြည့်တိုက် အလုံအလောက်၊ ဓာတ်ခွဲခန်းမှာဆိုရင် ဓာတ်ခွဲခန်းပစ္စည်း အလုံအလောက် ထည့်ပေးနိုင်ရင် နယ်မှာလည်း လုပ်ရတာ အဆင်ပြေမယ်။ မြို့ ကြီးမှာလုပ်ရလည်း အဆင်ပြေတယ်။ ကျွန်မ ရန်ကုန်မှာ ရှိတယ်။ Ph.D စာတမ်းအတွက် စနေ၊ တနင်္ဂနွေ စာကြည့်တိုက် မဖွင့်ရင် လုပ်လို့မရဘူး။ ကျွန်မ စာအုပ်ရှာတာသည် စနေ၊ တနင်္ဂနွေပဲ ရှာလို့ရမယ်လေ။ အမျိုးသားစာကြည့်တိုက်သည် စနေ၊ တနင်္ဂနွေဆို မဖွင့်ဘူး။ ကျွန်မတို့ မနက် ၈နာရီ ၄၅ မိနစ်ကနေ အတန်းဝင်လိုက်တာ ညနေ ၃ နာရီအထိ။ အဲဒီအတွက် အချိန်တွေကလည်း ဆရာမတွေအတွက် အမြဲတမ်း ပြည့်နေတယ်။ နိုင်ငံခြားမှာလို သင်ကြားရေးဆို သင်ကြားရေး၊ သုတေသနဆို သုတေသန ခွဲမပေးတဲ့အတွက် အဆင်မပြေတာ။ ဒါက ကျွန်မအမြင်ပါ။ စာကြည့်တိုက်တွေ အားကောင်းလာရင် အဆင်ပြေမယ်။ ဆရာအင်အား မလုံလောက်ရင် အဆင်မပြေဘူး။ နယ်တက္ကသိုလ်တွေမှာ ဆရာအင်အားများရင် ခွင့်ပေးနိုင်ရင် ကျွန်မတို့ ဖြောင့်ဖြောင့်သုတေသန လုပ်နိုင်မယ်။                     

နေဇာကျော်



FOLLOW US