27-Dec-2016

ဆရာ
ဗဟိုအဆင့် ထူးချွန်ဆရာဆု အပြီးသတ်ရွေးချယ် ဆုချီးမြှင့်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းတို့ ပူးပေါင်းချီးမြှင့်သည့် တတိယအကြိမ် ဗဟိုအဆင့် ထူးချွန်ဆရာဆု ရရှိသူများကို အပြီးသတ် ရွေးချယ်ပြီး ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) က ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ဆုချီးမြှင့်ခဲ့ကြောင်း ထူးချွန်ဆရာဆု တတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီထံမှ သိရှိရသည်။

ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ခြင်းကို ဆရာများ၏ အရည်အသွေးမြှင့်တင်ရေး ရည်ရွယ်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကတည်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တတိယအကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးကော်မတီထံမှ သိရှိရသည်။

ဗဟိုအဆင့် အထက်တန်းပြ ထူးချွန်ဆရာ ပထမဆုကို စစ်ကိုင်တိုင်းဒေသကြီး၊ မြင်းမူမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဒေါ်မာမာအေး၊ ဒုတိယဆုကို ပဲခူးတိုင်း အနောက်ပိုင်း ပေါင်းတည်မြို့နယ်၊ အထက (ရှားပေါင်) မှ ဦးဖြိုးဝေအောင်၊ တတိယဆုကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းမှ ဒေါ်ဆုဝေလင်းက ရရှိခဲ့သည်။

ဗဟိုအဆင့် အလယ်တန်းပြ ထူးချွန်ဆရာ ပထမဆုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ပန်းမှ ဒေါ်မြတ်မြတ်မိုး၊ ဒုတိယဆုကို နေပြည်တော်၊ တပ်ကုန်း၊ အထက(ခွဲ) ဗိုလ်မင်းရောင်ကျောင်းမှ ဒေါ်တာတာအောင်၊ တတိယဆုကို ပဲခူးတိုင်း အနောက်ပိုင်း နတ်တလင်းမြို့နယ်၊ အမက (လက်ပံပင်) မှ ဦးသန်းထွဋ်က ရရှိခဲ့သည်။

ဗဟိုအဆင့် မူလတန်းပြ ထူးချွန်ဆရာ ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ဒေါ်ရီဆွေအောင်၊ ဒုတိယဆုကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အထက (ဆန်ဆိုင်း) မှ ဒေါ်ခင်ဘုန်းမင်း၊ တတိယဆုကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထကမှ ဒေါ်ခိုင်စုစုထွန်းက ရရှိခဲ့သည်။

ဗဟိုအဆင့် ထူးချွန်ဆရာ ပထမဆုကို ကျပ်သိန်းလေးဆယ်၊ ဒုတိယဆုကို ကျပ်သိန်းနှစ်ဆယ်၊ တတိယဆုကို ကျပ်ဆယ်သိန်းချီးမြှင့်ခဲ့ကြောင်း ထူးချွန်ဆရာဆု တတိယအကြိမ် ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီထံမှ သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပထမဆု ရရှိပြီးသူများ ဖြစ်ပြီး ဗဟိုအဆင့် ထူးချွန်ဆရာဆု ယှဉ်ပြိုင်ရန် ရန်ကုန်မြို့သို့ လာရောက်ပြီး အထက(၁) ကမာရွတ်၊ ရန်ကင်းပညာရေးကောလိပ်နှင့် သင်္ဃန်းကျွန်း ပညာရေးကောလိပ်တွင် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်ကြာ ရေးဖြေ၊ လူတွေ့ နှုတ်ဖြေ၊ လက်တွေ့တန်းပြများ ပြုလုပ်ယှဉ်ပြိုင်ကြရကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

ဓာတ်ပုံ - နေဇာကျော်



FOLLOW US