News

15-Dec-2016

ဆရာ
ဆရာများ၏ ရင်ဖွင့်သံ (KG အောင်မြင်ရဲ့လား)
ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာကျောင်း စဖွင့်ခဲ့သည်မှာ နှစ်ဝက်ကျော်လွန်ပြီ ဖြစ်သည်။ အတန်းတင် စာမေးပွဲ ဖြေဆိုချိန်ပင် တဖြည်းဖြည်း နီးလာပြီ ဖြစ်သည်။ ယခုပညာသင်နှစ်မှ စတင်ပြောင်းလဲလိုက်သည့် သူငယ်တန်း (KG) သင်ရိုးသစ်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခြေအနေမှာလည်း အထိုက်အလိုက် တိုးတက်လာပြီ ဖြစ်သည်။ အခြေခံအကျဆုံး ဖြစ်သည့် လက်ကိုစင်အောင် ဆေးခြင်း၊ မုန့်ဝေရာတွင် တန်းစီတတ်ခြင်း အမူအကျင့်များ သိသိသာသာ တွေ့ရသည်။ ထို့ကြောင့် KG သင်ကြားမှုနှင့် ပတ်သက်၍ တွေ့ကြုံနေရသည့် အခြေအနေများ၊ အခက်အခဲများနှင့် ပတ်သက်၍ ဆရာများ၏ အတွေ့အကြုံ၊ အကြံပြုချက်များကို စုစည်း၍ ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“အရင်သင်ရိုးဟောင်းကို သင်ယူခဲ့တဲ့ ကလေးတွေထက် ပြောရဲဆိုရဲနဲ့ သတ္တိရှိလာပါတယ်”
ဒေါ်နီလာဝင်း (အထက ၃၅ KG သင်ဆရာမ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး)

KG က ကျွန်မတို့ရဲ့ မျှော်လင့်ချက်ပါ။ ကျွန်မတို့ ဂုဏ်သိက္ခာတွေ KG+12 သင်ရိုးစနစ်မှာ အဖတ်ဆည်နိုင်တော့မယ် ဆိုပြီးပေါ့။ KG သင်ရိုးဟာ ကလေးတွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအဆင့်နဲ့ လိုက်လျောညီတဲ့ သင်ယူမှုနယ်ပယ် (၆) ရပ်နဲ့ ဖွဲ့စည်းထားတဲ့ သင်ရိုးပါ။ လက်တွေ့ဘဝမှာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ သင်ကြားမှုစပြီ ဆိုကတည်းက ခုချိန်ထိ အကဲဖြတ်ကြည့်တော့ ကလေးလေးတွေဟာ အရင်သင်ရိုးဟောင်းကို သင်ယူခဲ့တဲ့ ကလေးတွေထက် ပြောရဲဆိုရဲနဲ့ သတ္တိရှိလာပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ သင်ယူဟန်ကို တွေ့ရပါတယ်။ ကျောင်းနေပျော်တာလည်း တွေ့ရပါတယ်။ စူးစမ်းလေ့လာမှုတွေကို ရဲရဲတင်းတင်း လုပ်လာကြပါတယ်။ သွက်လက်ဖျတ်လတ်တဲ့ ကလေးလေးတွေ ဖြစ်လာတာ အသေအချာပါပဲ။ ဒါပေမဲ့ သင်ခန်းစာ ရည်ရွယ်ချက် အလုံးစုံကို မပေါက်မြောက်ခဲ့ပါဘူး။ ပေါက်မြောက်မှု အားနည်းတာပါ။ ဒီအတွက် ကျွန်မတို့ ဘာတွေလိုအပ်သလဲ ဆိုတော့ အားလုံးသိတဲ့အတိုင်း ဆရာနဲ့ ကျောင်းသားအချိုး မမျှတာပါ။ နောက်ပြီးတော့ စာသင်ခန်း၊ သင်ထောက်ကူနဲ့ KG ဆက်စပ်ပစ္စည်းတွေပါ။ ကိုယ့်အခြေအနေနဲ့ အဆင်ပြေသလို သင်နေရပါတယ်။

ဆရာက ကလေးတွေနဲ့အတူ ပါဝင်လှုပ်ရှားပြီး သင်ယူမှုမှာ ပူးပေါင်းရတာ ဆိုတော့ ဆရာ၊ ကျောင်းသား အချိုးမမျှဘဲ လုံလောက်မှု မရှိရင် သင်ခန်းစာတွေ အားလုံး ပေါက်မြောက်စေဖို့ ခဲယဉ်းပါတယ်။ အထူးသဖြင့် အုပ်စုဖွဲ့ပြီး စနစ်တကျ လုပ်ဆောင်မှုတွေမှာ အားနည်းပါတယ်။ တစ်ခုဆို လုကြ ငြင်းကြခုံကြနဲ့ မနိုင်မနင်း ဖြစ်ကြရပါတယ်။ လွယ်အိတ်၊ ထမင်းဘူး၊ ဖိနပ် စတာတွေ စနစ်တကျ ထားတတ်လာပြီး အမှိုက်မြင် ကောက်တတ်လာတာ၊ အမှိုက်ပုံးထဲ ထည့်တတ်လာတာလေးတွေတော့ တိုးတက်လာပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သင်ရိုးရည်ရွယ်ချက်နဲ့ သင်ခန်းစာရဲ့ မျှော်မှန်းရလဒ်တွေ ရဖို့ကတော့ အားနည်းပါတယ်။ ဒါကလည်း စောစောက ပြောသလို လိုအပ်ချက်တွေ များနေလို့ပါ။ ကလေးတွေအတွက် ကိုယ်တိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းပေး စာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ KG Kits၊ ပုံပြင်စာအုပ် စတာတွေကို အသုံးပြု သင်ကြားရတာပါ။ ဆရာ၊ စာသင်ခန်းအပြင် ဒါတွေအားလုံး မလုံလောက်တာ များပါတယ်။ ကလေးအားလုံး သင်ယူမှု အခွင့်အရေး တစ်ပြေးညီ ရစေဖို့ ရည်ရွယ်တယ် ဆိုပေမယ့်လည်း မြို့ကျောင်း ၊နယ်ကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဆင်ခြေဖုံးကျောင်း၊ နယ်စွန်နယ်ဖျားကျောင်း၊ မြို့စွန်မြို့ဖျားကျောင်း စတဲ့ အခြေအနေအမျိုးမျိုးမှာ သင်ယူနိုင်မှု အခွင့်အလမ်းတွေကလည်း မတူညီ မမျှတပြန်ပါဘူး။

နောက်ပြီးတော့ သင်ရိုးအရ နိုဝင်ဘာလဆန်းကစပြီး ကလေးလေးတွေ လုပ်ဆောင်ရမယ့် လုပ်ငန်းပေး စာအုပ်တွေကို မပေးတော့တာကလည်း တော်တော်ဆိုးပါတယ်။ သင်ရိုးဟောင်းကို ပြန်လှည့်စေဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်နေပါတယ်လို့ ထင်ပါတယ်။ သင်ရိုးသစ်ကို စတင် အကောင်အထည်ဖော်မယ် ဆိုကတည်းက အဓိက လိုအပ်နေတဲ့ ဆရာ၊ စာသင်ခန်း၊ သင်ထောက်ကူ၊ KG ဆက်စပ်ပစ္စည်း၊ စာသင်ခန်း အခင်းအကျင်း လိုတာတွေ သိနေကြပြီး ဖြစ်မှာပါ။ ဒီလို အပ်ချက်တွေကို တစ်ပြိုင်တည်း မဖြည့်ဆည်းနိုင်တောင် ဘယ်နှစ် ဘယ်လောက်ပြည့်စေမယ် ဆိုပြီး စနစ်တကျ လျာထားဖြည့်ဆည်းသွားမယ့် လျာထားချက်တွေ ရှိနေသင့်တယ်လို့ ထင်မိပါတယ်။

မိဘတွေ ပူးပေါင်း ပါဝင်သင့်ကြောင်း သိစေဖို့ အရေးကြီးပါတယ်။ ကျွန်မကတော့ တစ်လတစ်ခါလောက် ခေါ်တွေ့ပြီး သင်ရိုးသစ်ကို ရှင်းပြ၊ ကလေးရလဒ်ကို ပြောပြပေမယ့် သူတို့ ရုန်းကန်ရပ်တည်နေရတဲ့ အခြေအနေ အမျိုးမျိုးကြောင့် ပူးပေါင်းပါဝင်ဖို့နဲ့၊ စေ့စေ့ငှငှ နားလည်သဘောပေါက်ဖို့ အားနည်းပါတယ်။ နောက်တစ်ခု သူတို့တွေးတာက ဒီစနစ် ဆက်မသွားဘဲ ပြန်ပြောင်းသွားရင် တို့သားသမီးတွေ စာရေးစာဖတ် နောက်ကျတာ အဖတ်တင်မယ်ဆိုတဲ့ အတွေးရှိနေတာပါ။ ကျောင်းအပြန် ကျောင်းကဆရာ၊ ဆရာမကိုပဲဖြစ်စေ၊ အပြင်ကဆရာ၊ ဆရာမကိုပဲဖြစ်စေ သင်တဲ့ဆီမှာ ကျူရှင်ထားတော့တာပါပဲ။ ဒါဟာ သင်ရိုးသစ်ရဲ့ ပေါ့ပါးလွတ်လပ်စွာ သင်ယူစေလိုမှုနဲ့ ဗီဇ၊ ပါရမီ၊ အရင်းအမြစ်ကို နှိုးဆွဖော်ထုတ်သင်ယူစေတာရယ် ကလေးလေးတွေရဲ့ အားသာချက်ဖြစ်တဲ့ ကစားခြင်းကနေ သင်ယူစေတာတွေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်စေတာပဲ။ သင်ရိုးဟောင်းကိုပဲ ဦးတည်ပြီး သင်ရိုးသစ်ကို သွေဖည်စေတာပါပဲ။ 
ဆရာမတွေ အနေနဲ့ကတော့ KG သင်ရတာ အခြေအနေ ရှိသလောက် ဖြစ်သလိုလုပ်ပြီး တက်တက်ကြွကြွနဲ့ ရလဒ်ကောင်း ရနိုင်သလောက်ရအောင် ဖန်တီးသင်ကြားနေသူတွေ ရှိသလို သင်ရိုးဟောင်းကိုပဲ သွားပြီး မိဘကျေနပ်သဘောကျအောင် မျှောလိုက်နေသူတွေလည်း ရှိနေမှာပါ။ တစ်ဦးချင်းစီ စိတ်သဘောထား ခံယူချက်နဲ့ ဆိုင်သလို ကိုယ်ကိုယ်တိုင်က သင်ရိုးသစ်ကို နားလည်သဘောပေါက်ပြီး စိတ်အားထက်သန်မှုနဲ့လည်း ဆိုင်ပါတယ်။ KG ကလေးလေးတွေကို ချစ်မြတ်နိုးတတ်တာရယ် စိတ်ရှည်တတ်တာရယ် ကလေးစိတ်ပညာကို သိနားလည်ဖို့ကလည်း ဆရာ၊ ဆရာမတွေအတွက် လိုပါတယ်။ မူလတန်းသင် ဆရာ၊ ဆရာမ အားလုံးဟာ KG သင်ရိုးသစ်ကို နားလည်တတ်ကျွမ်းဖို့ လိုမယ်လို့ ကျွန်မတော့ ထင်ပါတယ်။  

“ကစားချိန်များတဲ့အတွက် ပိုမိုသန်စွမ်းလာသလို ကျန်းမာကြံ့ခိုင်လာပါတယ်”
ဒေါ်သီတာ (KG သင် ဆရာမ၊ အမက ၁၀၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့)

ကျွန်မတို့ KG သင်ရိုးသစ်ကို သင်လာတာ တော်တော်ခရီးရောက်လာပြန်ပါပြီရှင်။ ကလေးတွေ တော်တော်လေး တိုးတက်လာတာတော့ တွေ့ရပါတယ်။ သင်ယူမှုရလဒ်တွေ အတန်အသင့် ရရှိလာခဲ့ပါတယ်။ ကလေးတွေ ဖျတ်လတ်တက်ကြွစွာ လှုပ်ရှားသင်ယူလာပါပြီ။ ကစားချိန်များတဲ့အတွက် ပိုမိုသန်စွမ်းလာသလို ကျန်းမာကြံ့ခိုင်လာပါတယ်။ ပုံပြောရင်း၊ ပန်းချီဆွဲရင်း၊ ဂျုံနယ်ရင်း၊ ကဗျာများသီဆိုရင်း သင်ယူလာကြတာ အရင်နှစ် ကလေးများနဲ့မတူ စာကို စိတ်ဝင်စားစွာ သင်ယူကြပါတယ်။ ကစားမက်လွန်းလို့ မနည်းထိန်းနေရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တတ်လာပါတယ်။

ဆရာများမှာတော့ မသက်သာလှပါဘူး။ ဆရာကျောင်းသားအချိုး မညီမျှခြင်း၊ သင်ထောက်ကူ မပြည့်စုံခြင်း၊ သင်ထောက်ကူ ရည်ညွှန်းစာအုပ်များ မရရှိခြင်း၊ ကျဉ်းမြောင်းသော ဆူညံသော စာသင်ခန်း၊ သင်ရိုးနဲ့ ကိုက်ညီသော လှုပ်ရှားမှုများ မိသားစုဘဝ ပြဿနာများကြောင့် နောက်ကြောင်းမအေးခြင်း စတဲ့ အခက်အခဲများကို ရင်ဆိုင်နေရပါတယ်။ ဆရာများရဲ့ တီထွင်ဖန်တီးနိုင်မှု၊ ကလေးများအပေါ် ထားရှိတဲ့ စေတနာ မေတ္တာ၊ သင်ရိုးအပေါ် စိတ်ဝင်စား အားထုတ်မှုတွေကတော့ မလျော့ပါးကြပါဘူး။ မိဘများက သင်ရိုးရည်ရွယ်ချက်ကို သိရှိပြီး ကလေးတွေကို ဖိအားဖြစ်စေမယ့် ကျူရှင်သင်နေခြင်းမျိုးကို သတိပြုကြမယ်ဆိုရင် ကျောင်းနဲ့ ကလေးတွေကို ကူညီထောက်ပံ့ပေးနိုင်ကြမယ် ဆိုရင် ကျွန်မတို့ အတိုင်းထက်အလွန် ဝမ်းသာမှာပါ။

ကျောင်းရန်ပုံငွေကိုလည်း KG ကလေးများအတွက် ဒီထက် ပိုမိုသုံးစွဲပေးစေချင်ပါတယ်။ ပီပြင်သော စာသင်ခန်းလေး ဖြစ်လာမယ်ဆိုရင် ကျွန်မတို့ ဘယ်လောက်မောမော သင်ပေးနိုင်ပါတယ်။ လက်နက်မပြည့်စုံဘဲ တိုက်ပွဲဆင်နွှဲရတော့ အထိအခိုက် အကျအဆုံး များတာပေါ့ရှင်။ နောက်ပြန်ပြေးမယ့်စာရင်း တိုးလာတာကိုပဲ ကြောက်ရတယ်။ အချုပ်အားဖြင့် KG သင်ရိုးညွှန်းတမ်း ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ကျွန်မတို့ ဆရာ၊ ဆရာမတွေမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ပညာရေးဌာနမှ တာဝန်ရှိသူတွေ၊ မိဘနဲ့ရပ်ရွာ၊ ကျောင်းအုပ်ကြီးများ အစရှိတဲ့ ပုဂ္ဂိုလ် အားလုံးမှာပါ တာဝန်ရှိတယ်လို့ပြောပါရစေ။ ပြိုင်တူတွန်းမှသာ ရွေ့နိုင်မှာပါရှင်။        

နေဇာကျော်



FOLLOW US