01-Dec-2016

ဆရာ
တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့ မညီမျှမှု သမ္မတထံ တင်ပြမည်
မန္တလေး၊ နိုဝင်ဘာ ၃၀

ပညာရေး ဝန်ကြီးဌာန  အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဆရာ၊ ဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့ဆိုင်ရာ လုပ်ငန်းစဉ်များတွင် မညီမျှမှုများ ရှိနေခြင်းကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိစေရန် တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်နိုင်ဦးက ပြောကြားသည်။

မန္တလေးမြို့ လူထုစင်တာ၌ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သော တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးနှင့် ပြောင်းရွှေ့ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးဆောင်ပြီး သက်ဆိုင်ရာ တက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေရဲ့ လက်မှတ်တွေနဲ့ တင်ပြမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌  ရာထူးတိုးခြင်းနှင့် အပြောင်းအရွှေ့ကို ၂၀၁၆ ခုနှစ် မတ်လက တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ် ပြုလုပ်ခဲ့သည်။

အပြောင်းအရွှေ့လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရာထူးတိုးခြင်းဆိုင်ရာ အမှတ်ပေးမှုကို ပယ်ဖျက်သင့်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည့် တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများက  ပြောကြားသည်။

လက်ရှိကျင့်သုံးနေသော စနစ်အရ မညီမျှမှုများ ရှိနေသည့်အတွက် မူဝါဒ ပြောင်းလဲကျင့်သုံးသင့်ပြီ ဖြစ်ကြောင်း မုံရွာတက္ကသိုလ်မှ အဖွဲ့ချုပ်ဝင်တစ်ဦး ဖြစ်သော ကထိက ဒေါက်တာဝင်းလှိုင်က  ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဆောင်ကာ မန္တလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများက ရာထူးတိုးနှင့် ပြောင်းရွှေ့မှုများနှင့် ပတ်သက်၍ ကျေနပ်မှု မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ 



FOLLOW US