News

24-Nov-2016

ဆရာ
ဆရာများ၏ ရင်ဖွင့်သံ (Multimedia Classroom)
နိုင်ငံတော်၏ ပညာရေး မူဝါဒများတွင် နိုင်ငံတကာပညာရေးအဆင့် ရှိစေရေး ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရေး အချက်လည်း အပါအဝင် ဖြစ်သည်။ သို့သော် ယင်းမူဝါဒကို အကောင်အထည်ဖော်ခြင်းမှာမူ ‘ဆင့်ပါးစပ် နှမ်းပက်’ ဟု ဆိုနိုင်မည် ဖြစ်သည်။ အခြေခံပညာ ကျောင်းများတွင် Multimedia Classroom များ တည်ထောင်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အတွေးအခေါ်၊ အမြော်အမြင်ကို ဖွင့်လှစ်ပေးရန် ဖြစ်သည်။ လက်တွေ့တွင်မူ ပစ္စည်းမလုံလောက်ခြင်း၊ ပျက်စီးယိုယွင်းမည်ကို စိုးရိမ်ခြင်း၊ သင်ကြားချိန် မရခြင်း စသည့် အခြေအနေများကြောင့် ကျောင်းသားအများစု အမှန်တကယ် သင်ကြားခွင့် မရရှိကြပေ။ အဆိုပါ အစီအစဉ် သင်ကြားရေး ဆရာများလည်း ကျောင်းတစ်ကျောင်းချင်းစီမှ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုအလိုက် သင်ကြားခွင့် ပြည့်ပြည့်ဝဝ ရရှိခြင်း၊ မရရှိခြင်း ဖြစ်ပေါ်နေသည်။ လက်တွေ့အခြေအနေမှန်တွင် တွေ့ကြုံနေသည်များ အကြောင်း ဆရာများ၏ ပြောကြားချက်၊ အကြံပြုချက်များကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“အခမဲ့ပညာရေး စနစ်မှာ ငွေကြေး လုံးဝမကောက်ခံရတော့ သိပ်တော့ အဆင်မပြေဘူး”
ဦးဇာနည်နိုင် (အလယ်တန်းပြ (မီဒီယာ)၊ အထက (၂) သာကေတ)

Multimedia Classroom တွေကို ၁၉၉၈ ခုနှစ် ပတ်ဝန်းကျင်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နာမည်ကြီး အထက်တန်းကျောင်း အချို့မှာ စတင်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ စတင်ဖွင့်လှစ်ခဲ့စဉ်က Apple CRT (Cathode Ray Tube) အမျိုးအစားတွေကို ချထားပေးနိုင်ခဲ့ပါတယ်။ Media Room စတင်ဖွင့်လှစ်စဉ်က ဆရာ၊ ဆရာမအချို့ကို ရက်တိုသင်တန်းပို့ချပြီး အသုံးပြုစေခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်လောက်က စပြီး မာလ်တီမီဒီယာ အတတ်ပညာ ဘွဲ့လွန်ဒီပလိုမာ (ပညာရေး) PGDMA များကို စခေါ်ပြီး သင်တန်းကာလ တစ်နှစ် ပို့ချပေးပြီး မီဒီယာ ဆရာ၊ ဆရာမများအထိ မွေးထုတ်ပေးခဲ့တာဆိုရင် အခုအပတ်စဉ် ၁၇ ထိ ရောက်လာခဲ့ပါပြီ။ 

Media Room များကို ဖွင့်လှစ်ပေးခဲ့တာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိလာပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကလေးများ တတ်မြောက်မှုကို စစ်ဆေးကြည့်တဲ့အခါမှာ အောင်မြင်မှု ရာခိုင်နှုန်း အလွန်နည်းပါးပါတယ်။ အောင်မြင်မှု နည်းပါးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ စက်အချိုး၊ ကျောင်းသားအချိုး၊ မီဒီယာ ဆရာအချိုး မလုံလောက်၊ မမျှတလို့ ဖြစ်ရတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ အခုလက်ရှိမှာ အထက်တန်းနဲ့ အလယ်တန်းကျောင်း အများစုမှာ မီဒီယာ သင်ကြားပေးဖို့ ဆရာ၊ ဆရာမများကို ခန့်ထားပေးပေမယ့် ကျောင်းရဲ့အခြေအနေအရ ဘာသာရပ် ဆရာမ လုံလောက်တဲ့အခါမှာ ဘာသာရပ်များကို သင်ပေးရပါတယ်။ 

ရုံးအဖွဲ့ရဲ့ အလုပ်များစွာလည်း စာသင်ချိန်ကိုဖျက်ပြီး လုပ်ပေးရပါတယ်။ မြို့နယ်ရုံးကို ဘာစာပို့ရမယ် ဆိုတာနဲ့ စာသင်တာကိုရပ်ပြီး ပြေးရိုက်ရပါတယ်။ အဲဒါအပြင် မြို့နယ်ရုံးက On Duty ထုတ်ပြီး ခေါ်တဲ့အခါမှာလည်း သွားရတာမို့ သင်တဲ့ဘက်မှာ ထိရောက်မှု အားနည်းနေတာလို့ ထင်ပါတယ်။ အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်း အများစုမှာ ကွန်ပျူတာတစ်လုံးမှ ငါးလုံးခန့် အထိသာ ရှိတတ်ပါတယ်။ အချို့ကျောင်းတွေဆို ကွန်ပျူတာတစ်လုံး ရှိပေမယ့် ရှိတဲ့တစ်လုံးကလည်း ပျက်နေတာမို့ Real Object အနေနဲ့ပြဖို့က လွဲလို့ ကျန်တာ ဘာမှလုပ်ပေးနိုင်ခြင်း မရှိပါဘူး။ 

ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော်အစိုးရ အနေနဲ့ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ ကျောင်းသားအချိုးနဲ့အညီ ကွန်ပျူတာများကို ချပေးနိုင်ရန်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမဲ့ အဲလို မချပေးနိုင်ခဲ့ရင်လည်း ကျောင်းအုပ်များနဲ့ မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနဲ့ တိုင်ပင်ပြီး ကျောင်းအပ်တဲ့အခါမှာ အလှူငွေ အနည်းငယ်ကောက်ခွင့် ရပြီး ဝယ်ယူနိုင်မယ်ဆိုရင် ပြဿနာဟာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခုက အခမဲ့ပညာရေး စနစ်မှာ ငွေကြေး လုံးဝမကောက်ခံရတော့ သိပ်တော့အဆင်မပြေဘူး။ နောက်ထပ် အရေးကြီးတာကလည်း မီဒီယာ သင်ဆရာ၊ ဆရာမများကို ရုံးအလုပ်နဲ့ မြို့နယ်ရုံးတွေ မှာစေခိုင်းထားတာမျိုးကို မဖြစ်စေချင်ပါဘူး။ ကလေးများကိုသာ ထိထိရောက်ရောက် လက်တွေ့သင်ပေးရမှာ ဖြစ်ပါတယ်။ 

လက်ရှိအနေအထားအရ ကွန်ပျူတာတစ်လုံး၊ နှစ်လုံးလောက်နဲ့ လက်တွေ့သင်ဖို့ မဖြစ်နိုင်တာမို့ စာတွေ့ကိုပဲ ဦးစားပေး သင်ရပါတယ်။ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ စကားလုံး အခေါ်အဝေါ်တွေကို အလွတ်လိုက်မှတ်နေရတဲ့ ကလေးတွေရဲ့ အဖြစ်ကလည်း တကယ်ကို ရင်လေးစရာပါ။ ရှိတဲ့စက်က နည်းတာမို့ ကလေးတွေကို ပေးကိုင်ခိုင်းတဲ့အခါ ပျက်စီးမှာကို စိတ်ပူတာမို့ ပေးမကိုင်စေဘဲ ဆရာကပဲ ဦးဆောင်လုပ်ပြရပါတယ်။ အဲဒီလို အခြေအနေမျိုးကို ဘယ်ကလေးမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မသင်လို့ မရတာမို့ လက်တွေ့ထက် စာတွေ့ကိုပဲ ဦးစားပေး သင်နေရတာပေါ့။ ဒါကြောင့် ကျောင်းသားအချိုးနဲ့ ညီမျှတဲ့ Multimedia Classroom တစ်ခု ဖြစ်လာဖို့ဆိုတာ မီဒီယာဆရာ၊ ဆရာမတိုင်းရဲ့ ရင်ထဲက ဆန္ဒစိတ်ကူးပါပဲ။                    

“ကွန်ပျူတာ ရှိပေမယ့် မီးအခြေအနေကြောင့် မီးစက်နှိုးဖို့ ဆီကုန်မှာဖြစ်လို့ ကျောင်းအုပ်က သင်ကြားခွင့် မပေးတာမျိုး”
ဒေါ်ဆုမြတ်သူ (အလယ်တန်းပြ၊ အထက ခင်ဦး)

Multimedia Classroom တွေ ပျောက်ကွယ်သွားရခြင်း အကြောင်းက တာဝန်ရှိသူတွေရဲ့ တိကျမ မရှိတဲ့ မူဝါဒတွေကြောင့်ပါ။ Multimedia Classroom တွေအတွက် ပြည့်စုံအောင် ထောက်ပံ့ပေးမှု မရှိပါဘူး။ E-Learning Center တွေအတွက် ပစ္စည်းသစ်တွေ ချမပေးတာမျိုးပေါ့။ ဟိုတစ်လောက လိုအပ်ပစ္စည်း စာရင်းတောင်းလို့ တင်လိုက်ရသေးတယ်။ ခုထိတော့ ဘာမှကျမလာသေးပါဘူး။ အခုလက်ရှိမှာ e-Learning Center ကို ခဏထားပြီး Computer Aided Instruction Room (ကွန်ပျူတာခန်း) တွေကို အသုံးချနိုင်အောင် တာဝန်ရှိသူတွေ အနေနဲ့ ဖြည့်ဆည်းပေးသင့်ပါတယ်။ 

ဒါပေမဲ့လည်း ကျောင်းအများစုမှာ CAI ခန်း မရှိဘူး။ အခန်းရှိလည်း ကွန်ပျူတာ မရှိဘူး။ ရှိတဲ့ ကျောင်းမှာလည်း ၁၀ လုံး၊ ၁၅ လုံးထက် မပိုပါဘူး။ ကျွန်မ ကျောင်းမှာဆို သင်ကြားပေးရမယ့် ကျောင်းသားဦးရေက ၂၀၀၀ ကျော်ပြီး ကွန်ပျူတာက ၆ လုံးပဲ ရှိတယ်။ လက်ရှိ မြင်တွေ့နေရတာကတော့ ကျောင်းတွေမှာ ရှိနေတဲ့ ကွန်ပျူတာ အများစုက ကျောင်းအစီအစဉ်နဲ့ အလှူရှင်တွေ လှူထားတာပါ။ ဒါ့အပြင် ကွန်ပျူတာ ဘာသာရပ်အတွက် တိကျတဲ့ သင်ရိုးညွှန်းတမ်း မရှိပါဘူး။ ဒီနှစ်မှာမှ DBE - ကွန်ပျူတာဘာသာရပ် ဆိုပြီး Facebook Page တစ်ခု လုပ်ပေးလာတယ်ပေါ့နော်။ ဒါကလည်း ကျွန်မတို့လို PGDMA ဆရာ၊ ဆရာမတွေ စုပေါင်းရေးဆွဲထားတာမို့ ပြီးပြည့်စုံတဲ့ သင်ရိုးတစ်ခု မဟုတ်ပါသေးဘူး။ 

Multimedia Classroom တွေ အောင်မြင်ဖို့ဆိုရင် အုပ်ချုပ်တဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ စိတ်ဝင်စားမှု အပေါ်မှာလည်း မူတည်ပါမယ်။ အချို့ကျောင်းတွေမှာဆို ကွန်ပျူတာချိန် ထည့်သွင်းရေးဆွဲမပေးပါဘူး။ ဆိုတော့ အဲဒီလို ကျောင်းတွေမှာဆို လက်တွေ့မပြောနဲ့ စာတွေ့တောင် မသင်ရတော့ပါဘူး။ တချို့ကျောင်းတွေမှာ ကွန်ပျူတာ ရှိပေမယ့် မီးအခြေအနေကြောင့် မီးစက်နှိုးဖို့ ဆီကုန်မှာဖြစ်လို့ ကျောင်းအုပ်က သင်ကြားခွင့် မပေးတာမျိုး၊ ကွန်ပျူတာ ရှိတယ်၊ မီးလည်းရတယ် ဆိုတဲ့ အခြေအနေမှာ ကလေးတွေကိုင်ရင် ပျက်သွားလိမ့်မယ်ဆိုပြီး သင်ကြားခွင့် မပြုတာမျိုး စတဲ့ အခက်အခဲတွေ ရှိပါတယ်။ 

နောက်ပြီး Multimedia Classroom တွေရဲ့ Instructors တွေ ဖြစ်တဲ့ PGDMA ဘွဲ့ရ ဆရာ ဆရာမတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ ပညာရေးတက္ကသိုလ် နှစ်ခုကနေ ကွန်ပျူတာ ဘာသာရပ်၊ Educational Theory, Method, Psychology ဆိုတဲ့ ဘာသာရပ်တွေကို စနစ်တကျ သင်ကြားပေးပြီး Post Graduated Diploma in Multimedia Arts (Education) ဘွဲ့ရ ဆရာ ဆရာမများကို နှစ်စဉ် လူဦးရေ ၃၀၀ ခန့် မွေးထုတ်ပေးပါတယ်။ သင်တန်းလျှောက်လွှာ ခေါ်ယူရာမှာ သင်တန်းပြီးဆုံးရင် အခြေခံပညာကျောင်းများမှာ အလယ်တန်းပြအဖြစ် ခန့်အပ်မယ်ဆိုပြီး ခေါ်ခဲ့ပေမယ့် မြို့နယ်ပညာရုံးတွေမှာ တာဝန်ချထားခြင်း ခံရတာမျိုးတွေ ရှိပါတယ်။ ဒါက မေးခွန်းထုတ်ရမယ့် အခြေအနေတစ်ခုပါ။ လက်တွေ့သင်စရာပစ္စည်း မရှိရင် ကလေးတွေစိတ်ထဲ နည်းပညာတွေကို စိမ်းသက်မနေအောင် စာတွေ့သင်ပေးရမယ် ဆိုတဲ့ ခံယူချက်နဲ့ လုပ်ငန်းခွင် ဝင်ခဲ့ကြပေမယ့် မြို့နယ်ရုံးမှာ တာဝန်ကျသွားတာ၊ ကျောင်းကို တာဝန်ကျသူ တချို့မှာလည်း ရုံးဝန်ထမ်းစာရင်းထဲ ထည့်ခံရတာမျိုးတွေ ရှိပါတယ်။ 

အလယ်တန်းပြ (ပညာရှင်အဆင့် ၂) ဆိုတဲ့ Order စာရွက် ကိုင်လာတဲ့သူတွေကို ရုံးအဖွဲ့ထဲ ထည့်ပစ်တဲ့ ကျောင်းအုပ်တွေရဲ့ စီမံခန့်ခွဲမှု စွမ်းရည်က အံ့အားသင့်လောက်အောင် ညံ့ဖျင်းလှပါတယ်။ ဒါဟာ မျိုးဆက်သစ်တွေရဲ့ တက်ကြွတဲ့ ခြေလှမ်းတွေကို ရိုက်ချိုးပစ်လိုက်တာပါပဲ။ ယခုအချိန်ထိ တစ်နိုင်ငံလုံးမှာ ရှိတဲ့ PGDMA ဘွဲ့ရ ဆရာ၊ ဆရာမ စုစုပေါင်းဟာ တစ်သောင်းတောင် မရှိသေးပါဘူး။ ရမှတ်ကို အခြေခံတဲ့ စာမေးပွဲစနစ်မှာ ကွန်ပျူတာဘာသာရပ်ကို စာမေးပွဲမှာ ထည့်သွင်းဖြေကြားစေခြင်း မရှိတဲ့အတွက် အခြားသော ဘာသာရပ်ပြ ဆရာတွေရဲ့ အရေးမပါတဲ့ ဘာသာရပ်ဆိုတဲ့ ခွဲခြားမှုကို ခံရပါသေးတယ်။ 

အခုဆိုရင် တိုင်းဒေသကြီးအချို့မှာ Tablets တွေ အသုံးပြုပြီး ICT ကျောင်းတွေအဖြစ် စမ်းသပ်အကောင်အထည်ဖော်နေပါတယ်။ အဲ့ဒီအစီအစဉ်ဟာ အောင်မြင်နေပါသလား။ လူကြီးတွေ သေချာကွင်းဆင်း လေ့လာရဲ့လား။ ကျွန်မတို့ ပြန်ကြားနေရတဲ့ သတင်းတွေအရတော့ ကျောင်းမှာရှိတဲ့ သက်ဆိုင်ရာ ဘာသာရပ်သင် ဆရာ၊ ဆရာမတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့် သင်ထောက်ကူ ဖန်တီးရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ကျွန်မတို့ Multimedia Instructor တွေ အနေနဲ့ ကလေးတွေကို ICT အသုံးပြုပြီး သင်ကြားနိုင်အောင် သင်ထောက်ကူတွေ ဖန်တီးပေးနိုင်ပေမယ့် ဘာသာရပ် သင်ဆရာတွေရဲ့ ပူးပေါင်းမှု မရှိရင် ဘယ်လိုမှ ပြီးပြည့်စုံတဲ့ သင်ထောက်ကူပစ္စည်းကောင်း ထွက်မလာပါဘူး။ တစ်ချိန်တည်းမှာပဲ PGDMA ဆရာတွေရဲ့ အရည်အချင်းကို မေးခွန်းထုတ်သံတွေ ကြားပါတယ်။ သူတို့ကို နှစ်စဉ် နိုင်ငံတော်က ကျင်းပနေတဲ့ Educational ICT Project Competition ပြိုင်ပွဲမှာ PGDMA ဆရာတွေ ရဲ့ ဖန်တီးနိုင်စွမ်းကို လေ့လာပါလို့ပဲ တုံ့ပြန်ချင်ပါတယ်။

အားလုံးကို ခြုံပြောရရင် Multimedia Classroom တွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် ကျောင်းအုပ်ရဲ့ စိတ်ဝင်စားမှု လိုမယ်။ ဘာသာရပ်သင် ဆရာတွေရဲ့ ပူးပေါင်းမှု လိုမယ်။ PGDMA ဆရာတွေရဲ့ အရည်အသွေးကို ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာနဲ့အမီ လိုက်နိုင်အောင်  သင်တန်းတွေပေးဖို့ လိုပါမယ်။ နိုင်ငံတော်အစိုးရရဲ့ အထောက်အပံ့ကတော့ အဓိက လိုအပ်ပါတယ်။ အသေးသုံးစရိတ်မှာ စာကြည့်တိုက်အတွက် သီးသန့်ခေါင်းစဉ် ရှိပေမယ့် Multimedia Room တွေ အတွက်ကျတော့ မရှိဘူး ပေါ့နော်။ ဒါက ပစ္စည်းဝယ်ယူ ဖြည့်တင်းမှုမှာ အဟန့်အတား ဖြစ်စေပါတယ်။ အနာဂတ်မှာ ခေတ်မီသင်ကြား သင်ယူမှု ပုံစံသစ်ကို ပြောင်းလဲဖို့ဆိုရင် ပညာရေးက တာဝန်ရှိသူတွေ အနေနဲ့ Multimedia Classroom တွေကို လျစ်လျူရှုမထားဖို့ တောင်းဆိုချင်ပါတယ်။   

နေဇာကျော်



FOLLOW US