News

11-Nov-2016

ပညာရေး ဆရာ
ဆရာများ၏ ရင်ဖွင့်သံ (အမျိုးသားပညာရေး မူဝါဒကော်မရှင်အပေါ် မျှော်လင့်ချက်)
မြန်မာ့ပညာရေး အတိုင်ပင်ခံ အဖွဲ့အစည်းဟု ဆိုနိုင်မည့် အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း(၄)၊ ပုဒ်မ(၅)၊ (က) အရ စက်တင်ဘာလ ၂၈ ရက်က ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဖွဲ့စည်းခဲ့သည်မှာ တစ်လတင်းတင်းပြည့်ပြီး ဖြစ်သည်။ ကော်မရှင်ရုံးကိုလည်း ပြည်လမ်း၊ ရန်ကုန်ပညာရေး တက္ကသိုလ်နှင့်ကပ်လျက် ယခင် မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာန ရန်ကုန်ရုံး နေရာတွင် ထားရှိသည်။ ဖွဲ့စည်းပြီးသည့် အချိန်မှစ၍ အောက်တိုဘာလ ၁၂ ရက်တွင် တစ်ကြိမ်၊ အောက်တိုဘာလ ၁၇ ရက်တွင် တစ်ကြိမ် အစည်းအဝေး ပြုလုပ်ကြောင်း ပညာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် ယခုအချိန်အထိ သတင်းထုတ်ပြန်မှု မရှိသေးပေ။ ထို့ကြောင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏သက်တမ်းအတွင်း မြန်မာ့ပညာရေး မည်မျှ ပြောင်းလဲနိုင်မည်ကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် ဆရာများ၏ သဘောထား အမြင်များကို The Voice  က စုစည်းဖော်ပြလိုက်ပါသည်။ 

ဒေါက်တာစိုင်းခိုင်မျိုးထွန်း (ကထိက၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မုံရွာတက္ကသိုလ်)

အမျိုးသားပညာရေး မူဝါဒကော်မရှင် လက်ရှိ ဘာတွေလုပ်နေတယ် ဆိုတာ မသိရပါဘူး။ ပြီးတော့ ဘယ်မူဝါဒကို ဘယ်လိုချမှတ်မယ်။ ဘယ်ကဏ္ဍကို ဦးစားပေးမယ် စသည်ဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ ပြည်သူတွေက မသိရပါဘူး။ အရာရာတိုင်း လူထုကို အသိပေးစရာ မလိုပေမယ့် လုပ်ငန်းစဉ် အဆင့်တွေက ဘယ်လို၊ ပါဝင်ဆွေးနွေးဖက်တွေကိုတော့ ဘယ်သူဘယ်ဝါ စသည်ဖြင့်တော့ သတင်းထုတ်ပြန်မှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ မူဝါဒကော်မရှင်ဟာ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အရင်ကလို ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်အောင်လုပ်ဖို့ လိုပါတယ်။

မူဝါဒကော်မရှင်ကနေ လုပ်ရမယ့် အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ လက်ရှိ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။ ပညာရေး ဥပဒေမှာ ရှေ့နောက်မညီတာတွေ ရှိပါတယ်။ သာဓကကတော့ ဗဟိုချုပ်ကိုင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ အဲဒီအချက်တွေကို ပြင်ဖို့အတွက် ဆန်းစစ်မှုတွေလုပ်ဖို့ လိုမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းတွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိပါတယ်။ ဒီလိုအခက်အခဲတွေဟာ မူဝါဒကြောင့် ဖြစ်တာလား၊ လူကြောင့်ဖြစ်တာလား စတဲ့ အချက်တွေကိုလည်း ဖော်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်တာဟာ Quick-win (လက်တွေ့ အမြန်အလုပ်ဖြစ်စေတာ) ဖြစ်ပါတယ်။

ဦးငွေတိုး (ဦးစီးအရာရှိ၊ အခြေခံပညာဦးစီးဌာန၊ ပညာရေး ဝန်ကြီးဌာန)

ပထမဦးဆုံး ပြောချင်တာက အမျိုးသားပညာရေး မူဝါဒကော်မရှင်မှာ ပါဝင်တဲ့ ဆရာကြီး၊ ဆရာမကြီးများရဲ့ ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှု အရည်အသွေး ပြည့်ဝသည် ဆိုခြင်းကို အကြွင်းမဲ့ လက်ခံယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။ နောက်တစ်ချက်က ဆရာကြီး၊ ဆရာမကြီးများ အားလုံးရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိကာတို့ကိုလည်း လေးစားကြည်ညိုပါကြောင်း ပြောကြားလိုပါတယ်။ ပညာရေးဆိုတာ အားလုံးနဲ့ သက်ဆိုင်သလို သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ အတွေ့အကြုံ ပြည့်ဝမှုက အဓိက လိုအပ်ချက်ဖြစ်တယ် ဆိုတာကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ ဆရာကြီး၊ ဆရာမကြီးများသည် အခြေခံပညာနယ်ပယ်အတွက် ဆရာ၊ ဆရာမများကို လေ့ကျင့်မွေးထုတ်ပေးခဲ့ကြသူများ ဖြစ်သည်ဟု ဆိုသည့်တိုင်အောင် အခြေခံပညာရေး လုပ်ငန်းများနှင့် အလှမ်းဝေးခဲ့ကြသူများ ဖြစ်နေကြပါတယ်။

ပညာရေး ဝန်ကြီးဌာန အနေနှင့် အမျိုးသားပညာရေး ဥပဒေ အပါအဝင် KG သင်ရိုး၊ ပထမတန်းသင်ရိုး စသည့် ပညာရေးလုပ်ငန်းများကို ညွှန်ချုပ်များမှတစ်ဆင့် သွားရောက်ရှင်းလင်းခဲ့ကြသည်လို့လည်း သိထားရပါတယ်။ အဆိုပါ ပညာရေး လုပ်ငန်းများကိုအခြေခံလျက် အမျိုးသားပညာရေး မူဝါဒကော်မရှင် အနေနှင့် မှန်ကန်ကောင်းမွန်သော လုပ်ငန်းစဉ်များကို သမာသမတ်ကျစွာေ ဆာင်ရွက်ပေးနိုင်လိမ့်မည် ဆိုတာကိုလည်း မျှော်လင့်နေပါတယ်။

အမျိုးသားပညာရေး ဥပဒေ လမ်းညွှန်ချက်အရ လိုအပ်တဲ့ လုပ်ငန်းကော်မတီများကို ပညာရေး ဥပဒေနှင့်အညီ သင့်လျော်သော ပညာရှင်များကို အဂတိတရား ကင်းရှင်းစွာဖြင့် ရွေးချယ်ဖွဲ့စည်းဆောင်ရွက်မည် ဆိုတာကိုလည်း ယုံကြည်လျက်ပါ။ အထူးအားဖြင့် အမျိုးသားပညာရေး ဥပဒေတွင် ဖော်ပြသတ်မှတ် လမ်းညွှန်ထားသော ဗဟိုချုပ်ကိုင်မှု လျှော့ချသော ပညာရေးစနစ်ကို လက်တွေ့ အကောင်အထည်ဖော်သောအားဖြင့် ပုဒ်မ ၅၈(ခ) တွင် ဖော်ပြထားတဲ့ ပညာရေး မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ ပညာရေး စီမံကိန်းများ စီမံချက်များ ချမှတ်အကောင်အထည် ဖော်ရာတွင် ပညာရှင်များ၊ မိဘကိုယ်စားလှယ်များ၊ ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ရယူဆောင်ရွက်ရေးဆိုတဲ့ အချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြလိမ့်မည်ဟုလည်း မျှော်လင့်ယုံကြည်နေပါတယ်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအတွက် အလွှာပေါင်းစုံ ပါဝင်သော ကြားနာပွဲကို အမျိုးသားလွှတ်တော်က ကျင်းပပေးသကဲ့သို့ လည်းကောင်း၊ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံကဲ့သို့ လည်းကောင်း ပညာရေးစနစ်နှင့် ပညာရေး လုပ်ငန်းစဉ်များသည် ပြည်သူအားလုံးနှင့် သက်ဆိုင်နေသည့် အားလျော်စွာ အလွှာပေါင်းစုံ ပါဝင်သော ပညာရေး ညီလာခံတစ်ရပ် ကျင်းပလျက် အမျိုးသားပညာရေး ရည်မှန်းချက် မူဝါဒများ ချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ 

ဆရာကြီး၊ ဆရာမကြီးများ အနေနှင့် အမျိုးသားပညာရေး ဥပဒေ လမ်းညွှန်ချက်များနှင့်အညီ လက်တွေ့ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုကို အလျင်အမြန် အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်ဟု ယုံကြည်ပါတယ်။ ဥပမာအားဖြင့် မြန်မာ့ပညာရေး သမိုင်းကြောင်းအရ ဂျပန်ခေတ် ၃ နှစ်တာ ကာလအတွင်း မြန်မာ့ပညာရေးကို သိသာထင်ရှားစွာ ပြောင်းလဲနိုင်မှုကို ဆရာကြီး တစ်ယောက်က ကျွမ်းကျင်ပြီး စိတ်အားထက်သန်သော ပညာမင်းကြီးနဲ့ အစိုးရရဲ့ ပူးပေါင်းကြိုးစားမှုကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည် ဆိုသော စကားအတိုင်း လက်ရှိ ပညာရေး ပြုပြင်ပြောင်းလဲမှုသည်လည်း စိတ်အားထက်သန်သူတို့၏ ဆောင်ရွက်မှုကြောင့် မနှေးအမြန် အောင်မြင်နိုင်လိမ့်မည် ဖြစ်သည်ဟု ယုံကြည်မျှော်လင့်မိပါတယ်။                                                                           

ဦးအောင်ကျော်သူ (အထက်တန်းပြဆရာ၊ သက္ကလ အထက်တန်းကျောင်း၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး)

ပညာရေးက နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတာမို့ ပညာရေး တိုးတက်လာဖို့ နိုင်ငံချစ်စိတ် ရှိသူတိုင်း မျှော်လင့်ကြမှာ ဖြစ်ပါတယ်။ နိမ့်ကျလာတဲ့ ကျွန်တော်တို့နိုင်ငံ ပညာရေးအတွက် ရတက်မအေးနေကြသူများအတွက် ဝမ်းသာစရာကောင်းစွာ အမျိုးသားပညာရေး ဥပဒေ ဆိုတာကို စတင်ရေးဆွဲကတည်းက စိတ်ဝင်စားခဲ့ကြပါတယ်။ ပညာရေး ဖော်ဆောင်သူများ ဖြစ်တဲ့ ကျွန်တော်တို့ အဆင့်မြင့်၊ အခြေခံပညာကဏ္ဍ အသီးသီးမှ ဆရာ၊ ဆရာမများ အနေနဲ့ အခြားသူများထက် ပိုစိတ်ဝင်စားပါတယ်။ ဒီလိုနဲ့ ၂၀၁၄ မှာ ပြည်ထောင်စုလွှတ်တော်က သဘောတူပြဋ္ဌာန်းပြီး ၂၀၁၅ မှာ ထပ်မံဖြည့်စွက် ပြောင်းလဲချက်များ ပြုလုပ်ပါတယ်။ မျှော်လင့်ချက်များစွာနဲ့ ဖတ်ကြည့်တဲ့အခါ ကျွန်တော်တို့ တကယ့်လက်တွေ့ဘဝအရ ပြောင်းလဲစေချင်၊ ဖြစ်စေချင်တဲ့ အချက်အလက်များ အချို့ပါ၊ အချို့မပါဆိုတော့ စိတ်ထဲ သိပ်ဘဝင်မကျလှပါဘူး။ 

အဲဒီထဲမှာ စိတ်ဝင်စားစရာက အမျိုးသားပညာရေး မူဝါဒကော်မရှင် ဖွဲ့စည်းခြင်းပါ။ ဖွဲ့စည်းပုံ၊ တာဝန်၊ အခန်းကဏ္ဍများ ဖတ်ကြည့်တဲ့အခါ အတော်ကောင်းမွန်ပါတယ်။ ကော်မရှင်က နိုင်ငံပညာရေးအတွက် အကြံပြုမှု၊ လမ်းညွှန်မှု၊ စီမံကိန်းများ ချမှတ်မှုများနဲ့အတူ ဆောင်ရွက်မှာမို့ပါ။ ကော်မရှင်က နောင်အခါ ပညာရေး ဝန်ကြီးဌာနအတွက် လမ်းညွှန်သူ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်သွားမယ့် သဘောပါ။ ဒီတော့ ကော်မရှင်မှာ ပါဝင်ကြမယ့် ပညာရေး ကျွမ်းကျင်သူ ပညာရှင်များအား ဘယ်သူတွေ များလဲလို့ မျှော်လင့်မိပါတယ်။ အမျိုးသားပညာရေး ဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်း ဥပဒေပါ ကိစ္စရပ်များ အမြန်ဆုံး ပြောင်းလဲဖြစ်ထွန်းလာရေး ကျွန်တော်တို့တွေ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သိသာစွာ မဆောင်ရွက်နိုင်သေးဘူးလို့ လွှတ်တော်မှာ ကိုယ်စားလှယ်များက မေးကြတဲ့အခါ အမျိုးသားပညာရေး မူဝါဒကော်မရှင် မဖွဲ့စည်းရသေးတဲ့အတွက် နှောင့်နှေးနေကြောင်း ပြန်လည်ဖြေကြားခဲ့တာကြား သိခဲ့ပါတယ်။ 

အဲဒီနောက် မကြာမီပါပဲ အမျိုးသားပညာရေး မူဝါဒကော်မရှင် ပါဝင်သူများအဖြစ် ယခုအစိုးရလက်ထက် ၂၀၁၆ စက်တင်ဘာလမှာ လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီး ဒေါက်တာမျိုးမြင့်က ဥက္ကဋ္ဌအဖြစ် သတ်မှတ်ကာ တရားဝင် ထွက်ပေါ်လာပါတယ်။ အဲဒီထွက်ပေါ်လာတဲ့အခါ ပထမဆုံး သတိထားမိတာက အမျိုးသားပညာရေး ဥပဒေအရ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံမှာ အခြေခံပညာရေးကဏ္ဍမှ ပညာရှင်နှစ်ဦးလို့ ပါရှိပေမယ့် အခုကော်မရှင်မှာတော့ တစ်ဦးမှ ပါမလာပါဘူး။ ဘာကြောင့်မှန်း မသိပါ။ ဒီအချက်လေးက အခြေခံပညာမှ ကျွန်တော်တို့ ဆရာ၊ ဆရာမများအတွက် မျှော်လင့်ချက် ပျောက်သွားသလို ခံစားမိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သူက ပညာရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတိုးတက်ဖို့ အခြေခံပညာရေးက အရေးပါကြောင်း ဆရာ၊ ဆရာမများက အဓိကကျကြောင်း ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကော်မရှင်မှာ အခြေခံပညာကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် အခြေခံပညာဌာနအတွက် လမ်းညွှန်မှု ပေးနိုင်မယ့် ပညာရှင် မပါခြင်းက စိတ်မကောင်းစရာပါ။ 

အခု ကော်မရှင် ဖွဲ့စည်းပြီးတဲ့ အချိန်ကစ ကော်မရှင်ရဲ့ ဆောင်ရွက်မှု ပွင့်လင်းမြင်သာစွာ မတွေ့ရသေးပါဘူး။ ကော်မရှင်ရဲ့ အခန်းကဏ္ဍအရ ပညာရေး ဥပဒေပါ အချက်များ အမြန်ဆုံး အသက်ဝင်လာရေး ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ပညာရေး ဥပဒေပါအတိုင်း ကောင်းမွန်သော ရည်မှန်းချက်များ စာရွက် ပေါ်မဟုတ် လက်တွေ့အမြန်ဆုံး ဆောင်ရွက်ရန် ကော်မရှင်မှ ဆောင်ရွက်နိုင်ပါစေ။ ကျွန်တော်တို့ ပညာရေး ဝန်ကြီးဌာန အနေနှင့်လည်း ပညာရေး တိုးတက်ပြောင်းလဲရေးအတွက် အမျိုးသားပညာရေး ဥပဒေပါအတိုင်း အမြန်ဆုံး လက်ရှိအရာများမှ ပြောင်းလဲမှု အသစ်များဆီသို့ ဦးတည်သွားနိုင်ပါစေလို့ မျှော်လင့်နေလျက်ပါ။                  

နေဇာကျော်



FOLLOW US