News

POST TAGGED AS

ဆရာတော်

ဘုန်းကြီးကျောင်းကို အစိုးရ ချိပ်ပိတ်
မကွေး၊ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာရှိ သာသနရက္ခိတ (ရွာလယ်) ကျောင်းတွင် ကျောင်းထိုင် ဆရာတော် ပြန်လည်ရွေးချယ်ရန် ဒေသခံများအကြား အငြင်းပွားမှုများရှိသဖြင့် အဆိုပါကျောင်းကိုချိပ်ပိတ်ရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကျောင်းတွင် ယခင်က သီတင်းသုံးနေထိုင်သည့် ကျောင်းထိုင်ဆရာတော်မှာ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျောင်းတစ်ကျောင်းတွင် ပြောင်းရွှေ့သွားသဖြင့် ကျောင်းထိုင်ဆရာတော်သစ်တစ်ပါး ပြန်လည်ရွေးချယ်ရန် ဒေသခံများအကြား အငြင်းပွားနေခြင်းဖြစ်ကြောင်း သရက်တောကျေးရွာ တာဝန်ခံဦးကိုလေးကဆိုသည်။

အဆိုပါကျေးရွာတွင် ဘုန်းကြီးကျောင်း ၅ ကျောင်းရှိပြီး ကျန် ၄ ကျောင်းမှ ဆရာတော် ၄ ပါးက ရွေးချယ်ပေးသည့် ဆရာတော်ကိုလက်မခံသဖြင့် ရွာသူ/သားများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ပြဿနာများ ကြီးထွားလာမည်ကိုစိုးရိမ်၍ မြို့နယ် သံဃနာယကအဖွဲ့နှင့် တိုင်းအစိုးရအဖွဲ့က ချိပ်ပိတ်ရန်ညွှန်ကြားခဲ့ကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ ကျောင်းထိုင်ဆရာတော် ရွေးချယ်ရာတွင် ဒေသခံများအကြား နိုင်ငံရေးပါတီ ၂ ခုကြောင့် သွေးကွဲကာ အငြင်းပွားနေကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါကျောင်းကို ချိပ်ပိတ်ရခြင်းမှာ ရွာသူ/သားများ အချင်းချင်း အမှုအခင်းများ ဖြစ်ပွားနေသဖြင့် မြို့နယ် သံဃနာယကအဖွဲ့နှင် အစိုးရအဖွဲ့က ကျောင်းကိုချိပ်ပိတ်ရန် ညွှန်ကြားသဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပြသည်။

“ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကို တာဝန်ပေးတာ။ အဲဒါကြောင့် ဘာသာရေးနဲ့ဆိုင်တော့ ပြဿနာတက်နိုင်လို့ အစိုးရအဖွဲ့ကို တင်ပြတဲ့အခါ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ချိပ်ပိတ်ထားတာ။ ညှိနှိုင်းတိုင်ပင်နေကြတယ်။ ပြတ်တော့ မပြတ်သေးဘူး”ဟု မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

အဆိုပါ ကျောင်းချိပ်ပိတ်ထားသည့် ကိစ္စများအား အစိုးရအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်လျက်ရှိပြီး နောက်ဆက်တွဲ အခြေအနေများအား ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

လွင်အေး



FOLLOW US