News

ကြက်သား လက်လီ ဈေးကျ
ရန်ကုန်၊ ဩဂုတ် ၁၉

ကြက်ခြံများတွင် ထွက်နှုန်းများပြီး ခြံဖမ်းဈေးများ တစ်ထောင်နီးပါးခန့်အထိ လျော့ကျလာသောကြောင့် ကြက်သားလက်လီဈေး တစ်ပိဿာလျှင် ကျပ် ၅၀၀၀ အထိ ဈေးနှုန်းကျဆင်းလာကြောင်း အသားတိုးကြက် ထုတ်လုပ်မွေးမြူရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

ယခုနှစ် မေလနှင့်ဇူလိုင်လတွင် ကြက်ခြံများ ရေကြီးနစ်မြုပ်မှုများကြောင့် ထွက်နှုန်းလျော့ကျကာ ကြက်သားဈေးများ မြင့်တက်ခဲ့သော်လည်း ယခုလတတိယ အပတ်မှစတင်ကာ ကြက်ခြံများတွင် ထွက်နှုန်းများလာသောကြောင့် ကြက်သားဈေးများ ပြန်လည်ကျဆင်းလာရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကြက်သားခြံဖမ်းဈေးမှာ ယခုရက်ပိုင်းတွင် ဈေးနှုန်းကျဆင်းလာပြီး ကြက်သားဈေးနှုန်းများမှာ ဇူလိုင်လကုန်က လက်လီဈေး အသားတစ်ပိဿာလျှင် ကျပ် ၈၀၀၀ အထိ ဈေးနှုန်းရှိခဲ့ပြီး ယခုလ တတိယအပတ် မှအပတ်မှစတင်ကာ ကြက်သားလက်လီဈေး တစ်ပိဿာလျှင် ကျပ် ၅၀၀၀ အထိ ဈေးနှုန်းကျဆင်းလာကြောင်း အဆိုပါဈေးကွက်ထံမှ သိရှိရသည်။

“အရင်က ခြံပြိုတာတွေကို ခြံပိုင်ရှင်တွေက ကြက်တွေပြန်ထည့်တော့ ထွက်နှုန်းများတယ်။ ပွဲတော်ရက်တွေနဲ့နီးလို့ ခြံသမားတွေက ဈေးလျှော့ရောင်းကြတယ်။ ခြံဖမ်းဈေးကလည်း ဇူလိုင်လကုန်အထိ ဈေးတက်နေပေမယ့် အခုရက်ပိုင်း ၂၆၀၀ လောက်ပဲရှိတော့တယ်”ဟု ဦးကျော်ဝင်းက ဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်၊ ဘဲ ဈေးတွင် ဇူလိုင်လကုန်အထိ ဒိုင်ဈေး၊ ခြံဖမ်းဈေးနှုန်း၊ လက်ကားဈေး တစ်ပိဿာလျှင် ၃၆၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၂၆၀၀ အထိ ဈေးနှုန်းကျဆင်းလာကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်ဘဲဈေးထံမှသိရသည်။

ရန်ကုန်မြို့ရှိ ဈေးများတွင် ကြက်သားလက်လီဈေးကျဆင်းလာသော်လည်း ကြက်သားဝယ်ယူသူများမှာ ယခင်ကထက် နည်းပါးလာသောကြောင့် ပုံမှန်ဈေးထက် ဈေးလျှော့ရောင်းချလာရကြောင်း ကြက်သားလက်လီအရောင်းဆိုင်များထံမှ သိရသည်။

J-10



FOLLOW US