News

08-Aug-2018

ရန်ကုန် ဆန်
ရန်ကုန်သို့ ဆန်အဝင်နည်း
ရန်ကုန်၊ ဩဂုတ် ၇

ရန်ကုန်သို့ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဆန်ဝင်ရောက်မှုလျော့နည်း၍ အရောင်းအဝယ်အေးစက်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှသိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ယခင်က တစ်ရက်လျှင် ဆန်အိတ်သုံးသောင်းကျော် ဝင်ရောက်ခဲ့သော်လည်း ယခု ဆန်အိတ် တစ်သောင်းဝန်းကျင်သာ ဝင်ရောက်တော့ကြောင်း ဆန်ကုန်သည် ဦးသန်းဦးက ပြောကြားသည်။

“ဧရာဝတီနဲ့ ပဲခူးတိုင်းဘက်တွေက ဈေးနှုန်းကောင်းလို့ အရောင်းအဝယ်များလို့ဆိုပြီး ရန်ကုန်ကိုတင်တဲ့ဆန် မရှိဘူး။ အိတ်စ်ပို့တွေကလည်း အရောင်းအဝယ်အေးပြီး ဈေးသိပ်မကိုက်တော့ သိပ်မဝယ်ကြသလို မူဆယ်ဘက်ကိုလည်း သိပ်မသွားဘူး။ ရေဘေးအတွက်လှူဖို့ အော်ဒါမှာသလောက်ပဲ ရန်ကုန်ကို ဆန်တက်တာ များတယ်။ အလှူဆန်တွေက မော်လမြိုင်ဘက်ပြန်သွားနေတာ”ဟု ၎င်းက ပြောဆိုသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဆန်ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းဆန်အရောင်းအဝယ် အေးလျက်ရှိပြီး ရေဘေးသင့်ဒေသများသို့ လှူဒါန်းရန် အော်ဒါမှာသည့်ဆန်များသာ ရန်ကုန်သို့ဝင်ရောက်လျက်ရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။

“အခုရေမြုပ်တဲ့ အခြေအနေတွေအရ စပါးအထွက်နှုန်းကို ထိခိုက်နိုင်တယ်။ အထွက်နှုန်းလျော့သလို ပြည်ပတင်ပို့မှုလည်း လျော့နိုင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေကို လယ်ယာကဏ္ဍက အများဆုံးရှာပေးနေတာ။ အစိုးရအနေနဲ့လည်း တောင်သူတွေကို တတ်နိုင်သလောက် ကူညီပေးသင့်တယ်”ဟု ဒလမြို့နယ်မှ တောင်သူဦးဆွေဦးက ပြောဆိုသည်။ 

ဇူလိုင်လ ၂၃ ရက်နေ့မှစကာ ရေကြီးနစ်မြုပ်မှုဒဏ်ကို အများဆုံးခံစားခဲ့ရသည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စပါးစိုက်ဧကနည်းပါးပြီး မိုးစပါးများကို အောက်တိုဘာလအထိ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်သောကြောင့် ဆန်အထွက်နှုန်း လျော့ကျနိုင်သော်လည်း ပြည်တွင်းဆန်စားသုံးမှုကို ထိခိုက်နိုင်ခြင်းမရှိကြောင်း ဆန်ကုန်သည်များက သုံးသပ်ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပ ဆန်အရောင်းအဝယ် အေးလျက်ရှိသော်လည်း ပြည်တွင်း လက်လီဆန်ဈေးကွက်တွင် ဇူလိုင်လအတွင်းက ဆန်တစ်အိတ်လျှင် ကျပ်တစ်ထောင်မှ နှစ်ထောင်ဝန်းကျင်အထိ ဈေးမြှင့်ရောင်းချ ထားမှုများကြောင့် အမြင့်ဈေးနှင့် ရပ်တန့်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“လက်လီဆန်ဆိုင်ကဈေးတွေက ဇူလိုင်လတုန်းက မြှင့်ထားတဲ့ဈေးတွေရှိတဲ့အတွက် အဲဒီဈေးတွေက တက်လည်းမတက်ဘူး။ ချပြီးတော့လည်း မရောင်းဘူး။ ဒီဈေးနဲ့ပဲ ဆက်ရောင်းနေကြတာ”ဟု ဆန်ကုန်သည် ဦးသန်းဦးက ဆိုသည်။

J-11



FOLLOW US