News

ရော်ဘာဈေးနှုန်း အနည်းငယ်ပြန်တက်
ရန်ကုန်၊ ဩဂုတ် ၎

မွန်ပြည်နယ်တွင် ပြည်ပမှ ရော်ဘာဝယ်ယူမှု လျော့နည်းလာသောကြောင့် ကျဆင်းနေသည့် ရော်ဘာဈေးနှုန်းမှာ ယခုရက်ပိုင်းတွင် တစ်ပေါင်လျှင် ကျပ် ၇၉၀ အထိ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရှိရသည်။

ရော်ဘာဈေးနှုန်းမှာ ဇူလိုင်လက RSS-3 အမျိုးအစားရော်ဘာ တစ်ပေါင်လျှင် ကျပ် ၇၂၀မှ ကျပ် ၇၅၀ ဝန်းကျင် ဈေးနှုန်းရှိကာ ဩဂုတ်မှစတင်ကာ ကျပ် ၇၈၀ မှ ၈၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရှိရသည်။

“ရော်ဘာဈေးက နှစ်စအဖွင့်ဈေးက ၉၀၀ လောက်နဲ့စတယ်။ ဇွန်လလောက်ကစ တစ်ပေါင်ကို ၇၀၀ အထိ ကျတယ်။ အခုရက်ပိုင်းမှာက ၇၉၀ ကနေ ၈၀၀ အထိ ပြန်တက်လာတယ်။ ရော်ဘာတွေဈေးက ကျလိုက်၊ တက်လိုက်ပေမယ့် အခုက အစေးခြစ်ကျွမ်းကျင်တဲ့လုပ်သား ရှားပါးနေတဲ့ အခက်အခဲကြုံနေရတယ်”ဟု မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဒေါ်အိမွန်အောင်က ဆိုသည်။

ရော်ဘာဈေးနှုန်းသည် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်ခန့်က RSS-3 ရော်ဘာတစ်ပေါင်လျှင် ကျပ် ၁၈၀၀ ခန့်ထိရှိရာမှ နောက်ပိုင်းတွင် နှစ်စဉ် ဆက်တိုက်ကျဆင်းလာပြီး ယခုနှစ်တွင်အဖွင့်ဈေး RSS-3 အမျိုးအစားရော်ဘာ တစ်ပေါင်လျှင် ကျပ် ၉၀၀ ဝန်းကျင် ဈေးနှုန်းရှိခဲ့ကြောင်း မွန်ပြည်နယ်မှ ရော်ဘာလုပ်ငန်းရှင်များက ပြောကြားသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ ရော်ဘာအရည်အသွေးပိုင်းမှာ လိုအပ်ချက်များရှိနေပြီး ရော်ဘာအရည်အသွေး ပိုမိုကောင်းမွန်လာပါက ဈေးနှုန်းရရှိမှု မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းရှိ ရော်ဘာခြံလုပ်ငန်းအများစုတွင် နည်းပညာများလိုအပ်နေခြင်းကြောင့် မိုးတွင်းကာလတွင် အစေးခြစ်ခြင်းများ မလုပ်ဆောင်နိုင်ကြောင်း မော်လမြိုင်မြို့ရှိ ရော်ဘာခြံလုပ်ငန်းရှင် ဒေါ်ငယ်ငယ်က ဆိုသည်။

မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ်၊ ဂျပန်၊ မလေးရှားနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိပြီး မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးမြေဧက ငါးသိန်းခန့်ရှိပြီး ဧကသုံးသိန်းခန့်မှာ ရော်ဘာထုတ်လုပ်လျက်ရှိကာ မွန်ပြည်နယ်တစ်ခုလုံး ရော်ဘာလုပ်ငန်း၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစား စိုက်ပျိုးသူများဖြစ်ကြောင်း သိရသည်။

J-10



FOLLOW US