News

04-Oct-2017

ပဲ ဆန်
ပဲအစား နွေစပါးစိုက်သူများ ဆန်စပါးအသင်းချုပ် ကူညီမည်
ရန်ကုန်၊ အောက်တိုဘာ ၃

လာမည့်ဆောင်းဥတု ပဲစိုက်ရာသီအတွင်း နွေစပါးအစားထိုး စိုက်ပျိုးမည့်သူများကို အကူအညီပေးရန် စီစဉ်လျက်ရှိပြီး အဆိုပါအရေးနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“အခုကတော့ ယေဘုယျပေါ့။ အသေးစိတ်ကိုတော့ အစည်းအဝေးကျမှ အားလုံး ပူးပေါင်းပြီး ဆွေးနွေးကြမှာပါ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုသည်။

လာမည့် ပဲစိုက်ရာသီအတွင်း နွေစပါး ပြောင်းလဲစိုက်ပျိုးလိုသည့် တောင်သူများ စာရင်းကို စုဆောင်းလျက်ရှိပြီး လိုအပ်သည့် မျိုးစပါးများ၊ သွင်းအားစုများကို အကူအညီပေးနိုင်ရန် စိုက်ဧက စာရင်းများကို စုဆောင်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိဖြစ်ပေါ်နေသော ပဲဂယက်ကို ဖြေရှင်းနိုင်ရန် ပဲစိုက်ရာသီအတွင်း နွေစပါး ပြောင်းလဲ စိုက်ပျိုးရန် စီစဉ်ခြင်းဖြစ်ပြီး ထိုသို့စိုက်ပျိုးစေပါက တောင်သူများအတွက် အဆင်ပြေစေမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

“မတ်ပဲက စိုက်ရတာ လက်ဝင်တယ်။ ဆေး (မြေဩဇာ) လည်း ကျွေးရတယ်။ နွေစပါးကတော့ အဓိက ရေပဲ လိုတယ်။ ထွက်နှုန်းနဲ့ အရည်အသွေး ပိုကောင်းချင်ရင်တော့ ဆေးကျွေးပေါ့”ဟု တောင်သူတစ်ဦးဖြစ်သူ ဦးကံကောင်းက ပြောဆိုသည်။

လာမည့်ဆောင်းရာသီ ပဲစိုက်ရာသီ ဖြစ်သည့် နိုဝင်ဘာလမှစတင်၍ မတ်ပဲကို စိုက်ပျိုးကြခြင်းဖြစ်ပြီး လက်ရှိပဲဈေးကွက် အခြေအနေကြောင့် ပဲအစား အခြားသီးနှံ ဖြစ်သည့် နွေစပါးကို အဓိက စိုက်ပျိုးရန် တောင်သူများ ပြင်ဆင်နေကြကြောင်း ပဲကုန်သည်များထံမှ သိရသည်။

“မတ်ပဲ စိုက်လို့ရတဲ့ မြေမှာတောင် အရင်လို ဓာတ်မြေဩဇာ မကျွေးဘဲ ထွက်သလောက်ပဲ စိုက်ပျိုးမယ်ဆိုတဲ့ လူတွေ ရှိတယ်။ ပဲက ကုန်သည်တွေဆီမှာ အများကြီး ကျန်နေသေးတာဆိုတော့ ထပ်မစိုက်ချင်ကြတော့ဘူး”ဟု မတ်ပဲ အဓိက စိုက်ပျိုးရောင်းချသည့် တောင်ငူမြို့မှ ပဲကုန်သည် ဦးသိန်းလွင်က ပြောဆိုသည်။ 

ပြည်ပပို့ ပဲဈေးကွက်၏ အဓိက ဝယ်လက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံက ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို တင်သွင်းခွင့် ကန့်သတ်လိုက်သည့်အတွက် မြန်မာ့ပဲ ဈေးကွက်ဂယက်  ရိုက်ခဲ့ပြီး ဈေးနှုန်း အဆမတန် ကျဆင်းခြင်းကို ရင်ဆိုင်နေရသည်။

သို့သော် ဆန်တင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ခြောက်လအတွင်းပင် ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးစာ တင်ပို့မှုပမာဏနှင့် တူညီနေပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း တန် ၂ သန်းအထိ စံချိန်တင် တင်ပို့နိုင်ရန် ရည်မှန်းချက် ထားနေသည့်အတွက် စပါး ပိုစိုက်ပါက ထိခိုက်မှု မရှိနိုင်ကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။

S-04

  • VIA


FOLLOW US