News

POST TAGGED AS

ဆန်စက်ပြာမှုန်

ဆန်စက်ပြာမှုန်များ ရပ်ကွက်အတွင်းမလွင့်စေရန် သတိပေး
ပြည်၊ ဖေဖော်ဝါရီ ၁၇

ပေါင်းတည်မြို့နယ်၊ မင်းကွက် ၃ ရပ်ကွက်အတွင်းရှိ ဆန်စက်တစ်ခုမှ ပြာမှုန်များ ရပ်ကွက်အတွင်းသို့ ကျရောက်နေမှုကြောင့် ဒေသခံများ အခက်အခဲ တွေ့ကြုံရလျက်ရှိသည့်အပေါ် ရပ်ကွက်အတွင်းသို့ ဆန်စက်မှပြာမှုန်များ မလွင့်စေရန်နည်းလမ်းများဖြင့် လုပ်ဆောင်ရန် သတိပေးညွှန်ကြားထားကြောင်း မင်းကွက် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတည်မြို့နယ်စည်ပင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးတို့က စစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်း ပြာမကျစေရန် လမ်းညွှန်ခဲ့ကြောင်း၊ ယင်းအခြေအနေကို မြို့နယ်အဆင့်ဆင့် ထပ်မံကျရောက်ပါက အထက်အဆင့်ဆင့် လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြီးခဲ့သည့်နှစ်မှစ၍ ယခုကဲ့သို့ ရပ်ကွက်အတွင်း ပြာမှုန်များကျလာပြီး အိမ်၊ သောက်ရေ၊ သုံးရေများ၊ ကလေးသူငယ်များ၏ မျက်စိထဲသို့ဝင်ခြင်းနှင့် အစားအသောက်များ ထိခိုက်ခြင်းတို့ ကြုံတွေ့နေရကြောင်း အဆိုပါဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“အဓိကက မြောက်လေလာရင်ကျတာ။ မနှစ်က ပိုဆိုးတယ်။ ပြာတွေက အတောင့်လိုက်ကျတော့ ရပ်ကွက်ကပြောတော့ လာစစ်ပြီးလုပ်ပေးမယ် ပြောတယ်။ ဒီနှစ်ထဲမှာက သူတို့လည်းပြင်ထားတယ် ထင်တယ်။ ပြာအမှုန်လောက်ပဲ ကျတော့တယ်။ တစ်အိမ်လုံးလည်း ပြာမှုန်တောထဲမှာပဲလို ဖြစ်နေတယ်”ဟု အဆိုပါဒေသခံ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါဆန်စက်မှာ နှစ်ရှည်ကြာနေပြီဖြစ်၍ မပိတ်စေချင်သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများ အခက်အခဲမဖြစ်စေရန် ယခုကဲ့သို့ ပြာများကျရောက်နေမှုကို အမြန်ဆုံးပြင်ဆင်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဆန်စက်ဆိုတာက အရင်တုန်းက မြို့အပြင်လူတွေနဲ့ဝေးတဲ့နေရာ မြေဧကကျယ်ကျယ်နဲ့ရှိတာ။ နောက်ပိုင်းလူဦးရေ ထူထပ်လာတော့ ရပ်ကွက်တွေ အိမ်တွေဖြစ်လာတယ်။ စက်က နည်းပညာလိုအပ်တာလည်း ရှိတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြာမကျစေဖို့ နံရံတွေ အလုံပိတ်ဖမ်းတာ။ ရေနဲ့ဖမ်းတာတွေလုပ်နေတယ်။ ထပ်ပြီးလည်း နည်းပညာအကူ အညီတွေတောင်းထားပါတယ်။ ရပ်ကွက်ကို ထိခိုက်တယ်ဆိုတော့ ကျွန်တော်တို့လည်း အလုပ်လုပ်ရတာ မကောင်းပါဘူး”ဟု အဆိုပါ ဆန်စက်ပိုင်ရှင် ဦးထင်ဇော်လှိုင်က ပြောဆိုသည်။

အဆိုပါ ဆန်စက်မှ ပြာမှုန်များလွင့်စဉ် ကျရောက်မှုမှာ မြောက်လေလာသည့် မိုးရာသီနှင့်ဆောင်းရာသီတွင် အဓိကကြုံတွေ့ခံစားနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

M-06



FOLLOW US