News

POST TAGGED AS

ဆင်ကပွဲ

နှစ် ၉ဝဝ ကျော် မပြတ်ဆင်နွှဲ ကျောက်ဆည် ဆင်ကပွဲ


ကျောက်ဆည်မြို့ဟု ပြောလိုက်သည်နှင့် အားလုံး ပြေးမြင်တတ်ကြသည်က ကျောက်ဆည်မြို့ဝင် ဆိုင်းဘုတ်ကြီးနှင့်တွဲလျက် ဆင်ဖြူ နှစ်ကောင်ရုပ်တု ဖြစ်လိမ့်မည်။ ကျောက်ဆည်နှင့် ဆင်သည် ခွဲခြား၍ မရသလို ကျောက်ဆည်သူ၊ ကျောက်ဆည်သားတို့နှင့် ဆင်ပွဲသည် ခွဲခြား၍မရခဲ့။ 

ဝါလကင်းလွတ် သီတင်းကျွတ် ရာသီသည် ကျောက်ဆည်သားတို့ ဆင်နှင့် တစ်သားတည်း ဖြစ်သွားသည့် ကာလဟု ဆိုရမည်။ နှစ်ပေါင်း ၉ဝဝ ကျော်သက်တမ်း ရှိပြီဖြစ်သော ကျောက်ဆည် ဆင်ပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပတော့မည်။ 

အနော်ရထာမင်းလက်ထက် ပုဂံပြည်ကြီး၏ လယ်တွင်း ၁၁ ခရိုင် အပါအဝင်ဖြစ်သော ကျောက်ဆည်ဒေသသည် ရေမြေ သဘာဝ ကောင်း၍ ဆန်ရေစပါး ပေါကြွယ်ဝလှသည်။ ကျောက်များကို ဆည်ပြုထားသော စိုက်ပျိုးရေးမြို့ သို့မဟုတ် ကျောက်ဆည်မြို့သည် ကျောက်ဆည်ဆင်ပွဲကြောင့်လည်း ထင်ရှားလှသည်။ 

ကျောက်ဆည်ဆင်ပွဲသည် အနော်ရထာမင်း လက်ထက်မှ စတင် ကျင်းပခဲ့သော ပွဲဖြစ်ပြီး တိုင်းပြည်၏ ဆန်ရေစပါး ပေါကြွယ်ဝမှု ပြယုဂ်ဟုလည်း ဖွင့်ဆိုကြသည်။ ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်က စွယ်တော်ပင့်ရာ ဆင်ဖြူတော် ဝပ်ခဲ့သည့် ရွှေသာလျောင်းတောင်တွင် နှစ်စဉ် ဆင်လှူပွဲ ကျင်းပရာမှ ကျောက်ဆည်ဆင်ပွဲ ဖြစ်လာခဲ့သည်ဟု အဆိုရှိသည်။ 


ကျောက်ဆည်ဆင်ပွဲ ကျင်းပရန်အတွက် ကျောက်ဆည်သူ၊ ကျောက်ဆည်သားတို့သည် ဝါတွင်းကတည်းက ဆင်ရုပ်များချိုးပြီး ပြင်ဆင်ကြရသည်။ နှီးစ၊ နှီးကြိုးများဖြင့် ဆင်ကိုယ်ထည်ပုံခွေလျက် စက္ကူ၊ ဘိလပ်မြေစက္ကူ၊ ကတ္တီပါစတို့နှင့် ဆင်ပုံ ပေါ်အောင် အလှဆင်ရသည်။ ဆင်ခေါင်းပုံ ပီသအောင် စက္ကူပေါ်တွင် ပန်းချီဆေးခြယ်ရသည်။ ဆင်ကိုယ်ထည်ထဲ ဝင်ကမည့် ကာလသားတို့လည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆိုင်းဝိုင်း၊ အိုးစည်၊ ဒိုးပတ်တို့နှင့် ပြင်ရ ဆင်ရ အပြိုင်နွှဲရသည်။ 

ကျောက်ဆည်ဆင်ပွဲတွင် ဆင်ကပွဲနှင့် ဆင်လှူပွဲဟူ၍ နှစ်ခုရှိသည်။ ဆင်ကပွဲသည် နှစ်စဉ် မြန်မာပြက္ခဒိန်၏ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျင်းပပြီး နောက်တစ်နေ့ လပြည့်နေ့တွင်ကား ဆုရ ဆင်များ၏ ဆုပေးပွဲနှင့် ဆင်လှူပွဲ ဖြစ်လေသည်။ 

ဆင်ကပွဲနှင့် ဆင်လှူပွဲ နှစ်ရက်လုံး ကျောက်ဆည်မြို့သည် နယ်ဝေး၊ ရပ်နီး ဧည့်သည်များ ကြိတ်ကြိတ်တိုးသည့် ကာလပင်။ ကျောက်ဆည်မြို့အဝင်ဆိုင်းဘုတ်မှစ၍ ကားတန်းက တစ်မျှော် တစ်ခေါ်။ ပြိုင်ပွဲ ကျင်းပရာ ရွှေသာလျောင်း တောင်ခြေ ဆင်ကွင်းအထိ ကားများ ဆိုင်ကယ်များ တန်းစီ နေတတ်သည်။ 

ပုံမှန်အားဖြင့် ဆင်ကပွဲတွင် ပြိုင်ပွဲ ဝင်ဆင်များသည် ဆင်ကွင်းမှသည် ဈေး တစ်ပတ်ပတ်ပြီး ပြိုင်ရသော်လည်း ယခုနှစ်တွင်မူ တစ်မူ ထူးခြားစွာ ပြိုင်ပွဲလမ်းကြောင်းအသစ် ဆွဲထားလေသည်။ 

တိုးတက်လာသော ပွဲကြည့်ပရိသတ်နှင့် မျှတအောင် လမ်းကြောင်းအသစ် ဆွဲထားရခြင်းဟု ဆိုရမည်။ 

ယခုနှစ်တွင် ပြိုင်ပွဲဝင် ဆင်များသည် ဆင်ကွင်းမှ တာထွက်ရမည်။ တာထွက်တွင် ဒိုင်တစ်ခု ရှိပေမည်။ တာထွက်ပြီးလျှင် အနောက်ပေါက်အတိုင်း ဘယ်တစ်ကွေ့ ချိုး၊ ညာတစ်ကွေ့ ချိုးပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ဆင်ရေး ပြရပေလိမ့်မည်။ ပြီးလျှင်တော့ ဟိန္နူဘုရားကျောင်းရှေ့တွင် ဒိုင်တစ်ခု၊ မြို့လယ် နာရီစင်ကိုလွန်ပြီး ဟန် ရုပ်ရှင်ရုံရှေ့တွင် ဒိုင်တစ်ခု။ ပြီးမှ ခုနစ်ဆောင်ကျောင်းနှင့် လေးမျက်နှာ ဘုရားကို ကျော်ပြီး ဆင်ကွင်းထဲ ပြန်ဝင်ရမည် ဖြစ်သောကြောင့် လမ်းတစ်လျှောက် ပရိသတ်ကလည်း ဆင်ပွဲ အကအလှများကို ပိုပြီး ရှုစားနိုင်ကြပေလိမ့်မည်။ 

ပြိုင်ပွဲဝင် ဆင်များကို အမျိုးအစားအားဖြင့် ရိုးရာဆင်၊ ဘော်ကြယ်ဆင်နှင့် ကလေးဆင်ဟူ၍ သုံးမျိုး ခွဲခြားထားသည်။ ရှေးတုန်းကနည်းဟန်အတိုင်း ဆင်ယင်ထားသော ရိုးရာဆင်၊ ခေတ်မီဆန်းသစ် ထားသော ဘော်ကြယ်ဆင်နှင့် ကလေးများ ပါဝင် ကပြသော ကလေးဆင်ဟူ၍ ဆင်အမျိုးအစားတိုင်းသည် သူ့ပြိုင်ဘက်နှင့်သူ သူ့ထက်ငါ ကပြကြမည့်သူများသာ။ 

အကဲဖြတ် ဒိုင်များကလည်း ဆင်ရေးပြရာ ဆင်ကရာလမ်းတစ်လျှောက် တာ ထွက်ကတည်းက အမှတ်ပေး ဆုံးဖြတ်တတ်ကြသည်။ ဘုရားကန်တော့၊ နတ်ပင့်၊ ဆင်က၊ ဗုံထောက်နှင့် ခေတ်ဆန်းဟူ၍ သူ့အပိုင်းနှင့်သူ အမှတ် ပေးထားသည်ဖြစ်ရာ ဒိုင်များ ရှေ့တွင်သာမက ပရိသတ်ရှေ့တွင်ပါ ခြေရေး သာနေဖို့ လိုသည်။ 


ကဟန်များကလည်း အိုးစည်၊ ဒိုးပတ်၊ ဝါးလက်ခုပ် စည်းချက်နှင့်အညီ ကရသေးသည်။ ဆင်ကိုယ်ထည်ကဝင်လျက် ဆင်၏ လှုပ်ရှားဟန်အတိုင်း လိုက်လှုပ်ရသည့်အကသည် တကယ်တော့ မလွယ်လှပေ။ ဆင်ရုပ်အတွင်းက အပူဒဏ်ကိုလည်း ခံနိုင်မှ၊ ကိုယ့်ပြိုင်ဘက်တွေထက်လည်း ကကွက်သာနေ ဆန်းနေမှ၊ ပရိသတ်ကလည်း သဘောကျ၊ ဒိုင်တွေကလည်း အမှတ်ပေးပါမှ ကရကျိုးနပ်သည့် ဆင်ပွဲဖြစ်သည်။ 

ဆင်ကပွဲပြီးလျှင်တော့ ဆင်လှူပွဲ။ ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်ကတည်းက ဆန်ရေစပါး ပေါကြွယ်ဝစေရန် ရည်ရွယ်၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည့် ဆင်ပွဲသည် ယခုထက်တိုင် ရွှေသာလျောင်း တောင်ထိပ်မှာ ကျင်းပမြဲဖြစ်သည်။ ထိုသို့ မကျင်းပနိုင်သည့်နှစ်များတွင် ဆန်စပါး အထွက် လျော့နည်းသည်ဟူသော ယုံကြည်မှုကလည်း ယနေ့ထက်တိုင် ကျောက်ဆည်သားတို့ရင်မှာ စွဲထင်နေမြဲ ဖြစ်သည်။ 

ရှေးယခင်ကတော့ ဆန်မှုန့်၊ ကောက်ညင်းမှုန့်တို့ဖြင့် ပြုလုပ်ထားသော ဆင်ရုပ် လေးများကို ရွှေသာလျောင်း တောင်ထိပ်မှ နေ၍ တောင်အောက်သို့ ပစ်ချပြီး ဆုတောင်းတတ်ကြ၊ ဆင်လှူကြသည်။ ယခုကာလ ရွေ့လျားလာတော့ ကတ္တီပါအဝတ်ဆင်ရုပ်လေးများ လှူဒါန်းပြီး ဆုတောင်းကြသည်။ 

ထိုကတ္တီပါအဝတ်ဆင်ရုပ်လေးများသည်လည်း ကျောက်ဆည် ပြန်လက်ဆောင် အမှတ်တရ ပစ္စည်းအဖြစ် ဒေသခံတို့ဝင် ငွေတိုးစေသည့် ထွက်ကုန်ဟုဆိုလျှင် မှားမည်မထင်ပါ။ ဘော်ကြယ်စီးကွင့်ရောင်စုံ တလက်လက်နှင့် ဖြူနီဝါပြာ မျက်စိပသာဒ ဖြစ်လှသော ဆင်ရုပ်လေးများသည် ကျောက်ဆည်မြို့ဝင် ရွှေသိမ်တော်ဘုရား မုခ်ပေါက်မှစ မြို့ထဲလမ်းဘယ်ညာ၊ ဘုရား စောင်းတန်းများတွင်ပါမကျန် ဝယ်ယူရရှိ နိုင်ပေသည်။ 

ရွှေသာလျောင်း ဘုရားတောင်ထိပ်သို့ ဆင်လှူကြသည့်အထဲ မုန့်ဆင်၊ အရုပ် ဆင်တို့ သာမက ရှေးတုန်းကတော့ ဆင်ကပြီးသည်နှင့် ထိုဆင်ရုပ်ကို လှူဒါန်းလေ့ ရှိသည်။ ယခုတော့ ဆင်ရုပ်တွေက ချိုးတတ်သည့်သူလည်း ရှားလာ၊ စရိတ်စကလည်း များလာသောကြောင့် ဆင်ရုပ်တွေ အရင်လို မလှူဘဲ ပြန်သိမ်းထားကာ နောက်ထပ်ဆင် အကတွေ လေ့ကျင့်ကြသည်။ အရပ်ပွဲတွေထဲ လှည့်ကကြသည်။ အိုးစည်ဒိုးပတ်သံ တညံညံနှင့် နှာမောင်းမြှောက်ကာ မြှောက်ကာ၊ ခြေဆကာ ဆကာ၊ ရပ်ကွက်ထဲ ဆင်အက အဖွဲ့ ဝင်လာသည်နှင့် ကလေးအားလုံး ရွှင်မြူးတတ်ကြသည်က ကျောက်ဆည်ဆင်တို့၏ ပီယဓာတ်ဟု ဆိုရမည်။ 

နှစ်ပေါင်း ၉ဝဝ ကျော် ကျင်းပလာသော ဆင်ကပွဲနှင့် ဆင်လှူပွဲ။ 

သမိုင်းကြောင်းနှင့် ရိုးရာအပျက် မခံခဲ့သော ကျောက်ဆည်ဆင်ပွဲသည် ကျောက်ဆည်မြို့ တည်ရှိနေသရွေ့ တိမ်ကောလိမ့်မည် မထင်ပါ။ သီတင်းကျွတ်လဆန်း ၁၄ ရက်ဆိုလျှင် အနယ်နယ် အရပ်ရပ်က ကျောက်ဆည်ဆင်ပွဲကို အပြေး လာကြည့်ကြမည်။ လူနှစ်ယောက် ဝင်ကနေသည်ဟုပင် မမြင်တော့ဘဲ သက်ရှိဆင် တစ်ကောင် ကိုယ့်ရှေ့မှာ နွဲ့နွဲ့နှောင်းနှောင်း စည်းချက် ကျကျ ကပြနေသည့် ဆင်ပွဲအက အလှများကို ခံစားကြည့်ကြမည်။ 

ကျောက်ဆည်သူ၊ ကျောက်ဆည်သားတို့လည်း နှစ်စဉ် ရိုးရာမပြတ် ဆင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေဦးမည်။ ပြီးတော့ ဆုရဆင်တို့၏ ကကွက်များကို ပွဲပြီးသည်ထိ တသသ ဖြစ်နေဦးမည်။ ကျောက်ဆည် ပြန်လက်ဆောင် ဆင်ရုပ်ကလေးများက ဧည့်ပရိသတ်တိုင်း၏ လက်ထဲတွင် ပါနေဦးမည်ဖြစ်သလို ကျောက်ဆည် ဆင်အက အလှများသည်လည်း နှလုံးထဲတွင် အမြဲ စွဲထင်နေလိမ့်ဦးမည် ထင်ပါသည်။ 

ယဉ်ယဉ်နှောင်း




FOLLOW US