News

POST TAGGED AS

စွန့်ဦးတီထွင်

နောင်နှစ် ၂၀ တွင် စင်ကာပူကို အမီလိုက်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
စင်ကာပူ၊ နိုဝင်ဘာ ၃၀
စင်ကာပူဝန်ကြီးချပ် လီရှန်လွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့
လီကွမ်ယုနှင့် ဒေါ်ခင်ကြည်တို့ ၁၉၆၅ ခုနှစ် မေလက တွေ့ဆုံမှုသမိုင်းဝင်မှတ်တမ်းဓာတ်ပုံကို
လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။


မြန်မာနိုင်ငံအနေနှင့် နောင်လာမည့် နှစ် ၂၀ ကာလတွင် လက်ရှိ စင်ကာပူ ရရှိထားသည့်နေရာကို ရယူရန်၊ တစ်နည်းအားဖြင့် စင်ကာပူကို အမီလိုက်နိုင်ရန် မျှော်လင့်ထားသည်ဟု စင်ကာပူမြို့-နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားလိုက်သည်။ 

စင်ကာပူရှိ Global Conversations တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ယခင်စင်ကာပူခေါင်းဆောင် လီကွမ်ယူး(ကွယ်လွန်) ပြောဖူးသော စကားကို ပြန်လည် ကိုးကားလိုက်သည်။ 

"စင်ကာပူ လွတ်လပ်ရေးရပြီးခါစမှာ အဲဒီတုန်းက ၀န်ကြီးချုပ် လီကွမ်ယူးက ပြောခဲ့တာရှိတယ်၊ နောင်လာမယ့်နှစ် ၂၀ မှာ စင်ကာပူဟာ မြန်မာနိုင်ငံကို အမီ လိုက်နိုင်လိမ့်မယ်တဲ့။ အခု ကျွန်မထင်တယ်၊ အဲဒီစကားကို နည်းနည်းပြောင်း ပြောရတော့မယ်၊ နောင်လာမယ့်နှစ် ၂၀ ကာလမှာ မြန်မာဟာ စင်ကာပူနေရာကို ရယူနိုင်လိမ့်မယ် (စင်ကာပူကို အမီလိုက်နိုင်လိမ့်မယ်)။အဲဒီလိုလုပ်နိုင်အောင် ရှင်တို့အနေနဲ့ ကျွန်မတို့ကို အကူအညီပေးကြပါ။ ဘာကြောင့်လဲဆိုတော့ ဒေသတစ်ခုမှာ နေရာတစ်နေရာ အောင်မြင်တိုးတက်မှု ဖြစ်တယ်ဆိုတာ ဒေသတစ်ခုလုံး အောင်မြင် တိုးတက်မှုရှိတဲ့ သဘောပါပဲ" ဟု စင်ကာပူသို့ သုံးရက်တာ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် မတူကွဲပြားသောအကြောင်းများ (ဖက်တာများ) ကြောင့် အာဆီယံ အိမ်နီးချင်းနိုင်ငံများနောက်တွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့ကြောင်း ၎င်းက ပြောသည်။ 

သို့သော် ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တို့တွင် ရှေ့သို့လှမ်းချီနေပြီဖြစ်ပြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် စင်ကာပူနိုင်ငံ၏ အကူအညီများကို ရယူရန်လည်း နည်းလမ်း ရှာဖွေလျက်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

"နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ ခွဲထုတ်ထားလို့ မရနိုင်ပါဘူး။ အထူးသဖြင့် ယခုလို ကျွန်မတို့ တိုင်းပြည်ကို ညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုတင်မက ချမ်းသာကြွယ်ဝမှု ရှိအောင် ကြိုးစား လုပ်ကိုင်နေရတဲ့အချိန်မျိုးမှာပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စင်ကာပူ စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လူသားအရင်းအနှီးနှင့် သဘာဝရင်းမြစ်များသည် စင်ကာပူ ကုမ္ပဏီများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း မှတ်ချက်ပေးသည်။ 

ထိုသို့ နောင်နှစ် ၂၀ တွင် စင်ကာပူကို မြန်မာ အမီလိုက်မည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်ပေးပြောဆိုမှု ပေါ်ထွက်လာပြီးနောက် စင်ကာပူနိုင်ငံသားများ အသုံးပြုသော အွန်လိုင်းဖိုရမ်များနှင့် လူမှုကွန်ရက်များတွင် ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ 

Sgtalk ဟု အမည်ရသည့် စင်ကာပူ ဖိုရမ်ဝက်ဆိုက်တွင် "အလိုလေး၊ မြန်မာ က စင်ကာပူကို နှစ် ၂၀မှာ အမီလိုက်မယ် လို့ဆိုလေရဲ့"ဟူသော ခေါင်းစဉ်ဖြင့် ဖိုရမ်ဖွင့်ကာ စင်ကာပူနိုင်ငံသားများ ဆွေးနွေးကြသည် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက တွေ့ရသည်။ 

ဖိုရမ်တွင် ၀င်ရောက်ဆွေးနွေးသူ တစ်ဦးက "ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် ဟာသနှောပြီး ပြောတတ်တဲ့ ခေါင်းဆောင်တစ်ဦးပဲ။ သူ့ကို သဘောကျ တယ်။ သူက စင်ကာပူဟာ နောင်နှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိတော့ဘူး၊ ဒါမှမဟုတ် နောက်ပြန်ကျမယ် ဆိုတဲ့သဘောမျိုးကို ဟာသလုပ်ပြီးပြောသွားတာ" ဟု ဆိုသည်။



FOLLOW US