News

POST TAGGED AS

စုံစမ်းစစ်ဆေးရေးအဖွဲ့

တရားသူကြီးနှင့် ရှေ့နေကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
စစ်တွေ၊ ဧပြီ ၁

ကျိုက်ထိုမြို့နယ် တရားသူကြီး ဦးဦးသိန်းထွန်းနှင့် သံတွဲမြို့နယ် အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်းတို့ကို အဂတိ လိုက်စားမှုဖြင့် ဧပြီလ ၁ ရက်က အမှုဖွင့်လိုက်ကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။ 

အဆိုပါ တရားသူကြီးမှာ ၂၀၁၆ ခုနှစ်က သံတွဲမြို့နယ်တွင် မြို့နယ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က တရားလိုထံမှ ကျပ် ၆၂ သိန်းကျော်နှင့် တရားခံဘက်မှ ကျပ်သိန်း (၁၀၀) ရယူပြီး အမှုအနိုင်ပေးခြင်း၊ သက်သေထွက်ဆိုချက်များကို ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးရန် နစ်နာသူက ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

တိုင်းကြားချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးစစ်ဆေးရာ ဦးဦးသိန်းထွန်းသည် အမှု၏ တရားလိုထံမှ ကျပ် ၆၂ သိန်းကျော် တောင်းခံရယူခဲ့ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သံတွဲမြို့မရဲစခန်းတွင် ဦးဦးသိန်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ အလားတူ အထက်တန်းရှေ့နေ ဒေါ်ခင်ချိုဝင်းသည် တရားလိုထံမှနေ၍ တရားသူကြီးကိုပေးခဲ့သည့်ငွေအနက် ငွေကျပ် ၄၂ သိန်းကို တရားလိုထံမှ တောင်းယူကာ ဦးဦးသိန်းထွန်းပေးခဲ့ခြင်းဖြင့်အားပေးကူညီရာ ရောက်သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/ ၆၃ တို့နှင့် တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ကော်မရှင်ထံမှ သိရသည်။

R-22



FOLLOW US