News

POST TAGGED AS

စုံစမ်းစစ်ဆေးရေးအဖွဲ့

မြောက်ဦးအရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမည်ပြောင်းမည်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၇ 

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စုံစမ်းလေ့လာရေးအဖွဲ့ဟု မတ်လ ၆ ရက်တွင် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြောင်းလဲမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောကြားသည်။

လွှတ်တော်၏ အခန်းကဏ္ဍမှာ စစ်ဆေးရေးလုပ်ရမည့် တာဝန်မရှိကြောင်း၊ စုံစမ်းလေ့လာရေး လုပ်ရမည်ဟုသာ သတ်မှတ်ထားသည့်အတွက် အမည်ပြောင်းလဲရခြင်းဖြစ်ကြောင်း၊ အမည်ပြောင်းသော်လည်း လုပ်ဆောင်ရမည်မှာ မူလအတိုင်းသာဖြစ်ပြီး လွှတ်တော်အစည်းအဝေးပြီးပါက မြေပြင်သို့ ကွင်းဆင်းကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“အစိုးရက ပြောင်းခိုင်းလို့မဟုတ်ဘူး။ ဥပဒေအရ စစ်ဆေးခွင့်မရှိဘူး။ လေ့လာခွင့်ပဲ။ ဒါပေမဲ့ လေ့လာတာလဲ စစ်ဆေးမှုတစ်မျိုးပဲ။ ကျွန်တော်တို့က စစ်ဆေးဆိုတဲ့စကားလုံးကို သိပ်သဘောမကျသလို အစိုးရကလည်း သဘောမကျဘူး”ဟု ဦးအောင်ဝင်းက ပြောဆိုသည်။

အဆိုပါ အဖွဲ့ကို ဇန်နဝါရီ ၂၉ ရက် က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနှင့် လွှတ်တော်ဥပဒေရေးရာအကြံပေးအဖွဲ့မှ ၂ ဦး စုစုပေါင်း ၉ ဦးတို့ဖြင့် အတည်ပြုဖွဲ့စည်းခဲ့သည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရာကုန်းပေါ်တွင် စာပေဟောပြောပွဲ ပြုလုပ်ခြင်းကို အာဏာပိုင်များက ပိတ်လိုက်သောကြောင့် ပြည်သူများဆူပူအုံကြွကာ ဆန္ဒပြခဲ့ကြောင်း၊ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်လူစုခွဲခဲ့သည်။ 

သေနတ်ပစ်ကာ လူစုခွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိတွင် ဒဏ်ရာရသူ ၁၂ ဦး အနက် ၉ ဦးကို အများပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ၆ (၁) ဖြင့် အမှုဖွင့်ကာ စစ်တွေမြို့ရှိ အကျဉ်းထောင်တွင် ၈ ဦး ဖမ်းဆီးထားပြီး မြောက်ဦးမြို့နယ်ရဲစခန်း၌လည်း တစ်ဦးကိုဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

R-22



FOLLOW US