News

POST TAGGED AS

စုံစမ်းစစ်ဆေးရေးအဖွဲ့

မြောက်ဦးဖြစ်စဉ်စုံစမ်းစစ်ဆေးမှု မတ်လတွင်စမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ 

ရခိုင်ပြည်နယ် မြောက်ဦးပဋိပက္ခအတွင်း လူခုနစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ပြည်နယ်လွှတ်တော်က ဖွဲ့ထားသည့် စုံစမ်းရေးအဖွဲ့သည် မတ်လတွင် စတင်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဆန္ဒပြသူခုနစ်ဦး သေဆုံးခဲ့ပြီး ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် ပြည်နယ်လွှတ်တော်က စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရက လက်မခံဘဲ အခြေခံဥပဒေနှင့်မညီ၍ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ပြီးခဲ့သည့်ရက်ပိုင်းက ညွှန်ကြားစာ ထုတ်ပြန်ခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်သေးခြင်းဖြစ်သည်။

မတ်လ ၆ ရက်တွင် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်မည်ဖြစ်ပြီး ယင်းအစည်းအဝေးအပြီးတွင် စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက ပြုလုပ်နိုင်ကြောင်း နှုတ်ကတိဖြင့် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လွှတ်တော် ပုံမှန်အစည်းအဝေးက ဘယ်တော့ပြီးမလဲတော့ မသိနိုင်ပေမယ့် မတ်လထဲမှာတော့ စနိုင်မယ်လို့တော့ ပြောနိုင်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သွားချင်လည်းသွားပေါ့။ ဌာနဆိုင်ရာတွေကို ပြောထားမယ်လို့တော့ နှုတ်ကတိပေးတာရှိတယ်။ တရားဝင် စာရွက်စာတမ်းပေးတာတော့ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်က ကျင်းပရန် စီစဉ်ထားသည့် ၂၂၃ ကြိမ်မြောက် ရခိုင်ဘုရင် အချုပ်အခြာအာဏာကျဆုံးခြင်း အခမ်းအနားကို ဒေသအာဏာပိုင်များက ခွင့်မပြုဘဲ တားမြစ်ခဲ့သည့်အတွက် ဒေသခံထောင်နှင့်ချီ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးမည့် အဆိုတစ်ရပ်ကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ဇန်နဝါရီလ ၂၉ ရက်က တင်သွင်းခဲ့သဖြင့် အတည်ပြုခဲ့ပြီး ကိုယ်စားလှယ်ကိုးဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြောက်ဦးပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တုတ်၊ ဒိုင်းများဖြင့် လူစုခွဲခဲ့သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး ရုံးအတွင်း အကြမ်းဖက်ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် တီ-၅၆ နှင့် ဘီအေ-၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

J-08



FOLLOW US