News

POST TAGGED AS

စိုးမိုးရေး

ကျွန်တော်နှင့် လွှတ်တော် (၂)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပုံမှန်အစည်းအဝေးများ ပြီးဆုံးခဲ့ပြီ။ မြန်မာနိုင်ငံ၏ အပူပြင်းဆုံးအချိန်ကာလ မေ ၁၄ ရက်တွင် စတင်ခဲ့သည့် လျှပ်စီးတလက်လက်နှင့် မိုးသံလေသံများ ပျိုးလာချိန်ဖြစ်သည်။ နေပြည်တော် ပျဉ်းမနားတောင်ညိုသည် ကျွန်တော်တို့အတွက် ပို၍ပူသည်ဟု မထင်ရပေ။ လွှတ်တော်ထဲမှာ လေအေးစက်နှင့်၊ စည်ပင် ခန်းဆောင်မှာ လေအေးစက်နှင့်ဆိုတော့ နေပျော်နေသည်။ နိုင်ငံပြင်ပ မိုးလေဝသတွင်ကား ဝေဖန်ချက်၊ စွပ်စွဲချက်၊ တိုက်ခိုက်ချက်များနှင့် လေပွေထနေသည်။ နိုင်ငံအတွင်း ကောလာဟလများ၊ ညည်းတွားသံများ၊ မြို့ပြလမ်းများပေါ်မှ ဆန္ဒဖော်ထုတ်ခြေသံများအကြားတွင် လွှတ်တော်သည် တစ်စုံတစ်ခုပြောင်းခဲ့ပြီဖြစ်သည်။ သမ္မတသစ်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ်ကို မွေးထုတ်ပေးလိုက်ပြီမဟုတ်ပါလား။ သတ္တမပုံမှန်အစည်းအဝေး၏ နောက်ဆုံးနေ့များမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ 

ထိုအပြောင်းအလဲကို ကျွန်တော် မျက်ဝါးထင်ထင် မခံစားလိုက်ရ။ ဆန္ဒမဲပေးခွင့် မကြုံလိုက်ရပေ။ မတ်လ၏ တတိယရက်သတ္တပတ်စကတည်းက ရခိုင်ပြည်နယ်ဘက်ဆီသို့ ရောက်နေသည်။ နေပြည်တော်မှ စထွက်လာစဉ် အဆောင်နံဘေးလမ်းတွင် ချယ်ရီများ လှလှပပဝေနေသည်။ အဆောင်ရှေ့မှ လမ်းတစ်ဖက်တစ်ချက် တမာပင်တန်းမှာ အရွက်များ တဖွဲဖွဲကြွေနေသည်။ ယခုတော့ ချယ်ရီပွင့်များ မရှိကြပြီ။ ချယ်ရီပင်များမှာ သစ်ရွက်ရင့်ရင့်စိမ်းကာ မိုးကို မျှော်နေသည်။ တမာပင်တန်းမှာ စိမ်းစိမ်း ဝေဝေလှပနေသည်။ စိန်ပန်းများကတော့ နွေကို အန်တုကာ ရဲရဲနီနီပွင့်နေဆဲဖြစ်သည်။ 

မတ်လ ၁၉ ရက်နေ့တွင် စစ်တွေ၌ စီစဉ်ထားသော ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် ချောချောမွေ့မွေ့မဖြစ်ခဲ့ပေ။ ကျွန်တော်နှင့်အတူ နိုင်ငံခြားပညာရှင်နှစ်ဦး ပါလာသည်။ အိန္ဒိယနိုင်ငံမှ ဖြစ်သည်။ အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်ခုနစ်ခုသည် ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာ၊ အတုယူစရာ မော်ဒယ်လ်များဖြစ်သည်။ ထိုအကြောင်းကို အထူးပြုဆွေးနွေးကြမည်ဟု ရည်မှန်းထားသည်။ ထိုပညာရှင်များအတွက် ပထမဆုံးအကြိမ်လာခြင်းမဟုတ်။ ပြည်နယ်လွှတ်တော်တွင်တစ်ကြိမ်၊ အခြားတစ်နေရာတွင် တစ်ကြိမ်၊ စစ်တွေ၌ ပြုလုပ်ဖူးပြီ။ မြောက်ဦးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းတစ်ခုတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုလူငယ်များကို ပို့ချဖူးပြီ။ ဒီတစ်ခါကျမှ သူတို့နှစ်ဦးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်တောင်းသည်။ မည်သို့မျှမဖြစ်နိုင်သော တောင်းဆိုချက်ဖြစ်သည်။ တစ်ခါမှ မကြုံဖူးချေ။ သူတို့နှစ်ဦးအတွက် စိတ်ညစ်ညူးစရာ စစ်ဆေးမေးမြန်းမှုများလည်း ကြုံရသည်။ အခမ်းအနားကျင်းပမည့် ဟိုတယ်ပိုင်ရှင်လည်း စိုးရိမ်စိတ်များနေသည်။ သို့နှင့် ပွဲပျက်သွားသည်။ နိုင်ငံရေးဆန်ဆန်ပြောရလျှင် စစ်တွေမြို့၌ ဖက်ဒရယ်ဆွေးနွေးပွဲသည် ဟန့်တားဖျက်ဆီးခြင်းခံလိုက်ရသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းတွင် ပင်လုံညီလာခံများမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်အုတ်မြစ်များတည်ဆောက်ရေး ကြိုးပမ်းနေသောကာလတွင် စိတ်ပျက်စရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ 

အမှန်တကယ်က ထိုနေ့ရက်များတွင် ရခိုင်ပြည်နယ်လွှတ်တော်နှင့် အစိုးရတို့အကြား မီနီဘတ်ဂျက်နှင့်ပတ်သက်ပြီး ပွတ်တိုက်မှုပြင်းထန်၍နေသည်။ အစိုးရမှ တင်ပြလာသော ဘတ်ဂျက်ကို စိစစ်ကြည့်သောအခါ လွှတ်တော်အမတ်များက လက်မခံ။ ပြည်နယ်ဝန်ကြီးချုပ်က မကျေနပ်။ မာနနှင့် တုံ့ပြန်သည်။ လွှတ်တော်ကလည်း ဘတ်ဂျက်ဖြတ်တောက်ပြီး လုပ်ပိုင်ခွင့်ဥပဒေအတိုင်းလုပ်မည်။ ဤဂယက်သည် ဖက်ဒရယ်ဆွေးနွေးပွဲသို့ ကူးစက်လာခြင်းဖြစ်သည်။ 

သတ္တမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးများတွင် စိတ်လှုပ်ရှားစရာများ ရှိခဲ့သည်။ Tax Amnesty ဟုဆိုသော အခွန်လျှော့ပေါ့ရေးနှင့် ပတ်သက်သည့် ဆွေးနွေးချက်များမှာ စီးပွားရေးပြဿနာဖြစ်ပေမယ့် နိုင်ငံရေးအရ ပြင်းထန်နေသည်။ တရားမဝင်ရှာဖွေပိုင်ဆိုင်ထားသော ဓနငွေကြေးတို့သည် ရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင်နည်းလမ်းအတိုင်း ဝင်မလာဘဲ အေးခဲစုပုံနေခြင်းသည် နိုင်ငံအတွက် နစ်နာသည်။ အများပြည်သူအကျိုးရှိအောင် ကိုင်တွယ်မည့် ပေါ်လစီလမ်းကြောင်းကို ဆွေးနွေးကြသည်။ လျှော့ပေါ့စဉ်းစားသည့်ကိုယ်စားလှယ်များက တစ်ဖက်၊ တင်းမာသူများကတစ်ဖက် ဖြစ်သည်။ နိုင်ငံသားမဟုတ်သူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၏ စီးပွားရေးဩဇာသည် စိုးရိမ်စရာဖြစ်သည်။ အကြမ်းဖက်ဝါဒီတို့နှင့်ပတ်သက်သည့် လမ်းကြောင်းပွင့်သွားလျှင် မဟာဒုက္ခကြီးဆိုက်မည်။ အခွန်ဆိုင်ရာ သီးခြားဥပဒေတစ်ရပ် လိုအပ်သည်မှာတော့ အမှန်ပင်။ 

ပြည်သူ့လွှတ်တော်တွင် ဝန်ထုပ်ကြီးပိနေသောကိစ္စမှာ ငြိမ်းစုစီဥပဒေပြင်ဆင်ချက်ဖြစ်သည်။ အမျိုးသားလွှတ်တော်မှ ပြီးပြတ်၍ရောက် လာခြင်းဖြစ်သည်။ မတ်လ ၇ ရက်နေ့ လွှတ်တော်အစည်းအဝေးမှ မူလဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ ဆန္ဒမဲပေးခွင့်ရှိ သူ ၁၉၄ ဦးအနက်ထောက်ခံ ၁၁၃၊ ကန့်ကွက်မဲ ၇၈ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအများစုဖြစ်သော်လည်း သူတို့ကိုယ်စားလှယ် ၄ ဦးက ကန့်ကွက်ဆွေးနွေးခဲ့သည်။ တပ်မတော်မှ ၂ ဦး၊ ရခိုင်ပါတီမှ ၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးတို့ အပြင်းအထန်ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း မထိရောက်ခဲ့ပေ။ အမျိုးသားလွှတ်တော်မှ အတည်မပြုမီ မတ်လ ၅ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၁၈၂ ဖွဲ့မှ သဘောထားထုတ်ပြန်ကာ ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ မတ်လ ၁၈ ရက်နေ့တွင်လည်း ငြိမ်းစုစီပြင်ဆင်ချက်လှုပ်ရှားမှု တစ်ခုပေါ်ထွက်လာခဲ့သည်။ ထိုဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ ရောက်လာသောအခါ ဆွေးနွေးရန်စာရင်းပေးသူ ၈၀ ဦးရှိပြီး တပ်မတော်သား အများစုပါဝင်နေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနည်းငယ်သာပါဝင်သည်။ 

အဋ္ဌမအကြိမ်လွှတ်တော်စတင်ပြီး သာမန်မေးခွန်းများ ပုံမှန်ထွက်ပေါ်သည်။ နိုင်ငံလိုအပ်ချက်ကိုဦးတည်သော အဆိုများပေါ်လာသည်။ ဆွေးနွေးကြသည်။ ဥပဒေကြမ်းများနှင့်ဆိုင်သော ပြင်ဆင်မှုများ ပြုလုပ်သည်။ ငြိမ်းစုစီကား မိုးဦးကျ ဇွန်လဆန်းထိ ပေါ်ထွက်မလာပေ။ 

လွှတ်တော်ထဲတွင် တအုံနွေးနွေးဖြစ်နေသောအရာမှာ ရခိုင်အရေးပင်ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးတွင် ကိုဖီအာနန်ကော်မရှင်ကို ကျွန်တော်တို့ ရခိုင်အမတ်များ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ အချင်းချင်းကြားတွင် တင်းမာမှုစတင်ခဲ့သည်။ ထိုမှဆက်ပြီး ပုံမှန်အစည်းအဝေး အကြိမ်တိုင်းလိုလို ရခိုင်ပြဿနာသည် ရေပွက်ကြီးပေါ်လာတတ်သည်။ ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဒေါ်ခင်စောဝေ၏အဆိုကို ဆွေးနွေးမဲခွဲပြီးသည် နှင့် တိုက်တိုက်ဆိုင်ဆိုင် ကိုဖီအာနန်၏ အစီရင်ခံစာနှင့်အတူ ဘင်္ဂါလီအကြမ်းဖက် ARSA အဖွဲ့၏ တိုက်ခိုက်မှုကြီး ပေါ်ထွက်လာခဲ့ပေသည်။ ဘင်္ဂါလီတို့၏ နိုင်ငံရေးပါရာဒိုင်းသည် လူ့အခွင့်အရေးကို အရေခြုံကြွေးကြော်ကာ လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုရေးမှ လူအင်အားနှင့်အကြမ်းဖက်ကာ နယ်မြေပိုင်စိုးရေးဗျူဟာသို့ ပြောင်းသွားခဲ့လေပြီ။ နိုင်ငံတကာတွင်လည်း သတင်းမီဒီယာနှင့် သံတမန်စစ်မြေပြင်ဖွင့်ကာ ထိုးစစ်ဆင်လာတော့သည်။ ကျွန်တော်တို့လွှတ်တော်ကား အပူအပင်ကင်းမဲ့စွာ အေးအေးဆေးဆေး။ 

ပြည်သူ့လွှတ်တော်၏ နိုင်ငံတကာဆက်ဆံရေးကော်မတီအား နိုင်ငံတကာတွင် ပြည်တွင်းသံတမန်မျက်နှာစာ၌ ရှေ့သို့ထွက်ကာ သမိုင်းတာဝန်ယူသင့်ကြောင်းကို ကျွန်တော် တင်ပြဆွေးနွေးဖူးသည်။ ရခိုင်အရေးသည် ပြည်တွင်းမှဖောက်ထွက်ကာ နိုင်ငံတကာစင်မြင့်ပေါ်သို့ ရောက်သွားပြီ။ ဘယ်သူတွေ လက်ဝါးရိုက်ဆွဲတင်ခဲ့ကြပါသလဲ။ နတ်ကရာ ကျီးမော့မော့ရင်း ဘယ်သူတွေ အလိုတူ အလိုပါ ဖြစ်သွားကြပြီလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မေးခွန်းများက ကြမ်းတမ်းကောင်း ကြမ်းတမ်းပေလိမ့်မည်။ လက်တွေ့တွင် လွှတ်တော်ကော်မတီသည် ရခိုင်အရေးကို အောက်ခြေလူမှုစီးပွားပြဿနာများမှစကာ အမြင့်ဆုံးနိုင်ငံတကာဖြစ်ရပ်များ၊ ပေါ်လစီများထိ လေ့လာသုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ရမည်။ မူဝါဒများကို ဆန်းစစ်ကာ မိမိတို့၏မဟာဗျူဟာကို ထုတ်ဖော်ရမည်။ ပြဿနာက ကော်မတီတွင် တာဝန်ရှိသူများက ရခိုင်ပြဿနာကို ဂဃနဏမသိ။ ထဲထဲဝင်ဝင် မလေ့လာ။ ခွေးဟောင်သံကြားမှ ပြတင်းတံခါး ထဖွင့်သည့် အဆင့်မျိုး။ ရခိုင်အရေးကျွမ်းကျင်သူများကို ဖိတ်ခေါ်ကာ လေ့လာဆွေး နွေးမှုများ ရှိသည်ဟုလည်း အသံမကြားရပေ။ ဘင်္ဂါလီတွေက လူ့အခွင့်အရေးဆုံးရှုံးပြီး ဖိနှိပ်ခံရလွန်းလို့ တန်ပြန်ဆန့်ကျင်တာဟု သနားကြင်နာ ပေးသောအသံမျိုး။ ရခိုင်တွေက အမျိုးသားရေးအစွန်းရောက်တွေ၊ မွတ်ဆလင်တွေကို အမုန်းလွန်နေတယ်ဆိုတာမျိုး။ ရခိုင်တွေနှင့် တပ်မတော်က အဲဒီဒေသတွေမှာ အတူတူလုပ်နေကြတယ်ဆိုတာမျိုးကတော့ လွှတ်တော်ထဲမှာ တီးတိုးတီးတိုး ကြားနေရသည်။ 

သတ္တမအကြိမ်လွှတ်တော်ကာလအတွင်း နိုင်ငံတကာပါလီမန်များ ညီလာခံ (IPU) သို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာကို မတ်လ ၆ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်မှ ဦးအောင်ကြည်ညွန့်တို့ ပါဝင်ခဲ့သည်။ ၁၃၇ ကြိမ်မြောက်ညီလာခံကို စိန့်ပီတာစဘတ်မြို့တွင် ၁၄.၁၀.၂၀၁၇ မှ ၁၈.၁၀.၂၀၁၇ ထိ ကျင်းပခဲ့သည်။ အဖွဲ့ဝင် ၁၇၈ နိုင်ငံရှိပြီး ညီလာခံသို့ နိုင်ငံ ၁၆၁ နိုင်ငံမှ ကိုယ်စားလှယ် ၂၄၀၀ တက်ရောက်ခဲ့သည်။ နိုင်ငံတကာ ကတိကဝတ်များနှင့် သံတမန်ယဉ်ကျေးမှုအရ ဖိတ်ခေါ်ပြီး လက်တွေ့တွင်ကား လူပုံအလယ်တွင် တရားဝင်စော်ကားအရှက်ခွဲလိုက်သောညီလာခံဖြစ်သည်။ ညီလာခံတွင် Emergency Item ၁၈ ခုကို အဖွဲ့ဝင် ၁၈ နိုင်ငံမှ တင်သွင်းသည်။ ရခိုင်အရေးက မြန်မာနိုင်ငံမှ တစ်ခုအပါအဝင် ၁၀ ခုဖြစ်သည်။ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုကိုင်လှုပ်နေသော မြောက်ကိုရီးယား၏ နျူကလီးယားအရေးက ၃ ခု ပါဝင်သည်။ ထိုမူကြမ်း ၁၈ ခုမှ ၃ ခုကို ရွေးချယ်စုစည်းသည်။ OIC ရှစ်နိုင်ငံ မော်ရိုကို၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ အီရန်၊ ဆူဒန်၊ တူရကီတို့ပေါင်းစုကာ ရခိုင်အရေး တစ်ခု၊ မြန်မာတစ်ခု၊ ကိုရီးယားအရေးတစ်ခု ဖြစ်သည်။ ထိုသုံးခုကို မဲခွဲရာတွင် မွတ်ဆလင်နိုင်ငံများ၏မူကြမ်းက အဖွဲ့ဝင် သုံးပုံနှစ်ပုံ၏ မဲအများစုကို ရရှိသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနှင့် မူကြမ်းတွင်ပါဝင်သော အချက်များကို သဘောမတူကြောင်း ချေပခဲ့သည်။ 

“နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် ရိုဟင်ဂျာများအပေါ်တွင် ပြင်းထန်စွာတိုက်ခိုက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများ၊ စိုးရိမ်ဖွယ်လူသားပဋိပက္ခကို အဆုံးသတ်၍ ၎င်းတို့အနေနှင့် ဘေးကင်းလုံခြုံစွာ မြန်မာနိုင်ငံအတွင်းရှိ မူလနေရပ် ပြန်နိုင်ရေး” ဆုံးဖြတ်ချက်ကို အချက် ၂၃ ချက်ဖြင့် ညီလာခံမှ ထုတ်ပြန်ခဲ့သည်။ တစ်ဖက်သတ်ဆုံးဖြတ်ချက်များဖြစ်သည်။ အနိုင်ကျင့်ခံရခြင်းဖြစ်သည်။ အချက် ၁၅ တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်းတွင် ယာယီလုံခြုံရေးရဲ ဖန်တီးပေးရန်ပါရှိသည်။ အချက် ၂၀ တွင် မြန်မာနိုင်ငံအပေါ်တွင် သက်ဆိုင်ရာအစိုးရများက သံတမန်နည်းလမ်းဖြင့် အဆင့်တိုင်း၌ ဖိအားပေးမှုကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းခြင်းလည်းပါသည်။ မြန်မာအစိုးရဆန့်ကျင်ရေးလှုံ့ဆော်ပွဲကို တရားဝင်စင်မြင့်အား အသုံးချပြီး လုပ်ဆောင်သွားခြင်း ဖြစ်သည်။ 

ထိုအစီရင်ခံစာအပေါ် လွှတ်တော်အတွင်း ဆွေးနွေးမှုများမှာ ကျေနပ်စရာ ရှိလာသည်။ ရခိုင်အရေးအပေါ် စိတ်ဝင်စားမှုမြင့်လာသည်။ အစိုးရနှင့် လွှတ်တော်၏လုပ်ရပ်ဖြစ်သောကြောင့်လည်း ဖြစ်ပေမည်။ အဆိုတစ်ရပ်အဖြစ် ရခိုင်ဘက်မှတင်ပြလာလျှင်တော့ မဟာပါတီစိတ်ဓာတ်နှင့် ငါသိငါတတ်လုပ်ကာ မဲခွဲအနိုင်ယူမှာတော့ သေချာသည်။ 

ကျွန်တော့်ဆွေးနွေးအလှည့်တွင် မေးခွန်းထုတ်မိသည်မှာ ဤမျှရှုပ်ထွေးပြီး ဖိအားပေါင်းစုံဝင်နေသောပြဿနာကို အစိုးရတစ်ခုတည်းက ဖြေရှင်းလို့ရမည်ထင်သလား။ အစိုးရဆိုတာတောင်မှ ဝန်ကြီးဌာနအများစုနှင့်က တိုက်ရိုက်မပတ်သက်တော့ လုပ်ငန်းအရ မဆိုင်သလိုလိုဖြစ်နေသည်။ အမှန်က အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်တို့ တစ်သံတည်း တစ်သွေးတည်းရှိကာ ရင်ဆိုင်ရမည်။ သက်ဆိုင်ရာရခိုင်ပြည်သူတို့၏ အသံကို အလေးထားရပေမည်။ ကာလုံအစည်းအဝေးကို ခေါ်ရင်ကော မလိုအပ်သေးဘူးလား။ ကျွန်တော့်ဆွေးနွေးချက်ထဲတွင် ကာလုံအစည်းအဝေးကို တင်လာသဖြင့် ကိုယ်စားလှယ်အများစုက အစာကြေမည်မဟုတ်။ ကာလုံသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဘောင်ထဲမှ ဆွေးနွေးညှိနှိုင်းမှုစာမျက်နှာ စုပေါင်းခေါင်းဆောင်မှုအနုပညာ ဖြစ်သည်။ သတ်ကွင်းမဟုတ်။ စီးချင်းထိုးပွဲမဟုတ်။ ယနေ့ကာလသည် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာ ထိပါးခံနေရသောကာလဖြစ်နေပြီ မဟုတ်ပါလား။ ကျွန်တော်တို့သည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မူအရ ဆုပ်ကိုင် ထားသူများဖြစ်သည်။ ဤသို့စော်ကားခြိမ်းခြောက်ခံနေရသောကာလတွင် ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ ဆက်ဆံရေး ချောမွေ့ပြေပြစ်ဖို့ အရေးကြီးသည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ချောမွေ့ပြေပြစ်ဖို့ အရေးကြီးသည် မဟုတ်ပါလော။ 

ဆက်လက်ဖော်ပြပါမည်။ 

မောင်ခိုင်အောင် (စစ်တွေ)



FOLLOW US