News

POST TAGGED AS

စိုက်ပျိုးရေး

တောင်ငူတွင် လယ်ဧက တစ်သောင်းကျော် ရေနစ်မြုပ်
တောင်ငူ၊ စက်တင်ဘာလ ၉

ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်က  စစ်တောင်းမြစ်ရေ ရေကြီး ရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက တစ်သောင်းကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း မြေစာရင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါ ရေဝင်နစ်မြုပ်သော စိုက်ဧက တစ်သောင်းကျော်အနက်  ဧက ၁၀ဝ၀ မှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လတ်တလောတွင် ရေပြန်ကျသော်လည်း အချို့ဒေသများတွင် ရေများ ကျန်နေသေးကြောင်း၊ ပျက်စီး ဆုံးရှုံးမှုနှင့် ရေဝင်နစ်မြုပ်မှု ပမာဏမှာ ထပ်တိုးလာဖွယ်ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယခုနှစ် စက်တင်ဘာလမှစတင်ကာ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ၂၇ စင်တီမီတာအထိ ရောက်ရှိခဲ့သဖြင့် မြစ်ကမ်းဘေး ကျေးရွာအချို့နှင့် အနိမ့်ပိုင်း ရပ်ကွက်အချို့ရှိ  အခြေခံပညာကျောင်း ၁၉ ကျောင်း ယာယီ ပိတ်ထားရကြောင်း၊ ယင်းအပြင် လူဦးရေ ၅၀ဝ နီးပါးမှာ ရေဘေးရှောင်စခန်းများတွင် သွားရောက်နေထိုင်ခဲ့ရသည်။ 

တောင်ငူမြို့တွင် စက်တင်ဘာလ ၆ ရက်က စစ်တောင်းမြစ်ရေမှာ ကျဆင်းခဲ့သော်လည်း စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက မြစ်ရေသည် စိုးရိမ်းရေမှတ်နားသို့ ပြန်လည် နီးကပ်လာခဲ့ကြောင်း၊ တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။  

မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် ရှမ်းကုန်းမြင့်ဒေသမှ မြစ်ဖျားခံ စီးဆင်းလာသော စစ်တောင်းမြစ်သည် မိုင် ၂၀ဝ ကျော် ရှည်လျားပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပဲခူးခရိုင် စစ်တောင်းမြစ်ဝှမ်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း နှစ်သိန်းကျော်၊ လူဦးရေပေါင်း ၁၅ သိန်းခန့်နှင့် စပါးစိုက်ဧကပေါင်း နှစ်သိန်းနီးပါးကို အကျိုးပြုလျက်ရှိကြောင်း ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၁၆ ခုနှစ် စိုက်ပျိုးရာသီက စစ်တောင်းမြစ်ကမ်းပါးရှိ ကျေးရွာအချို့မှ ရေကြီးနစ်မြုပ်ပျက်ဆီးခဲ့သည့် ကျေးရွာအုပ် စု ၅ ခု၊ မိုးစပါးစိုက် တောင်သူ ၅၆၇ ဦး၏ မိုးစပါးစိုက်ဧက၂၀ဝ၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စပါးမျိုးတင်ပေါင်း ၂၀ဝ၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တောင်ငူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးထံမှ သိရသည်။

R-15



FOLLOW US