News

POST TAGGED AS

စိုက်ပျိုးရေး

ပေါင်းတည်ရှိ ကျေးရွာ ၂၀ ကျော် ပုံစံ ၇ ရှိသော်လည်း စိုက်ပျိုးစရိတ် ချေးငွေမရဟုဆို

ပြည်၊ ဩဂုတ် ၁၉

ပေါင်တည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်(ပုံစံ ၇) ရရှိထားသော်လည်း မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို ချေးယူ၍မရကြောင်း အဆိုပါဒေသခံများက ပြောကြားသည်။

အဆိုပါကျေးရွာများသည် ၁၉၉၉ ခုနှစ် ဝဲကြီးဆည် တည်ဆောက်စဉ်က လယ်ယာမြေများ ရေအောက် ရောက်ခဲ့၍ အစိုးရက ၂၀၁၃ ခုနှစ်တွင် ကုန်းယာမြေများကို လယ်မြေအစားထိုး ပုံစံ ၇ ချထားပေးခဲ့ပြီး စပါးပဲနှမ်းများ စိုက်ပျိုးနေကာ ယခင်၂၀၁၆ ခုနှစ်အထိ ချေးငွေရရှိခဲ့ပြီး လက်ရှိတွင် အုပ်ချုပ်ရေးပိုင်းမှ အဆိုပါ ပုံစံ ၇ ရှိ လယ်မြေများကို ထောက်ခံမပေး၍ ချေးငွေချေး မရခြင်းဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

“ဒါတွေက ရေအောက်ပါသွားတဲ့ လယ်တွေအတွက် ပုံစံ ၇ ထုတ်ပေးပြီး အစား ပြန်ပေးထားတာပါ။ အဲဒီမှာ စပါးလည်း အမှန်တကယ် စိုက်နေတယ်။ နှစ်စဉ်လည်း စိုက်ပျိုးစရိတ် ချေးငွေ ချေးတယ်။ မှန်မှန်လည်း ပြန်ဆပ်ပေးခဲ့တယ်။ ဒီနှစ် ၆ လပိုင်းမှ ပုံစံ ၇ တွေက အကျုံးမဝင်ဘူး။ ချေးမရတော့ဘူးဆိုတော့ တောင်သူတွေ အခက်အခဲ ဖြစ်ရတယ်”ဟု ရှားပေါက်ကျေးရွာမှ တောင်သူ ဦးဝိုင်ထွန်းက ပြောဆိုသည်။

လက်ရှိ တောင်သူများအနေနှင့် စိုက်ပျိုးစရိတ်ချေးငွေ ချေးမရသဖြင့် သားသမီးများ၏ပညာရေး၊ မိသားစု စားဝတ်နေရေးနှင့် စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေရပြီး အစိုးရအနေနှင့် တောင်သူများ အဆင်ပြေစေရန် လုပ်ဆောင်ပေးစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အဲဒီရွာတွေဘက်မှာ ပုံစံ ၇ တွေ ကိုင်ထားပြီး လယ်မရှိတာ မလုပ်တာတွေ ချေးငွေထုတ်တာတွေ စိစစ်ဖို့ ခိုင်းထားတယ်။ တကယ် ရှိတယ်ဆိုရင် မှတ်ပုံတင်နဲ့ ပုံစံ ၇ ယူခဲ့ပါ။ ရအောင် လုပ်ပေးနေပါတယ်”ဟု ပေါင်းတည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးမြင့်က ပြောဆိုသည်။

၁၉၉၉ ခုနှစ် ဝဲကြီးဆည်တည် ဆောက်စဉ်က ကြာနီကန်ကျေးရွာအုပ်စု၊ ဇီးပင်လှကျေးရွာအုပ်စု၊ အဂ္ဂရာပြည့် ကျေးရွာအုပ်စု သုံးခုရှိ ကျေးရွာပေါင်း ၂၇ ရွာ၏ တောင်သူ ၁၈၇၇ ဦးပိုင် လယ်မြေ ဧက ၄၁၇၀ ဧက ရေအောက် ရောက်ခဲ့သည့်အတွက် အစိုးရက ၂၀၁၃ ခုနှစ်တွင် အဆိုပါ လယ်မြေများကို အစားထိုးပေးခဲ့ပြီး ပုံစံ ၇ ထုတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပုံစံ ၇ မိတ္တူများဖြင့် မြို့နယ်ရှိ သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေးပြီး တောင်သူများ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံ ၇ သာ တရားဝင်ဖြစ်ကာ အကြောင်းမဲ့ ပယ်ဖျက်၍ မရနိုင်ကြောင်း ပေါင်းတည်မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဒုတိယမြို့နယ် ဦးစီးမှူး ဦးသန်းထွန်းဦးက ပြောကြားသည်။

M-06



FOLLOW US