News

POST TAGGED AS

စီးပွားရေး

ကမ္ဘာသိ မြန်မာ့စီးပွားရေး ပညာရှင်ကြီး ဒေါက်တာလှမြင့် ကွယ်လွန်
ရန်ကုန်၊ မတ်လ ၁၀

ကမ္ဘာသိကျော်ကြားခဲ့သော မြန်မာ့ စီးပွားရေးပညာရှင် ဒေါက်တာလှမြင့်သည် မတ်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကွယ်လွန်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများက ဖော်ပြသည်။

ဒေါက်တာလှမြင့်သည် ရန်ကုန် တက္ကသိုလ်၏ ပါမောက္ခချုပ်ဟောင်း တစ်ဦးလည်းဖြစ်ပြီး အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ စီးပွားရေး အကြံပေးတစ်ဦးဖြစ်သူ ဩစတြေးလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ် စီးပွားရေးဌာနမှ ပါမောက္ခ ရှောင်တာနဲလ်က ကမ္ဘာသိ မြန်မာ့စီးပွားရေး ပညာရှင်ကြီး ဒေါက်တာ လှမြင့် ကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း ၎င်း၏ အင်တာနက်လူမှုကွန်ရက် Facebook မှတစ်ဆင့် ဖော်ပြခဲ့သည်။ 

ဒေါက်တာလှမြင့်သည် ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက် ပြည်ပတွင် ပညာသင်ရာမှ ပြန်ရောက်လာပြီး စစ်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရန်ကုန်တက္ကသိုလ် စီးပွားရေးဌာန အဆောက်အအုံကို ပြန်လည် ထူထောင်ခဲ့ရာ ယင်းအချိန်ကမူ ရန်ကုန်တက္ကသိုလ် စီးပွားရေးဌာနသည် ကမ္ဘာတစ်ဝန်းတွင် ကျော်ကြားခဲ့သည်။

ဒေါက်တာ လှမြင့်သည် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၏ စီးပွားရေးပါမောက္ခအဖြစ်လည်းကောင်း၊ ၁၉၅၈ မှ ၁၉၆၂ အထိ ပါမောက္ခချုပ် တာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။ 

မြန်မာနိုင်ငံ၌ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ သွင်းကုန် အစားထိုး ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးနေချိန်တွင် ဒေါက်တာ လှမြင့်သည် ပို့ကုန် ဦးစားပေး စီးပွားရေး သီအိုရီကို ဖော်ထုတ်ခဲ့သူဖြစ်သည်။ ထိုနောက်တွင် ပြည်ပသို့ ထွက်ခွာသွားခဲ့သည်။

ဒေါက်တာလှမြင့်၏ ပို့ကုန်မြှင့်တင်ရေး စီးပွားရေးသီအိုရီကို လက်တွေ့ ကျင့်သုံးခဲ့သည့် တောင်ကိုရီးယားနှင့် ဂျပန် တို့မှာ စီးပွားရေး အာရှကျားများ ဖြစ်လာခဲ့သည်။

ဒေါက်တာလှမြင့်သည် ဖွံ့ဖြိုးမှု စီးပွားရေးပညာ၏ ကမ္ဘာသိ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့ပြီး ၎င်း၏ Welfare Economics သီအိုရီမှာ ထင်ရှားသည်။ 

“အလွန် ပျော်စရာကောင်းတဲ့ ပညာရှင်ရဲ့ဘဝဟာ ကျွန်တော် ဆက်တိုက် တွေ့ကြုံရတဲ့ သောကတွေရယ်၊ နောက်ကျ ပါမောက္ခချုပ်အနေနဲ့ ခန့်လိုက်တာရယ်ကြောင့် ကုန်ဆုံးသွားခဲ့တယ်။ စီးပွားရေး အကြံပေးတစ်ယောက် အနေနဲ့တော့ အဆင်မပြေခဲ့ဘူး”ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညက ရန်ကုန်စီးပွားရေး တက္ကသိုလ် ညစာစားပွဲတွင် ဒေါက်တာ လှမြင့်က ပြောကြားခဲ့သည်။

“ဘောဂဗေဒကို ယူခဲ့ပေမယ့် ဘောဂဗေဒအကြောင်းကို ဘာမှ မသိပါဘူး။ ကျွန်တော့် ကျောင်းအုပ်ဆရာကြီးက ယူခိုင်းလို့ ယူခဲ့တာပါ”ဟု အဆိုပါ ညစာ စားပွဲတွင် ပြောကြားခဲ့သေးသည်။

ဒေါက်တာလှမြင့်သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၅၀ ပြည့်နှစ်တွင် အမျိုးသား စီမံကိန်းဌာနနှင့် လယ်ယာစိုက်ပျိုးရေး ဘဏ်ကော်မတီ၏ အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ဒေါက်တာလှမြင့်သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင်များဖြစ်သော ပါမောက္ခ ဂျိုးဇက်စတစ်ဂလစ်၊ ရော်နယ်လ်ဖင်းလေးတို့နှင့်အတူ “An Agenda for Equitable and Sustainable Development for Myanmar” အမည်ရ မြန်မာ့စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည်။

ထို့ပြင် သမ္မတဦးသိန်းစိန်လက်ထက် အရန်ဆန် ဝယ်ယူရေး အစီအစဉ်ကိုလည်း မသင့်လျော်ကြောင်း စာတမ်းတစ်စောင်ဖြင့် ပေးပို့အကြံပြုဖူးသည်။



FOLLOW US