News

POST TAGGED AS

စီးပွားရေး

အမေရိကန်ကို ဘာရောင်းကြမလဲ
အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှု ‘မကြာမီ ဖွင့်တော့မည်’ ဟု ကြေညာသည်။ အဆိုပါ သတင်းစကား လက်ဆောင်ကို အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာပြည်သူများထံ ပါးလိုက်သည်။ 

ထိုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လုပ်ငန်းရှင်များက ကျေးဇူးတင်ကြသည်။ ပြည်သူများအတွက် လက်ဆောင်ကို အမေရိကန်ခရီးမှ သယ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ 

မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုကို အမေရိကရှိ လွှတ်တော်က ဥပဒေငါးခုနှင့် သမ္မတ အုပ်ချုပ်ရေး အမိန့်ခြောက်ခုဖြင့် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ သမ္မတအုပ်ချုပ်ရေး အမိန့်ဖြင့် တားဆီးမှုများအတွက် အချိန်သိပ်မလိုသော်လည်း ဥပဒေဖြင့် စီးပွားပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် အတွက်မူ လွှတ်တော်၏ သဘောထားကို ရယူရဦးမည် ဖြစ်သည်။ 

ထို့ကြောင့် အိုဘားမားက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ဖွင့်လှစ်ပေးမည့် ကာလနှင့် ပတ်သက်၍ သတင်းထောက်များ၏ အမေးကို ‘မကြာမီ’ ဟူသော စကားလုံးသုံး၍ ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်က ‘မဝယ်ဘူး’ ဟု အတန်တန် ငြင်းထားသောအခါ မြန်မာတွေ ရောင်းချင်သည်မှာ အခါအခါ။ 

ယခုအခါ အမေရိကန်က မြန်မာ့ရောင်းကုန်ကို ဝယ်တော့မည်ဟု အချက်ပြလိုက်သည်။ ချက်ချင်းမဝယ်သေး။ သူတို့မဝယ်မီ ရောင်းစရာ ကုန်ပစ္စည်း ဘာတွေရှိသည်ကို ကိုယ့်နိုင်ငံတွင် အပြေးအလွှား ရှာဖွေကြည့်မိသည်။ 

မြန်မာသည် ကုန်သည်၊ ပွဲစား၊ ဈေးသည်မျိုးရိုး မဟုတ်သောကြောင့် ဖြစ်ဟန်တူသည်။ ရောင်းချစရာ နည်းလှချေ၏။ ဆန်ရောင်းမည်လား၊ ရေထွက်ကုန် ရောင်းမည်လား။ သို့တည်းမဟုတ် နည်းပညာလား။ မည်သည်ကို ရောင်းပါက အမြတ်ထွက်မည်နည်း။ 

“ကျွန်တော့်အမြင် ပြောရရင် အထည်ချုပ်ရယ်၊ ရေထွက်ကုန်ရယ်ပဲဗျ။ ကျန်တာက နောက်မှ ဖြည်းဖြည်းလိုက်မယ့် သဘောပဲ ရှိတယ်” ဟု ကုန်သွယ်ရေး သင်တန်းကျောင်း နည်းပြဆရာလည်းဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ဦးသိန်းမြင့်ဝေက ဆိုသည်။ 

၂၀၀၃ ခုနှစ် အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ်လုပ်ငန်းများ၏ တစ်ဝက်ကျော်မှာ ပိတ်သိမ်းခဲ့ရသည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများမှာ ပြည်တော်ပြန်ခဲ့ကြသည်။ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။

သို့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အရောက် အထည်ချုပ်ကဏ္ဍမှ ပို့ကုန်ဝင်ငွေမှာ နှစ်စဉ် တိုးတက်လာသည်။ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ဥရောပသမဂ္ဂ၏ အခွန်သက်သာခွင့် (GSP) ကို ရရှိခဲ့ပြီးနောက် ပြည်တွင်းအထည်ချုပ်လုပ်ငန်းမှာ ပိုမိုဖွံ့ဖြိုးလာခဲ့သည်။ ပြည်တွင်း၌ အထည်ချုပ်စက်ရုံ အများအပြားဆောက်၍ ရင်းနှီးမြှုပ်နှံကြသည်။ သို့သော် ၂၀၁၅ ခုနှစ် အရောက် အလုပ်သမား ဆန္ဒပြပွဲများကြောင့် အရှိန်ရနေသော အထည်ချုပ်ကဏ္ဍမှာ တုံ့ဆိုင်းခဲ့ရပြန်သည်ဟု အထည်ချုပ် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။   

အထည်ချုပ်ကဏ္ဍသည် လက်ရှိတွင် ကိုရီးယားနှင့် ဂျပန်ဈေးကွက်ကို အားပြုလျက်ရှိပြီး ဥရောပဈေးကွက်သို့လည်း အနည်းငယ် တင်ပို့လျက်ရှိသည်။ စံချိန်စံညွှန်းများအရလည်း ဥရောပနှင့် ဂျပန်သို့ တင်ပို့လျက် ရှိခြင်းကြောင့် အမေရိကန်သို့ တင်ပို့နိုင်ရန် မခက်ခဲကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဆိုသည်။ 

“ဆန်ရှင်ဖွင့်ရင် အီးယူတုန်းကလိုပဲ အထည်ချုပ်က တိုးတက်လာမှာ။ ကျွန်တော့်အထင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းလောက် မြင့်တက်လာနိုင်တယ်” ဟု အမေရိကန် စီးပွားရေးပိတ်ဆို့မှု ဖွင့်လှစ်ချိန်၊ အမေရိကန် အထူးအခွန်သက်သာခွင့် (GSP) ရရှိချိန် အထည်ချုပ်ကဏ္ဍ အလားအလာကို ၎င်းက ဆိုသည်။

ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာမည် ဖြစ်သော်လည်း မြန်မာသည် လုပ်အားခ သက်သာသည့်  ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယားနိုင်ငံတို့ကို ယှဉ်နိုင်မည်လား ဆိုသည့် မေးခွန်းကလည်း ရှိသည်။ အနည်းဆုံး အခကြေးငွေ တစ်ရက်လုပ်အားခ ၃၆၀၀ ကျပ် ဖြစ်နေပြီး လုပ်ခ ထပ်မံတိုးမြင့်ပေးရန် တောင်းဆိုမှုများလည်း ရှိနေရာ စိန်ခေါ်မှုများလည်း ရှိနေသည်ဟု  ရတနာပုံ ဆိုက်ဘာကော်ပိုရေးရှင်း တည်ထောင်သူ ဦးရဲမြတ်သူက ပြောကြားသည်။

“GSP ရရင် အထည်ချုပ် တစ်ခုတည်း မဟုတ်ဘူး။ တခြားလုပ်ငန်းတွေလည်း တိုးတက်လာမှာပါ။ အခုတော့ လုပ်သားအင်အား ဖြည့်ဆည်းနိုင်တာဆိုရင် အထည်ချုပ်ပဲ ပြေးမြင်နေကြတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသည်။ 

အထည်ချုပ်ကဏ္ဍပြီးနောက် ရေထွက်ပို့ကုန်ကို မျက်စိကျသူများ ရှိသော်လည်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်အချို့ကမူ  အမေရိကဈေးကွက်သို့ ဝင်ရောက်ရန် ခက်ခဲနေဦးမည် ဖြစ်ကြောင်း ဆိုသည်။ 

အဓိကမှာ ပင်လယ်ပြင် သယံဇာတ ရှားပါးခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရေထွက်ပို့ကုန်လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောကြားသည်။ ထို့ပြင် ရေထွက်ပို့ကုန် ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့် လေးနှစ်ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက ဆိုသည်။

“မြန်မာ့ပင်လယ်ပြင်မှာ သုတေသနပြုချက်အရ ရေငန်မှာဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ငါး၊ ပုစွန် သယံဇာတက ကျန်တော့တယ်။ မွေးမြူရေးပိုင်းကိုလည်း အစိုးရက အားမပေးနိုင်တော့ ဆန်ရှင်ဖွင့်လည်း အလုပ်မဖြစ်သေးဘူး” ဟု ဒေါက်တာတိုးနန္ဒာတင်က ရှင်းပြသည်။  

မြန်မာ့ပင်လယ်ပြင် သုတေသနအတွက် နော်ဝေငါးသုတေသနယာဉ် R/V Dr. Fridtjof Nansn သည် ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် နှစ်ကြိမ်တိတိ လာရောက်ခဲ့ပြီး ရေသယံဇာတ ရှားပါးလာကြောင်း နှစ်ကြိမ်တိုင် အတည်ပြုခဲ့သည်။

မြန်မာ့ရေထွက်ကုန်များကို လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းကပင် အမေရိကန်သို့ တင်ပို့ခဲ့သော်လည်း ထင်သလောက် အလုပ်မဖြစ်ခဲ့ပေ။ အစိုးရက အားမပေးသောကြောင့် ငါးလုပ်ငန်းကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု ဒေါက်တာတိုးနန္ဒာတင်က ရှင်းပြသည်။

အမေရိကန်သို့ တင်ပို့ရန် အခွင့်အလမ်းရှိသည့် ရေထွက်ကုန်မှာ ပင်လယ်စာ ဖြစ်သော်လည်း မြန်မာ့ရေထွက်ကုန် စက်ရုံများမှာ ကောင်းမွန်သော ထုတ်လုပ်မှု အလေ့အကျင့် (GMP) စနစ်နှင့် အသားမကျသေးခြင်း၊ ယင်းသို့ GMP လက်မှတ်ရ ရေထွက်ကုန်စက်ရုံများ နည်းပါးနေခြင်းတို့အပြင် အမေရိကန် FDA က ထောက်ခံချက် ရရှိရန်လည်း လိုအပ်နေသေးသည်ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာက ရောင်းနိုင်မည့် ကုန်စည်များအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ထွက်ကုန်များကို စဉ်းစားကြသူများလည်း ရှိသည်။ အမေရိကန်က မြန်မာ့ဆန်ကို ဝယ်ယူမည်လား။ 

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းကပင် မြန်မာ့ဆန် ပြည်ပတင်ပို့မှု တဖြည်းဖြည်း တိုးလာသည်။ သို့သော်လည်း အမေရိကန် အိုင်အိုးဝါပြည်နယ်တွင် ဆန်ပိုလျှံမှု ဖြစ်ပေါ်နေရာ အချိန်တိုအတွင်း အမေရိကန်ဈေးကွက်သို့ မြန်မာ့ဆန် ထိုးဖောက်နိုင်မည်ဟု ယတိပြတ် မပြောနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ဆိုသည်။ မြန်မာ့မျိုးရင်းဆန်အဖြစ် ပေါ်ဆန်းမွှေးကိုပင် တင်ပို့မည်လား၊ သို့တည်းမဟုတ် အခြားသော ဆန်မျိုးရင်းကို ရွေးချယ်မည်လား ဆိုသည့် ပြဿနာများလည်း ရှိသည်။ 

အဓိကမှာ လယ်ယာမြေ ပြဿနာကို အမြစ်မဖြတ်နိုင်ပါက ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများ စာရင်းဝင်ရန် အိပ်မက်မှာ ဝေးနေဦးမည် ဖြစ်သည်။

ကဏ္ဍအလိုက် တင်ပို့မှု မဟုတ်သော်လည်း အမြင်ကွဲသည့် ရှုမြင်ချက်များလည်း ရှိသည်။

မြန်မာနိုင်ငံသည် ထုတ်လုပ်မှု အမြောက်အမြား လုပ်ရမည့် ကိစ္စများအတွက် အဆင်သင့် မဖြစ်သေးဟု ဦးရဲမြတ်သူက ရှုမြင်သည်။ လက်ရှိတွင် ကော်ဖီ၊ လက်ဖက်နှင့် လက်ဖက်ခြောက်တို့သာ အမေရိကန်သို့ တင်ပို့နိုင်ရန် အခွင့်အလမ်း ကောင်းသည်ဟု ၎င်းက ဆိုသည်။ ကော်ဖီစိုက်ပျိုးရေး အတွက်လည်း အမေရိကန်က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရွာငံဒေသဘက်တွင် ကူညီလျက်ရှိသည်။ 

“High Class Quality လုပ်ဖို့ ကျွန်တော်တို့မှာ အားသန်တာ ဘာမှမရှိဘူး။ နောက်တစ်ချက် ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုစရိတ်က ဘယ်လိုနည်းနဲ့မှ ဗီယက်နမ်တွေ တရုတ်တွေကို ယှဉ်ဖို့မလွယ်ဘူး။ ပို့ဆောင်ရေး စရိတ်ကလည်း မြင့်သေးတယ်” ဟု ဦးရဲမြတ်သူက မှတ်ချက်ပြုသည်။

“ကြက်ဥတောင် ကျွန်တော်တို့ဆီမှာက ယိုးဒယားထက် ဈေးကြီးတယ်။ ကြက်ချင်းအတူတူ ဥတာတောင် သက်သာအောင် မလုပ်နိုင်ဘဲနဲ့”

စီးပွားရေး ပိတ်ဆို့မှု ဖွင့်လှစ်ပါက ကုန်သွယ်ရေးပိုင်းနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ တိုးတက်လာနိုင်သည်ဟု စီးပွားရေး ဆောင်းပါးများစွာ ရေးသားခဲ့သူ ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။ 

“အလုပ်အကိုင်ရမယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်လာရင် ထောင်နေတဲ့ ဒေါ်လာဈေးကျမယ်။ (ကဏ္ဍအလိုက် မြှင့်တင်ဖို့) နည်းနည်းတော့ အချိန်ယူဦးမယ် ထင်တယ်။ (စီးပွားရေးဖွင့်မယ် ဆိုတာ) မူအရ ကောင်းပါတယ်။ ခါတိုင်းဆို ဒီစကား မပြောကြဘူးလေ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက သတ္တုတူးဖော်ရေးကဲ့သို့ ဆူလွယ်နပ်လွယ် လုပ်ငန်းမျိုးကိုသာ အများအားဖြင့် စိတ်ဝင်စားကြကြောင်း ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။ 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့ကျောက်စိမ်းကို တရုတ်သို့ လည်းကောင်း တင်ပို့ရောင်းချလျက်ရှိရာ အမေရိကန်သို့ မည်သည့်သယံဇာတ ပစ္စည်းမျိုး ရောင်းချမည်နည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ 

အမေရိကန် စီးပွားရေး ဖွင့်လှစ်ခဲ့ပြီးသည့် နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်မည်ဟု မျှော်လင့်ကြသည်။ သို့သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်အတွက် အခြေခံများဖြစ်သည့် လမ်း၊ တံတား၊ ရေ၊ မီး အခြေခံအဆောက်အဦ မပြည့်စုံမှု၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ ရေးဆွဲခြင်း မပြီးပြတ်မှု၊  အလုပ်သမား ပြဿနာများ ဖြစ်ပေါ်မှု အစရှိသည်တို့က ရင်းနှီးမြှုပ်နှံမှုအတွက် အခက်အခဲများ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။ 

“အခွင့်အလမ်း ရှိလာပြီဆို ကျွန်တော်တို့ မြန်မာတွေဟာ မညံ့ကြပါဘူး။ ကြိုးစားပြီးတော့ ထိုးဖောက်နိုင်မယ်။ လုပ်ငန်းရှင်တွေကလည်း အရည်အသွေးရှိရှိနဲ့ လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ လမ်းပွင့်သွားပြီ ဖြစ်တဲ့အတွက် ဒီလမ်းကို လျှောက်နိုင်အောင် ကြိုးစားရမှာပေါ့” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် တစ်သီးပုဂ္ဂလ စီးပွားရေး ထိန်းချုပ်မှု စာရင်းဝင်သူများကိုမူ ဆက်လက်ထားရှိဦးမည် ဖြစ်သည်။ အဆိုပါ ပိတ်ဆို့ခံ စာရင်းဝင်သူများနှင့် လွတ်ကင်းသည့် မြန်မာ့စီးပွားရေးလုပ်ငန်းမှာလည်း ခပ်ရှားရှားပင်။ အမေရိကန် ကုမ္ပဏီများနှင့် လက်တွဲလုပ်နိုင်မည့် ဘဏ္ဍာရေး တောင့်တင်းသော ပြည်တွင်းကုမ္ပဏီက များများစားစား မရှိ။  

“ဟုတ်တယ်။ အခုလည်း အဲဒီပြဿနာ ကြုံနေရတာပဲ။ သူတို့နဲ့ တွဲလုပ်မယ့် လူလိုက်ရှာရင် ဒီမှာ လုပ်ငန်းသေးသေးလေးပဲ ရှိပါတယ်” ဟု ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

အမည်ပျက်စာရင်း ဝင်သူများနှင့် ပတ်သက်၍လည်း ၂၀၁၅ ခုနှစ်တွင် အမေရိက အမည်ပျက်စာရင်းမှ လွတ်မြောက်ခဲ့သူ UMFCCI လက်ရှိဥက္ကဋ္ဌ ဦးဝင်းအောင်က ယခုလိုဆိုသည်။

“လူ ၁၀၀ လုပ်တာထက် ၁၅၀ လုပ်တာက ပိုပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာပေါ့။ စီးပွားရေး လုပ်နိုင်စွမ်း ရှိသော ပုဂ္ဂိုလ်များ ပိုမိုလုပ်ဆောင်နိုင်လေ ကောင်းလေပေါ့” ဟု ယမန်နှစ်က အမေရိကန်၏ အမည်ပျက်စာရင်းမှ ကင်းလွတ်ခဲ့သူ ၎င်းက ဆိုသည်။ 
“ကြိုးတုပ်ခံထားရတဲ့ လူတစ်ယောက်ေ ပြးနိုင်တာနဲ့ ကြိုးတွေမရှိတော့ လူတစ်ယောက် ပြေးနိုင်သလောက် ကွာသလိုကို ကွာပါတယ်”

အမေရိကန် စီးပွားရေး ပိတ်ဆို့မှုမှ  လွတ်မြောက်ပြီးနောက် … 

အမေရိကန် နာမည်ကျော် ကုန်တိုက်တွင် ‘Made in Myanmar’ အမှတ်တံဆိပ် မြန်မာပြည်ဖြစ် အင်္ကျီများကို တွေ့နိုင်မည်လား ဆိုသည်က မျှော်လင့်ချင်စရာ။ 

ဦးရဲမြတ်သူကတော့ အမေရိကန်ကို ဘာရောင်းမလဲဆိုသည့် မေးခွန်းအတွက် ရယ်ရယ်မောမော ယခုလို ပြောသည်။
“လူတွေပို့ပေါ့ဗျာ ဘွဲ့တွေရပြီး အလုပ်မရှိတဲ့သူတွေ၊ ဘာမှမလုပ်တဲ့သူတွေ ပို့ပေါ့” 

ရဲနိုင်ဦး



FOLLOW US