News

POST TAGGED AS

စီးပွားရေး

အမေရိကန်ခရီး ဤသို့မြင်သည်
သူကိုယ်တိုင် နောက်တစ်ကြိမ် သွားလျှင်ပင် ယခုကဲ့သို့ ထူးခြားသမိုင်းမဝင်နိုင်တော့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးကို ဤသို့မြင်ပါသည်။

၁) အာဆီယံ ပြင်ပခရီးစဉ်အဖြစ် တရုတ်သို့ သွားခြင်းဖြင့် လည်းကောင်း၊ အိန္ဒိယသို့ သမ္မတဦးထင်ကျော် သွားခြင်းဖြင့် လည်းကောင်း အရှေ့ကို အလေးပြုခဲ့ရာမှ အနောက်သို့ ခြေဦးလှည့်လိုက်ခြင်းသည် အရှေ့၊ အနောက် အင်အားထိန်းညှိခြင်းဟု ဘာသာပြန်လျှင် ငြင်းရခက်မည် ဖြစ်သည်။ အထူးသဖြင့် တရုတ်နှင့် အမေရိကန် မည်သည့်နိုင်ငံကိုမျှ ဦးစားပေး ဆက်ဆံ၍ မဖြစ်နိုင်သလို နှစ်နိုင်ငံလုံးနှင့်လည်း အဆင်ပြေအောင် ဆက်ဆံရမည်သာ။ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ချိန်ကိုက်ကာ အချိန်ဇယားအရ သွားရောက်ခြင်းလည်း ဖြစ်နိုင်သည်။

၂) ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် သာမန်ပင်လယ်ရပ်ခြား ခရီးစဉ် မဟုတ်ဘဲ မြန်မာနိုင်ငံကို ပွဲထုတ်သည့် ခရီးစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခေါင်းဆောင်အဖြစ် ပွဲလယ်တင့်လေလေ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်လေလေ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ၎င်းသည် လောလောဆယ်တွင် မြန်မာနိုင်ငံအတွက် အားသာချက် အများဆုံး ခေါင်းဆောင်ဖြစ်သည်မှာ ငြင်းစရာ မလိုပါ။ 

၃) အိုဘားမားသည် မြန်မာနိုင်ငံကို ချဉ်းကပ်ဆက်ဆံရေး တွန်းခဲ့သူဖြစ်ရာ မြန်မာ့ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုသည် သူ့အောင်မြင်မှုပင် ဖြစ်သည်။ လပိုင်းအတွင်း သက်တမ်းကုန်ဆုံးတော့မည့် အိုဘားမားကို အချိန်မီ သွားရောက်တွေ့ဆုံခြင်းသည် အိုဘားမားကို ဂုဏ်ပြုရာ ရောက်ပေသည်။ အိုဘားမား နောက်ပိုင်း သမ္မတတစ်ဦးဦး အတက်တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင်ပင် အိုဘားမားရှိစဉ် ထူးခြားမှုမျိုး မရနိုင်တော့ပါ။ 

၎) အမေရိကန် သမ္မတလောင်း ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် အိုဘားမား၏ မြန်မာ့ဗျူဟာတွင် အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ အိုဘားမားသည် ဟီလာရီကလင်တန်ကို မဲဆွယ်ပေးနေရာ အိုဘားမား၏ အောင်မြင်မှုဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတလောင်း ရွေးကောက်ပွဲတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်သွားပေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက် ဒေါ်နယ်ထရမ့်တို့ဘက်က ပစ်ပစ်ခါခါပြောရန် ခက်ခဲသည်။

၅) ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ အမေရိကန်ပြည်ထောင်စုက အရေးယူ ပိတ်ဆို့မှုများကို မကြာမီ ရုပ်သိမ်းမည်ဟု ကြေညာလိုက်ခြင်းမှာ အထွေထွေညီလာခံ တက်မည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ထို့ထက်ကောင်းသော ထောက်ခံချက် မရှိနိုင်တော့ပေ။ နိုင်ငံငယ်လေး တစ်နိုင်ငံမှ ခေါင်းဆောင်တစ်ဦး ရနေကျ အသိအမှတ်ပြုမှုမျိုးထက် အဆပေါင်းများစွာ  ဒေါ်အောင်ဆန်းစုကြည် ရရှိပေမည်။

၆) အရေးယူပိတ်ဆို့မှု အားလုံးကို မကြာမီ ဖြုတ်ပေးမည်ဟု အိုဘားမားက ကြေညာလိုက်ခြင်းမှာ အရေးယူ ပိတ်ဆို့မှုများက မရည်ရွယ်ထားသော်လည်း ထိခိုက်နာကျင်နေသော သာမန်ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အတွက် သတင်းကောင်းဖြစ်သည်။ နူရာဝဲစွဲ၊ လဲရာသူခိုး ထောင်းသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် အနေနှင့် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန် လပိုင်းအကြာတွင် ကြားရခြင်း ဖြစ်သည်။ စင်စစ် ယခုမရုပ်လျှင် အိုဘားမား ဆင်းအပြီးနောက် အမေရိကန် အစိုးရသစ် တက်လျှင် ပြည်တွင်းရေး မဲနေရသည်နှင့် မြန်မာ့အရေးယူပိတ်ဆို့မှုများ အချိန်ထပ်ကြာမည်။ Now or Never။

၇) အိုဘားမား၏ ကတိအတိုင်း အရေးယူပိတ်ဆို့မှုများ အားလုံးမကြာမီ ရုပ်သိမ်းလိုက်လျှင် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊  စီးပွားရေးတို့ တိုးတက်နှုန်း မြန်လာမည်။ ယခုပင်လျှင် တာဝန်ခံမှု တာဝန်ယူမှု ကြီးမားသော နိုင်ငံခြားကုမ္ပဏီများ Responsible Businesses ဝင်ရောက်လာသည့်အတွက် ယင်းတို့၏ ဝန်ထမ်းများ၊ ယင်းတို့နှင့် တွဲဖက်လုပ်ကိုင်နေသော ဌာနေမိတ်ဖက် ကုမ္ပဏီများတွင် လူ့အခွင့်အရေး၊ ကလေးလုပ်သား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်များ တိုးတက်လာ ည်။ တစ်နွယ်ငင်တစ်စင်ပါ သဘောဖြင့် ယင်းကုမ္ပဏီများ ဝင်နေသော နယ်ပယ်အလိုက်တွင်ပါ ထိုအမြင်များ တိုးတက်လာသည်။ အရေးယူပိတ်ဆို့မှုကို မကြောက်ရသဖြင့် အမေရိကန်မှ Responsible Businesses များ ဝင်ရောက်လာလျှင် မြန်မာ့စီးပွားရေး၊ လူမှုရေးတို့ တိုးတက်လာမည်။ 

၈) အမေရိကန်ပြည်ထောင်စုသည် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံကြီး ဖြစ်သလို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ၏ စွမ်းဆောင်ရည် အလွန်မြင့်သည်။ အမေရိကန် စီးပွားရေး လုပ်ငန်းများ၏ ထောက်ခံစိတ်ဝင်စားမှုကို ရရှိခြင်းသည် အောင်မြင်သော ကမ္ဘာ့နိုင်ငံများ၏ အမှတ်လက္ခဏာပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုညစာ တည်ခင်းရန် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီက စီစဉ်ထားရာ အမေရိကန်တို့၏ မြန်မာနှင့် စီးပွားဆက်ဆံရေး စိတ်အားထက်သန်မှုကို မြင်နိုင်သည်။ အမေရိကန် နည်းပညာ ကုမ္ပဏီကြီးများ American Tech Giants များ ဖြစ်သည့် Facebook၊ Google၊ Microsoft ကုမ္ပဏီကြီးများမှ ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည် မတွေ့မည်ကိုမူ မသိရ။  အကယ်၍သာ ထိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မြန်မာ့နည်းပညာလောကကို အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းနိုင်လျှင် မြန်မာနိုင်ငံအတွက် အကျိုးများစွာ ဖြစ်ထွန်းမည်။ 

၉ ) ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်မျိုး နောက်တစ်ကြိမ် ပြန်မရနိုင်ပါ။ ဤခရီးစဉ်မှ စတင်လိုက်သော အကျိုးကျေးဇူးများ အမှန်တကယ်ရရှိအောင် အကောင်အထည်ဖော်ရန် ပြည်တွင်းယန္တရားက မလိုက်ပါဘဲ မဖြစ်နိုင်ပါ။ 

ဇေယျသူ



FOLLOW US