News

POST TAGGED AS

စီးပွားရေး

ဖွံ့ဖြိုးရေးဝါဒ
ဖွံ့ဖြိုးရေးဝါဒဆိုတာ ဆင်းရဲတဲ့နိုင်ငံများ၊ ဖွံ့ဖြိုးမှုနောက်ကျ (နိမ့်ပါး) နေတဲ့ နိုင်ငံများအနေနဲ့ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် ကျင့်သုံးဆောင်ရွက်ကြတဲ့ စီးပွားရေးသဘောတရားတစ်ရပ် ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်ကို ပီပြင်စေရေး ပြည်ပသွင်းကုန်များအပေါ် အခွန်အခများ တိုးမြှင့်ကောက်ခံပြီးတော့ နိုင်ငံစီးပွားရေးကို မြှင့်တင်ဆောင်ရွက်တဲ့ သဘောတရားဖြစ်ပါတယ်။ 

ဒီသဘောတရားမှာ -

၁။ စီးပွားဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်အကောင်အထည်ဖော်ခြင်း (စီးပွားရေး အောင်မြင်ခြင်းနဲ့ ပြည်သူ့ဘဝ ဖူလုံရေးဆောင်ရွက်နိုင်ခြင်း) က အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုကို ပြဋ္ဌာန်းကြောင်း၊

၂။ အစိုးရတစ်ရပ်က အုပ်ချုပ်မှုနဲ့ တီထွင်ဖန်တီးမှုကို အသုံးပြုပြီး အမျိုးသားအကျိုးစီးပွားကို အကောင်းဆုံးပုံဖော်ကြောင်း၊

၃။ နိုင်ငံရေးသမားများနဲ့ ဗျူရိုကရက်များကို သီးခြားခွဲခြားရှုမြင်ခြင်းဟာ ခေါင်းဆောင်မှုအဆင့်ဆင့် ဖွဲ့စည်းမှုပုံစံ၊ ဗျူရိုကရေစီလုပ်ငန်းစဉ်နဲ့ အုပ်ချုပ်ရေးလုပ်ငန်းများကို အောင်မြင်စေခြင်း၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်များကို ပြန်လည်ချိန်ညှိပေးနိုင်ခြင်း စတဲ့ အကျိုးများဖြစ်ထွန်းစေတာကြောင့် အစိုးရတစ်ရပ်ဟာ နိုင်ငံတော်အဆင့် အရေးကိစ္စများကို ပိုမိုထိရောက်လွယ်ကူစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း၊

၎။ နိုင်ငံတကာစီးပွားရေးဝန်းကျင်အပေါ် အသာစီးရရေးအတွက် အရင်းအခြေပြုစနစ် (Capitalist system) ကို အသုံးချပြီး ဆောင်ရွက်နိုင်ကြောင်း၊ အရင်းအခြေပြုစနစ်ကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတကာစီးပွားရေးရာများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုမှရရှိနိုင်သော အရင်းအမြစ်များကို ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုနိုင်ကြောင်း စသဖြင့် ဖွင့်ဆိုထားပါတယ်။

ပြည်တွင်းအင်အားကို စနစ်တကျ အခြေပြုသော စီးပွားဖော်ဆောင်မှုပုံစံတစ်ရပ် ဖြစ်ပါတယ်။

အရှေ့အာရှဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုနဲ့ စီးပွားရေးတည်ဆောက်တဲ့ ဖွံ့ဖြိုးရေးဝါဒကို အခြေခံခဲ့တာဖြစ်ပါတယ်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းများနဲ့ လုပ်သားများကြား ပူးပေါင်းဆောင်ရွက်ပြီးတော့ နည်းပညာသစ်များရရှိရေး၊ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးနဲ့ ကမ္ဘာတစ်လွှား ဈေးကွက်ချဲ့ထွင်ရေးကို စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုဝါဒရဲ့ အဓိက ထူးခြားတဲ့ဝိသေသကတော့ လစ်ဘရယ် အယူအဆတစ်ရပ်ဖြစ်တဲ့ အစိုးရက စီးပွားရေးမှာ လုံးဝ ဝင်ရောက်မစွက်ဖက် မပါဝင်ရဘူးဆိုတဲ့ ယူဆချက်ကို လုံးလုံးငြင်းဆိုခြင်းပဲ ဖြစ်ပါတယ်။ အစိုးရ မပါခဲ့ရင် ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများ စတာတွေကို အနည်းအကျဉ်းသာ အလုပ်ဖြစ်အောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆတာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု စီးပွားပညာရှင် (Development Economist) ဖြစ်သူ Alice Amsden က ၁၉၈၉ မှာ “The art is to get something done with intervention.” လို့ ရေးသားခဲ့တာ ရှိပါတယ်။ အစိုးရ ဝင်ရောက်စွက်ဖက်ခြင်းဖြင့်သာ အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့သဘောပါ။

“Getting something done” ဆိုတဲ့ အလုပ်ဖြစ်ရေးမူက ဖွံ့ဖြိုးနိုင်ငံတော် (Developmental State) တည်ဆောက်ရေးရဲ့ အခြေခံသဘောတရားဖြစ်ပါတယ်။ ဒါကြောင့် လစ်ဘရယ်ဝါဒရဲ့ စီးပွားရေးသီအိုရီများဖြစ်တဲ့ လွတ်လပ်သောဈေးကွက်၊ ဘဏ္ဍာရေးဆိုင်ရာ ဖြေလျှော့မှုများနဲ့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုမှု စတဲ့ကိစ္စများနဲ့တော့ ဝိရောဓိ ဖြစ်ပါတယ်။ ခေတ်သစ်လစ်ဘရယ်ဝါဒက ဖွံ့ဖြိုးမှုဝါဒကို အိုင်ဒီယော် လော်ဂျီဆိုင်ယာ စိန်ခေါ်မှုအဖြစ်သာမက ကမ္ဘာ့ဈေးကွက်အတွင်း မမျှမတ ပြိုင်ဆိုင်လိုမှုရဲ့ အရင်းအမြစ်အဖြစ်တောင်မှ ရှုမြင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖွံ့ဖြိုးမှုဝါဒဟာ နောက်ကျကျန်နေခဲ့တဲ့ အရှေ့အာရှ စီးပွားရေးကို အနောက်ဘက်က ဖွံ့ဖြိုးကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင်တော့ ကောင်းကောင်းကြီး အထောက်အပံ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဝါဒဟာ ဂျပန်နိုင်ငံမှာ ထင်ထင်ရှားရှား အောင်မြင်မှုရရှိခဲ့ပြီးတော့ နောက်ပိုင်း တခြား အရှေ့အာရှနိုင်ငံများဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ အောင်မြင်လာခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာတော့ စင်ကာပူရဲ့ စီးပွားဖြစ်ထွန်းလာမှုက ဖွံ့ဖြိုးမှုဝါဒနဲ့ တော်တော်ပဲ နီးစပ်တယ်လို့ ယူဆပြောဆိုကြပါတယ်။ (ဖွံ့ဖြိုးရေးဝါဒဟာ ဂျပန်နဲ့ တခြား အာရှနိုင်ငံများမှ တစ်ချိန်တစ်ခါက စတင်ကျင့်သုံးခဲ့လို့ အောင်မြင်ခဲ့ပေမယ့် အခုရာစုသစ်ကမ္ဘာကြီးရဲ့ စီးပွားရေးလမ်းကြောင်းကြီး (Economic Trend) က ထူးထူးခြားခြား ပြောင်းလဲသွားပြီးတဲ့ကာလမှာ စတင်ကျင့်သုံးဖို့ အလုပ်ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကလည်း အလေးအနက် စဉ်းစားသင့်တဲ့ ကိစ္စ ဖြစ်ပါတယ်။)

ဒီမိုကရေစီကို ထူထောင်နေတဲ့နိုင်ငံများမှာ အစိုးရများရဲ့ နိုင်ငံရေးမူဝါဒသည် သေချာရေရာမှုရှိဖို့၊ အစိုးရများသည် မိမိတို့ဦးတည်ချက်ကို မှန်မှန်ကန်ကန်သိဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဖြစ်တာနဲ့အညီ လစ်ဘရယ်ဝါဒကို အမှန်တကယ်ပဲ အခြေခံမှာလား၊ ဒါမှမဟုတ် စီးပွားရေးနဲ့ နိုင်ငံရေးကို ကိုယ်နဲ့သင့်သလို ပုံဖော်ပြီး အလုပ်ဖြစ် (အောင်မြင်) ခဲ့ကြတဲ့ အရှေ့အာရှ မော်ဒယ်လ်ပဲသွားမှာလား ရေရာဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လစ်ဘရယ်ဝါဒကို အစိုးရတစ်ရပ်က အမှန်တကယ် ရာခိုင်နှုန်းပြည့် လက်ခံယုံကြည်ကျင့်သုံးမယ်ဆိုရင် ဈေးကွက်သဘောတရားက ဖွံ့ဖြိုးရေးဝါဒသဘောတရားနဲ့ ကင်းလွတ်မှသာ သဟဇာတ ဖြစ်နိုင်ပါလိမ့်မယ်။ အစိုးရက စီးပွားရေးနဲ့ပတ်သက်လို့ ဘာမှ စွက်ဖက်ခြင်း ပါဝင်ခြင်းမရှိဘဲနဲ့ ဈေးကွက်ကို သူ့သဘောသူဆောင်စေတဲ့ လွတ်လပ်သော ဈေးကွက် (Free Market) သဘောတရားနဲ့ သွားမှသာ လိုက်လျောညီထွေဖြစ်ပြီး ရလဒ်ထွက်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ စီးပွားရေးမူဝါဒများဟာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဖြစ်ပါလိမ့်မယ်။ 

ဒီလိုမဟုတ်ဘဲနဲ့ Developmental State ကို သွားမယ်ဆိုရင်တော့လည်း အစိုးရရဲ့ နိုင်ငံရေးသဘောတရားနဲ့ ရပ်တည်ချက်က လစ်ဘရယ်သိပ်ကျလို့ မရပြန်ပါဘူး။ အစိုးရရဲ့ တင်းကျပ်တဲ့ ပါဝင်စွက်ဖက်မှုနဲ့ စီးပွားရေးကို ဖွံ့ဖြိုးရေးဝါဒအခြေခံသွားမယ်ဆိုရင် နိုင်ငံရေးကိုလည်း လိုက်လျောညီထွေဖြစ်အောင် မူဝါဒ ပြတ်ပြတ်သားသားချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ (နိုင်ငံရေးနဲ့ စီးပွားရေးသဘောတရားနှစ်ရပ် ဆန့်ကျင်ဘက်အသွင်ရှိနေတဲ့) ဘယ်နိုင်ငံကိုမှ ထိထိရောက်ရောက် ရလဒ်ထွက်အောင်၊ တိုးတက်အောင်မြင်အောင် ထူထောင်လို့မရပါဘူး။ ရုန်းကန်နေရတဲ့နိုင်ငံများ အထူး သတိဝီရိယထား ဆောင်ရွက်ကြဖို့ အရေးကြီးတဲ့ အကြောင်းတရားတစ်ရပ် ဖြစ်နေပါတယ်။ 

မင်းနွယ်



FOLLOW US