News

POST TAGGED AS

စိုက်ပျိုးရေး

ဩစတြေးလျတွင် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ တူးဖော်မှုကို ကောင်းဘွိုင်များနှင့် လယ်သမားများ ကန့်ကွက်ဆန္ဒပြ


ဆစ်ဒနီ၊ မတ် ၂၅

ဩစတြေးလျတွင် မြင်းစီးကောင်းဘွိုင်များနှင့် လယ်သမားထောင်ပေါင်းများစွာက ဆစ်ဒနီမြို့တွင် စုဝေးချီတက်ကာ ကျေးလက်ဒေသများတွင် လယ်ယာမြေများကို ထိခိုက်ပျက်စီးစေသော ကျောက်မီးသွေးတူးဖော်မှုများကို ရပ်ဆိုင်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အစားထိုးရေးကို တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြသူများက ဆစ်ဒနီမြို့ရှိ လွှတ်တော်အပြင်ဘက်တွင် စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကျောက်မီးသွေးဆန့်ကျင်ရေး Lock the Gate အဖွဲ့မှ ဂျော်ဂျီနာဝုဒ်က “ကမ္ဘာမှာ ကျောက်မီးသွေးနဲ့ ဓာတ်ငွေ့ဈေးကွက်က ပြောင်းလဲနေပါပြီ။ စွမ်းအင်ဆိုင်ရာ နည်းလမ်းတွေကလည်း ပြောင်းလဲနေပါပြီ” ဟု ပြောကြားခဲ့သည်။

“ရေရှည်မှာ ပတ်ဝန်းကျင်ထိခိုက်စေမယ့် သတ္တုတွင်းတွေကနေ တစ်နပ်စား (ရေတို) ပိုက်ဆံရဖို့အတွက် စိုက်ပျိုးရေးနဲ့ လူ့အသိုင်းအဝိုင်းတွေကို စွန့်လွှတ်စတေးပစ်လိုက်တာမျိုးကို မလိုလားပါဘူး”ဟု ၎င်းက ဆိုသည်။

ဩစတြေးလျတွင် ကျောက်မီးသွေးစီမံကိန်းများကို ကန့်ကွက်ဆန္ဒပြမှုများ အချိန်အတန်ကြာကတည်းကပင် ဖြစ်ပွားလျက်ရှိခဲ့သည်။

“ရွေးချယ်ရမယ့်အချိန်” လူထုစည်းဝေးပွဲကို စီစဉ်သူများက ကျောက်မီးသွေးနှင့် ဓာတ်ငွေ့တူးဖော်မှုစီမံကိန်းများအား လူထုက ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်နယ်အစိုးရကို သိစေလိုသည်ဟု ပြောကြားသည်။

နယူးဆောက်သ်ဝေးပြည်နယ်အစိုးရသည် စက်မှုသုံးနေစွမ်းအင် အသုံးချကုမ္ပဏီ ၁၀ ခုကို မနှစ်က ခွင့်ပြုပေးခဲ့သော်လည်း ပြည်နယ်ဥပဒေအများစုမှာ ၂၀၅၀ တွင် ကာဗွန်ထုတ်လွှတ်မှု သုညအဆင့် လျှော့ချရေးရည်မှန်းချက်ကို အဟန့်အတားဖြစ်စေသည်ဟု သိရှိရသည်။

ကျောက်မီးသွေးနှင့် ဓာတ်ငွေ့တူးဖော်မှုကိစ္စသည် လာမည့်နှစ် ပြည်နယ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအရွေ့နှင့် ဆက်နွှယ်ဖြစ်ပေါ်နေသည်။ 

ဩစတြေးလျသည် ကမ်းလွန်နှင့် ကုန်းတွင်းဓာတ်ငွေ့စီမံကိန်းများမှ ဓာတ်ငွေ့ အဓိကတင်ပို့သော နိုင်ငံဖြစ်ပြီးတူးဖော်မှုနည်းလမ်းများကြောင့် မြေအောက်ရေနှင့် သယံဇာတများ ပျက်စီးသွားမည်ကို လယ်သမားများနှင့် မြေပိုင်ရှင်များက စိုးရိမ်နေကြသည်။

“ကျွန်တော်တို့ လယ်မြေတွေရဲ့အလယ်မှာ ကျောက်မီးသွေးတွင်းတွေ တူးတော့ စားကျက်မြက်ခင်းတွေမှာ ရေမရှိတော့ဘူး။ ကမ္ဘာမြေရဲ့ အကြီးဆုံးကပ်ဘေးသင့်မှုပဲ”ဟု ဓာတ်ငွေ့တူးဖော်မှု ဆန့်ကျင်ရေးအဖွဲ့ Knitting Nannas မှ ကလယ်ယာတော်မီက ပြောကြားသည်။

စွမ်းအင်လိုအပ်ချက်အတွက် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့စီမံကိန်းများအပေါ် အဓိကမှီခိုအားထားနေရသော ဩစတြေးလျနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများစွာကို အစိုးရက စတင်လုပ်ဆောင်နေသော်လည်း ၎င်းစီမံကိန်းများက နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးပေ။

F-04



FOLLOW US