News

POST TAGGED AS

စိုက်ပျိုးရေး

ထရမ့်၏ ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒ အရှေ့တောင်အာရှနိုင်ငံများ အာခံ


ဆစ်ဒနီ မတ် ၁၉

ဩစတြေးလျနိုင်ငံ ဆစ်ဒနီတွင် သုံးရက်ကြာ စည်းဝေးခဲ့ကြသော အရှေ့တောင်အာရှ နိုင်ငံ့ခေါင်းဆောင်များက လုံခြုံရေးမှသည် ကုန်သွယ်ရေးအထိ ကျယ်ပြန့်သော အကြောင်းအရာများနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးနှင့် တောင်တရုတ်ပင်လယ် အငြင်းပွားရေပြင်တွင် စစ်အင်အား ဖြန့်ကြက်မှုမပြုရေးတို့ကိုလည်း အရှေ့တောင်အာရှနိုင်ငံများက တောင်းဆိုလိုက်ကြသည်။

မြောက်ကိုရီးယား၏ အငြင်းပွားဖွယ် နျူကလီးယား၊ ဒုံးကျည်အစီအစဉ်များနှင့် ပတ်သက်သည့် စိုးရိမ်စရာ အခြေအနေများကို ခိုင်ခိုင်မာမာ ရပ်တည်တုံ့ပြန်ကြရန် ဩစတြေးလျနှင့် အာဆီယံနိုင်ငံများက ထပ်မံကတိပြုခဲ့ကြသည်ဟု ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန်တန်းဘူးလ်က ပြောကြားသည်။

ထို့အပြင် ဒေသတွင်းနိုင်ငံအချို့က ပိုင်နက်တောင်းဆိုမှုများ ပြုလုပ်ထားကြသော တောင်တရုတ်ပင်လယ်ရေပြင်တွင် တရုတ်နိုင်ငံ၏ အနိုင့်အထက်ပြုမှု ကြီးထွားလာခြင်းကို စိုးရိမ်သည်ဟု အာဆီယံခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်တို့၏ကျွန်းတုနှင့် စစ်ရေးတည်ဆောက်မှုများအပေါ် ဗီယက်နမ်နိုင်ငံက အပြတ်သားဆုံး ဆန့်ကျင်နေဆဲဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ တရုတ်ချစ်သမ္မတ ဒူတာတေးလက်ထက်တွင် သဘောထားပြောင်းကာ နှုတ်ဆိတ်လျက်ရှိသည်။

ဩစတြေးလျနှင့် အာဆီယံနိုင်ငံများက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည် ငြိမ်ရေး၊ ရေကြောင်းဘေးကင်းလုံခြုံရေး၊ ရေကြောင်းနှင့် လေကြောင်း လွတ်လပ်စွာ သွားလာရေးတို့ကို ထိန်းသိမ်းရန် အရေးကြီးကြောင်းကို တရုတ်နိုင်ငံ၏အမည်ကိုမဖော်ဘဲ ထပ်မံအတည်ပြု ပြောကြားခဲ့ကြသည်။

တောင်တရုတ်ပင်လယ်တွင် ထိရောက်သော ကျင့်ဝတ်ဥပဒေ စောစီးစွာ သတ်မှတ်ကျင့်သုံးမှုကို မြင်တွေ့လိုသည်ဟု အာဆီယံခေါင်းဆောင်များက ပြောကြားသွားကြသည်။

တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်း၌ နိုင်ငံတကာဥပဒေနှင့်အညီ တည်ငြိမ်မှုသက်ရောက်ရေးကို ဆက်လက်တွန်းအားပေးသွားမည်ဟု မယ်လ်ကွန်တန်းဘူးလ်က ပြောကြားသည်။

အာဆီယံအဖွဲ့ဝင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးအတွက် လွတ်လပ်သော တံခါးဖွင့် နိုင်ငံတကာကုန်သွယ်ရေးစနစ်က အဓိကသော့ချက်ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သံမဏိနှင့် အလူမီနီယံ လုပ်ငန်း၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် သွင်းကုန်များကို အခွန်သတ်မှတ်ရန် အမေရိကန်သမ္မတ ထရမ့်က မတ်လ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အာဆီယံနှင့် ဩစတြေးလျတို့၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေသတွင်း ကျယ်ပြန့်သော ကုန်သွယ်ရေး သဘောတူညီချက်များဖြစ်သည့် တရုတ် ကျောထောက်နောက်ခံ ကုန်သွယ်မှုနှင့် တရုတ်အဓိကမကျသည့် ပစိဖိတ် TPP ကုန်သွယ်ရေးစာချုပ်များတွင် အာဆီယံ၏ ပေါင်းစည်းမှုအားကို အသုံးပြုကြရန် လီရှန်လွန်းနှင့် တန်းဘူးလ်တို့က အာဆီယံနိုင်ငံများကို တိုက်တွန်းခဲ့သည်။

F-04



FOLLOW US