News

POST TAGGED AS

စာကြည့်တိုက်

ကျောင်းစာကြည့်တိုက်များ တိုးပွားလာရေးနှင့် စာကြည့်တိုက်များကို အသုံးပြုတတ်ကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတွင် ကျောင်းစာကြည့် တိုက်များ တိုးပွားလာစေရေးနှင့် စာကြည့်တိုက်များကို အသုံးပြုတတ်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ကြောင်း မေလ ၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သော (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံတွင် တိုက်တွန်းပြောကြားသည်။

စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ဘဝတွင် လေ့လာစရာများ လေ့လာပြီးအောင်မြင်မှုရရှိရန် အခြေခံအကျဆုံးဖြစ်သည့် အရည်အသွေးကို ပေးစွမ်းနိုင်ပါကြောင်း၊ စာဖတ်သည့် အလေ့အထကို ကလေးများ ရရှိစေရန် ငယ်ရွယ်စဉ်ကတည်းကစပြီး လေ့ကျင့်ပျိုးထောင်ပေးသင့်ကြောင်း၊ အခြေခံပညာရေးသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ရုံမျှမက ကျောင်းသူကျောင်းသားများ စာပေ၊ လူမှုရေးသိပ္ပံ၊ သမိုင်းနှင့် လူ့သဘော သဘာဝအကြောင်းကို ချစ်မြတ်နိုးတတ်လာစေရေးအတွက် စာကြည့်တိုက်များက လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း ပြောဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများရှိ စာကြည့်တိုက်မှူး ညီလာခံကို ၁၉၇၀ ခုနှစ်မှ စတင် ကျင်းပလာခဲ့ရာ ယခု (၄၈) ကြိမ်မြောက်တွင် မြန်မာနိုင်ငံက ပထမဦးဆုံး ကျင်းပခြင်းဖြစ်ပြီး စာကြည့်တိုက်များ နယ်ပယ် ဖွံ့ဖြိုးလာစေရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအပြင် နိုင်ငံတကာ စာကြည့်တိုက်များ အသိုင်းအဝိုင်းနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ယင်းညီလာခံထံမှ သိရသည်။

စာကြည့်တိုက်များသည် သုတ၊ ရသ ပညာရပ်များနှင့် သတင်း အချက်အလက်များကို ဖြန့်ဖြူးမျှဝေပေးရာ နေရာဖြစ်ကြောင်း၊ သတင်းအချက်အလက် ဖြန့်ဝေရာနေရာ ဖြစ်သည့်အတွက် အထူး အလေးပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ရန်ကုန်မြို့ရှိ အမျိုးသား စာကြည့်တိုက်နှင့် မြန်မာသမိုင်း သုတေသနဌာနကို မြန်မာစာပေ အမွေအနှစ်များ ထိန်းသိမ်းရာ ဗဟိုဌာနအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ပေပုရပိုက်များကို ပြန်လည်စုဆောင်းကာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ပေပုရပိုက်ထိန်းသိမ်းသည့်နေရာကို အမျိုးသား စာကြည့်တိုက်၊ နေပြည်တော်နှင့် ရန်ကုန်တို့မှ တာဝန်ယူထားကြသည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်မှူးများ ညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန (MICC-II) တွင်ကျင်းပပြုလုပ်ခဲ့ရာ ယင်းညီလာခံကို နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်ပါ တက်ရောက်ခဲ့ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများနှင့်တကွ သံတမန်များ၊ အရှေ့တောင် အာရှနိုင်ငံများက စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များကို ပညာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့၏ ကူညီမှုဖြင့် လုပ်ဆောင်နေပြီး မြန်မာနိုင်ငံရှိ ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ စာကြည့်တိုက်များကို သုံးစွဲခွင့်ရရန် လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ၉၂ ဒသမ ၇ ရာခိုင်နှုန်းရှိသည့်အတွက် မြန်မာ့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးနိုင်မည်မှာ စာကြည့်တိုက်များသာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ 

J-16



FOLLOW US