News

POST TAGGED AS

စာကြည့်တိုက်

ကမ္ဘာ့မိုဘိုင်းလ်စာကြည့်တိုက်များ

ကမ္ဘာ့စာအုပ်နေ့ (World Book Day) ကို နှစ်စဉ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတကာ၌ အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပလေ့ရှိသည်။ UNESCO (United Nations Educational, Scientific and Cultural Organization) အဖွဲ့က တာဝန်ယူပြီး စာဖတ်သူများ၊ ထုတ်ဝေသူများ ပေါများလာစေရေးအပြင် မူပိုင်ခွင့် ထွန်းကားလာစေရေးအတွက်ပါ ရည်စူးပြီး (World Book and Copyright Day) အဖြစ်လည်း သတ်မှတ်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့စာအုပ်နေ့ကို ၁၉၉၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က စတင်ကျင်းပခဲ့သည်။ 

ကမ္ဘာပေါ်တွင် စာဖတ်သူများ ပေါများလာစေရေးအတွက် နိုင်ငံတိုင်းလိုလိုတွင် သူ့နည်းသူ့ဟန်များဖြင့် လှုပ်ရှားလုပ်ဆောင်လျက် ရှိကြသည်။ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့တွင် ဘတ်စ်ကားတွေကို စာကြည့်တိုက်တွေလုပ်ကာ စာအုပ်လိုက်ငှားသည်။ နယ်သာလန်တွင် သင်္ဘောကွန်တိန်နာတွေကို စာကြည့်တိုက်တွေလုပ်ပြီး နယ်လှည့်သည်။ ကိုလံဘီယာတွင် မြည်းတွေပေါ် စာအုပ်တွေတင်ပြီး ကျေးရွားအရောက် စာကြည့်တိုက်တွေ ထူထောင်နေကြသည်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် နည်းလမ်းပေါင်းစုံဖြင့် အသိဉာဏ် ဗဟုသုတ ရှာနိုင်စေရန် ကြိုးပမ်းလုပ်ဆောင်နေကြပုံများဖြစ်သည်။

တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းစာကြည့်တိုက်များအဖြစ် စာအုပ်များကိုသယ်ဆောင်ကာ ငှားရမ်းဖတ်ရှုနိုင်စေရန် လုပ်ဆောင်ပေးခြင်းကို မိုဘိုင်းလ်စာကြည့်တိုက် (Mobile Library) ဟုခေါ်ပါသည်။ စာမရောက် ပေမရောက် ဒေသများရှိ ပြည်သူတို့၏ မျက်စိ၊ နားတို့ကိုဖွင့်ပေးရန် ရည်ရွယ်ချက်များဖြင့် ခေတ်အဆက်ဆက် လုပ်ဆောင်ခဲ့ကြသည်။ ထိုစိတ်ကူးကို ၁၉ ရာစုခေတ်လောက်ကတည်းက အကောင်အထည် ဖော်ခဲ့ကြသည်။

ယနေ့ခေတ်တွင် အင်တာနက် ရှိလာပြီဖြစ်သောကြောင့် ဖုန်းဖွင့်၊ ကွန်ပျူတာဖွင့်ပြီး eBook များကို ဖတ်နိုင်ကြသော်လည်း၊ ကျေးလက်များအထိ စာအုပ်စာပေများကို သယ်ဆောင်ပေးပြီး ပညာဒါနပြုနေသော မိုဘိုင်းလ် စာကြည့်တိုက်များ၏ ခေတ်မကုန်သေးပေ။ လက်ရှိ ပညာအလင်းကို ဆောင်ပေးနေသူများသည် စာအုပ်များကို သယ်ဆောင်ပေးရုံမက ကျေးလက်ပြည်သူတို့၏ အသိဉာဏ်ကို ပွင့်လင်းစေမည့် သင်တန်းများပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ပညာပေးလုပ်ငန်းများ လုပ်ဆောင်လာခြင်းများကြောင့် ခေတ်သစ် မိုဘိုင်းလ်စာကြည့်တိုက်များမှာ ပိုပြီး ကျေးလက်နေ ပြည်သူတို့အတွက် မရှိမဖြစ် လိုအပ်ချက်အသွင် ဆောင်လာသည်။ 

နိုင်ဂျီးရီးယားနိုင်ငံမှ iRead Mobile Library

ဖန်မီ အီလိုရီတစ်ယောက် လာဂို့စ်မြို့ ဆင်းရဲသားရပ်ကွက်များသို့ စာအုပ်များ ယူလာပေးနေရခြင်းကို သူမ ဘဝပေး တာဝန်တစ်ခုအနေနှင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ သူမသည် ပညာရေးစိတ်ပညာရှင်တစ်ဦး ဖြစ်ရုံမက၊ လူမှုရေးလုပ်ငန်းများကိုလည်း စွန့်ဦးလုပ်ဆောင်နေသူ တစ်ယောက်လည်းဖြစ်သည်။ ၂၀၀၄ ခုနှစ်က ခေါင်းဆောင်မှုသင်တန်းတစ်ခုတွင် အာဖရိကနိုင်ငံ၌ အကြီးဆုံးသော စာကြည့်တိုက်ကြီး တစ်တိုက်ကို တည်ဆောက်ပေးရန်မှာ သူ့စိတ်ကူးတစ်ခုဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ 

သူက စာအုပ်အပြည့် ထည့်ထားသော ခြင်းနှစ်လုံးကိုဆွဲပြီး iRead Mobile Library ကို စတင်ထူထောင်ခဲ့သည်။ လာဂို့စ်မြို့၏ ပထမဆုံး မိုဘိုင်းလ်စာကြည့်တိုက်ဟုလည်းဆိုနိုင်သည်။ ယခုဆိုလျှင် သူ ထူထောင်ခဲ့သည့် စာကြည့်တိုက်မှာ ဘတ်စ်ကားလေးစီးဖြစ်နေပြီ။ ကလေးပေါင်း ၃၀၀၀ ထံသို့ သူက စာအုပ်များအရောက် ပို့ပေးသည့်အလုပ်ကို လုပ်ဆောင်နေသည်။

“စာကြည့်တိုက်တွေဟာ ဘယ်လူ့ဘောင် အဖွဲ့အစည်းမှာမဆို အရေးအကြီးဆုံးပါ။ နိုင်ဂျီးရီးယားမှာ ကွာဟချက်တွေ အရမ်းများတယ်။ ပြည်သူ့စာကြည့်တိုက်တွေ ရှိပေမယ့် ကလေးတွေက အဲဒီဝေးတဲ့ စာကြည့်တိုက်တွေအထိ မသွားနိုင်ကြဘူး။ သူတို့ စာကြည့်တိုက်ဆိုတာကြီးတွေကို ရှိန်နေတာတွေလည်းပါမှာပေါ့”ဟု သူကဆိုသည်။

သူ့စေတနာ အကျိုးပေးသည်ဟု ဆိုရမည်။ အိမ်တိုင်ရာရောက် စာကြည့်တိုက်ကားတွေ ရောက်လာခြင်းကို ဒေသများအတွင်းရှိ မိဘတွေက သဘောကျကြသည်။ ဒေသဆိုင်ရာ လူကြီးများကဆိုလျှင် စာအုပ်တွေကို အဘယ်ကြောင့် အခမဲ့ လိုက်ငှားနေရသနည်း။ ပိုက်ဆံယူရန်အထိ တိုက်တွန်းကြသည်။ သူတို့ iRead ဝန်ဆောင်မှုအပေါ် သဘောကျလာမှန်း ထင်ရှားသည်။

ဘတ်စ်ကားစာကြည့်တိုက် iRead Mobile Library သည် နေရာပေါင်း ၄၄ နေရာတွင် ရပ်သည်။ ကျောင်းများနှင့် ရပ်ကွက်ထဲသို့ အပတ်စဉ် တစ်ပတ်တစ်ကြိမ် ရောက်အောင်လာသည်။ ကျေးလက်များဆီသို့လည်း တစ်လတစ်ကြိမ်ရောက်အောင် သွားပေးသည်။ ကလေးများအနေနှင့် စာအုပ်ပေါင်း ၁၃၀၀၀ ခန့်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ စာအုပ်တွေကို အိတ်ကြီးတွေနှင့်သယ်လာပြီး ခင်းကျင်းပေးကာ စိတ်ကြိုက် ရွေးချယ်ဖတ်စေသည်။ ဖတ်ရုံနှင့်မပြီး သူတို့ငှားဖတ်ထားသည့် စာအုပ်များနှင့်ပတ်သက်ပြီး ဝေဖန်ချက်များကိုလည်း ရေးသားပြီး စာကြည့်တိုက်ကို ပေးခဲ့နိုင်သည်။ 

iRead Mobile Library အဖွဲ့သည် ပညာတတ်သည့် ကလေးများအတွက် အလုပ်ရုံဆွေးနွေးပွဲလေးတွေလည်း လုပ်ပေးသည်။ ထို့ပြင် သီချင်းဆိုခြင်း၊ ပြဇာတ်ကခြင်းနှင့် ပန်းချီပြပွဲလေးတွေကိုလည်း ကလေးများနှင့်အတူ ပျော်ရွှင်စွာ လုပ်ဆောင်ကြသည်။ 

အီလိုရီသည် သူ့အဖွဲ့နှင့် ဘတ်စ်ကား ၁၄ စီးခန့်တိုးမြှင့်ပြီး မိုဘိုင်းလ် စာကြည့်တိုက်များကို ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်။ လာမည့် ၅ နှစ်အတွင်း အကောင်အထည်ဖော်မည်ဟုလည်း ဆိုသည်။ နိုင်ဂျီးရီးယား တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်စာကြည့်တိုက်များ ထွန်းကားစေရန် ဆောင်ရွက်နေကြသည့် သူတို့အဖွဲ့၏ စိတ်စေတနာကား လေးစားလောက်ပေသည်။

ကိုလံဘီယာမှ မြည်းစာကြည့်တိုက်

“လူတွေက ကျွန်တော့်ကို မြည်းတွေနဲ့ မြင်လိုက်တော့ ရယ်ကြတယ်။ ကျွန်တော့်ကိုရူးနေပြီတဲ့။ တချို့ဆို ဆပ်ကပ်အဖွဲ့လာပြီဆိုပြီးတော့တောင် လှောင်ကြတယ်”ဟု မြည်းစာကြည့်တိုက်ကို တည်ထောင်သူ လူးဝစ် ဆိုရီယာနိုကဆိုသည်။ သူသည် ဘီဘလီဘာရို (Bibliburro) ဆိုသည့် စာကြည့်တိုက်ကို မြည်းတစ်ကောင်နှင့် ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းအနှံ့ လှည့်လည်ပြီး စာအုပ်ငှားသည့် လုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ 

Bibliburro ဆိုသည်မှာ စပိန်စကားဖြစ်ပြီး စာကြည့်တိုက်ကို ခေါ်ဆိုခြင်းဖြစ်သည်။ မြည်းကို (Burro) ဟုခေါ်ကြသည်။ ဘီဘလီဘာရို (Bibliburro) စာကြည့်တိုက်ကို သူလည်ပတ်နေသည်မှာ နှစ်ပေါင်း ၂၀ ကြာခဲ့ပြီ။ သူ့အသက် ၄၈ နှစ်အရွယ်တွင် အယ်လ်ဖာနှင့် ဘီတိုဆိုသည့် မြည်းနှစ်ကောင်နှင့် မြည်းစာကြည့်ကို စတင်ဖွင့်ကာ လမ်းပေါ်ကို ရောက်ခဲ့ခြင်းဖြစ်သည်။ 

သူသည် ကျောင်းဆရာတစ်ဦးလည်းဖြစ်သည်။ တပည့်များကို စာဖတ်စေလိုသည့် စေတနာဖြင့် စာကြည့်တိုက်ကိုဖွင့်လှစ်ပေးရန် စိတ်ကူးရလာပြီး စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်က သူတို့အိမ်တိုင်ရာရောက်သွားတယ်။ သူတို့မှာ စာအုပ်တွေ ဖတ်စရာ မရှိကြဘူး။ ဒါကြောင့် သူတို့ဆီ စာအုပ်တွေအရောက်ပို့ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်”ဟုဆိုသည်။ 

“အစောပိုင်းကတော့ ကျွန်တော်လက်နဲ့ပဲ စာအုပ်တွေ သယ်သွားတယ်။ သိပ်ဝေးတဲ့ အိမ်တွေဆီကျတော့ လက်နဲ့ သယ်ဖို့မလွယ်တော့ဘူး။ ဒါကြောင့် မြည်းနဲ့သယ်ဖို့ ဆုံးဖြတ်ခဲ့တာ”

သူက မြည်းစာကြည့်တိုက်လုပ်ငန်းကို ၁၉၉၇ ခုနှစ်ကတည်းက စတင်သည်။ ကိုလံဘီယာနိုင်ငံ တောင် ထူထပ်သည့် မက်ဂဒါလီနာဒေသသည် ကားမရောက်နိုင်သည့် ဒေသများ ဖြစ်သောကြောင့် သူကမြည်းများဖြင့် စာအုပ်များကို သယ်ဆောင်ပေးရန် စိတ်ကူးခဲ့ခြင်းဖြစ်သည်။ အထူးပြုလုပ်ထားသည့် အိတ်များကိုချုပ်ပြီး မြည်းများကို သယ်ခိုင်းသည်။ မြည်းတစ်ကောင်လျှင် စာအုပ် ၁၅၀ ခန့်ပါသည်။ 

သူ့စာကြည့်တိုက် နှစ်ကြာလာသည်နှင့်အမျှ ကွန်ရက်ကလည်း များလာသည်။ ယခုဆိုလျှင် ဝန်ထမ်း ၂၀ ခန့် ရှိလာပြီ။ သူနေထိုင်သည့် ဆိုရီယာနို၊ လာဂလို ရီးယားဆိုသည့်ရွာတွင် စာကြည့်တိုက် အဆောက်အအုံလေးတစ်ခုကိုပင် ဆောက်လုပ်နိုင်ခဲ့ပြီ။ သူကထို အဆောက်အအုံတွင် ဒစ်ဂျစ်တယ်နည်းပညာ ပရိုဂရမ်များကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်။

“ကျေးလက်ပြည်သူတွေဟာ နည်းပညာနဲ့ အကျွမ်းဝင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်ပ်တော့ကွန်ပျူတာတွေ သယ်သွားတယ်။ လျှပ်စစ်မီးရတဲ့ နေရာတွေမှာ တစ်ညလုံး အားသွင်းထားတယ်။ မီးမရတဲ့ ဒေသတွေရောက်ရင် ကျေးလက်က ကလေးတွေကို အင်တာနက်ဆိုတာ ဘာလဲလို့ လေ့လာနိုင်အောင် လုပ်ပေးတယ်”ဟု သူကဆိုသည်။

သူ့စေတနာ အရာရောက် အကျိုးပေးသည်ဟု ဆိုရမည်။ လွန်ခဲ့သော နှစ် ၂၀ အတွင်း အစိုးရကလည်း စာကြည့်တိုက်လုပ်ငန်းကို တိုးချဲ့နိုင်ရန် အကူအညီတွေပေးသည်။ ဆိုရီယာနိုအား ပြည်သူများ ပညာရေးအတွက် ပညာသင်ယူနိုင်ရေး၊ စာဖတ်နိုင်ရေးများကို အထောက်အကူပေးခဲ့သော်လည်း သူကတော့ မြည်းတွေနှင့် စာကြည့်တိုက်လုပ်ငန်းကိုပင် ဆက်လက် လုပ်ဆောင်နေခဲ့သည်။ 

သူ့မြည်းစာကြည့်တိုက် ပရောဂျက်အတွက် NGO အဖွဲ့အစည်းတွေက ငွေကြေးအထောက်အပံ့တွေ ပေးကြသည်။ ထို့ပြင် ဘဝတစ်သက်တာ ပညာရေး ပရိုဂရမ်ကိုလည်း သူက ကိုလံဘီယာ အမျိုးသား စာကြည့်တိုက်နှင့်ပူးပေါင်းပြီး အကောင်အထည် ဖော်ပေးနေသည်။ 

ကွန်တိန်နာစာကြည့်တိုက်

အသက် ၄ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများကိုရည်စူးပြီး နယ်သာလင်နိုင်ငံ ဇန်းဒေသတွင် BiebBus ဆိုသည့် ကွန်တိန်နာကြီးများကို စာကြည့်တိုက် အသွင်ပြောင်းထားသည့် မိုဘိုင်းလ် စာကြည့်တိုက်များအား ထူထောင်ထားပေးသည်။ ရွှေ့ပြောင်း စာကြည့်တိုက်ကြီးများအဖြစ် နေရာမရွေး စီစဉ်ထားပေးနိုင်သည်။

၁၂ မီတာရှည်လျားသည့် သင်္ဘောတင် ကွန်တိန်နာ သေတ္တာကြီးများကို စာကြည့်တိုက်များအဖြစ် ပြောင်းလဲနိုင်ရုံမက ကွန်ပျူတာများကိုလည်း ထားပေးထားနိုင်သဖြင့် ကလေးများအတွက် ပညာရှာမှီးရာ အထူးနေရာများ ဖြစ်လာစေခဲ့သည်။

သူတို့နိုင်ငံ စာသင်ခန်း တစ်ခန်းစာလောက်ကို စာကြည့်တိုက် ကွန်တိန်နာအတွင်း လက်ခံထားနိုင်သဖြင့်လည်း စာသင်ခန်းများကို စာကြည့်တိုက်များ ရောက်လာလျှင် ပြောင်းရွှေ့သင်ကြားနိုင်သည့် နေရာများအဖြစ် စီစဉ်ပေးနိုင်ခဲ့သည်။ 

ကွန်တိန်နာကြီးများ ဖြစ်သောကြောင့် လမ်းကျဉ်းလေးများကို ဝင်လို့မရ။ နေရာကျဉ်းလျှင်လည်း အဆင်မပြေ။ ထို့ကြောင့် စာကြည့်တိုက် သွားဖွင့်ရန်အတွက် နေရာကို ရွေးရကြောင်း BiebBus ကို ထူထောင်သည့် ပီယန် ဂျွန်ဂျင်လန်းကဆိုသည်။ ယခုဆိုလျှင် သူ၏ကွန်တိန်နာစာကြည့်တိုက်ကို ကွန်တိန်နာ သုံးစင်းခွဲကာ ထူထောင်နိုင်ခဲ့ပြီး နှစ်စဉ်ကလေးပေါင်း ၁၀၀၀၀ ခန့် စာလာဖတ်နေသည့် နေရာလည်း ဖြစ်နေသည်။ သူတို့က လစဉ်နေရာဒေသများကို ပြောင်းရွှေ့ဖွင့်ပေးပြီး ကလေးများ စာဖတ်နိုင်စေရန် စီစဉ်ပေးနေသည်။ 

“ကျွန်တော်တို့မှာ ငွေကြေး အခက်အခဲတွေကြောင့် ဒေသတစ်ခုတည်းမှာ စာကြည့်တိုက်တစ်ခုကို ထူထောင်ထားနိုင်ဖို့ မလွယ်ပါဘူး။ ဇန်းဒေသအတွင်းမှာရှိကြတဲ့ မူလတန်းကလေးတွေအတွက် စာအုပ်တွေကို အခမဲ့ လွတ်လပ်စွာ ရယူဖတ်နိုင်ဖို့လိုပါတယ်”ဟု ဂျွန်ဂျင်လန်းက သူတို့ မိုဘိုင်းလ်စာကြည့်တိုက်အဖြစ် ထူထောင်ရခြင်း ရည်ရွယ်ချက်ကို ပြောပြသည်။ 

“ကလေးတွေကို ကျောင်းမှာသာမက စာကြည့်တိုက်မှာပါ လာပြီးတော့ လေ့လာသင်ယူနိုင်အောင် လုပ်ပေးရမယ်။ စာဖတ်တယ်ဆိုတာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သာမက၊ ပျော်ရွှင်စရာလည်း ကောင်းတယ်ဆိုတဲ့ အသိတရားတွေ ရှိလာအောင် လုပ်ပေးဖို့လိုပါတယ်”ဟု သူကဆိုသည်။

(Ref: Mobile libraries around the world, Charlotte Mitchell)



FOLLOW US