News

POST TAGGED AS

စာကြည့်တိုက်

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဖွင့်ချိန်တိုးပေးရေး ကျောင်းသားများကို စစ်တမ်းကောက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ 

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဖွင့်ချိန်တိုးပေးရေး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ထံ တောင်းဆိုရန် ကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ စစ်တမ်းကောက်ယူနေကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

ယင်းစာကြည့်တိုက်ကို လက်ရှိတွင် တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးနေသော်လည်း စာအုပ်ငှားချိန်ကို ၄ နာရီအထိသာ ခွင့်ပြုထားသည်။

ကျောင်းသားများအနေနှင့် စာကြည့်တိုက် ပုံမှန်အသုံးပြု၊ မပြု၊ စာကြည့်တိုက် ဖွင့်ချိန်၊ ပိတ်ချိန်သည် ကျောင်းသားများအတွက် အဆင်ပြေ၊ မပြေ၊ အချိန်ထပ်တိုးဖွင့်ပေးရန် သင့်၊ မသင့်နှင့် အကြံပြုချက်များကို ကောက်ယူနေခြင်း ဖြစ်သည်။

ယင်းသမဂ္ဂ ကျောင်းသားထုအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတာဝန်ခံ ကိုဘုန်းထက်နောင်က ဖေဖော်ဝါရီလ ၂၇ ရက်အထိ ကျောင်းသား ၃၀၀ ကျော် ယင်းစစ်တမ်းကို ဖြေဆိုထားရာ ကျောင်းသား ၂၀၀ ကျော်က ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေအနက် တစ်ရက်ကို စာကြည့်တိုက်ဖွင့်ပေးရန် တညီတညွတ်တည်း ဖြေဆိုထားကြကြောင်း ပြောဆိုသည်။ 

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန နည်းပြဆရာတစ်ဦးက စာကြည့်တိုက်ကို  ယခင်က ကျောင်းဖွင့်ရက်များအပြင် စနေနေ့တစ်ပိုင်း ဖွင့်ပေးခဲ့သော်လည်း လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် ပြန်ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့တော့ စာကြည့်တိုက်က ၂၄ နာရီဖွင့်လေ ကောင်းလေပဲ။ ၂၄ နာရီလုံး စာကြည့်လို့ရမယ်ပေါ့။ သို့သော်လည်း နိုင်ငံအခြေအနေနဲ့ အဲလောက် မဖြစ်နိုင်သေးတဲ့အတွက် မနက်ခင်း ၈ နာရီလောက်ကနေ ညနေ ၅ နာရီ၊ ၆ နာရီထိ ဖွင့်ရင်ပိုကောင်းတာပေါ့။ ကျွန်တော်တို့လည်း ရုံးလွတ်ချိန်ဆို ပိုဖတ်လို့ရတာပေါ့”ဟု ၄င်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် အဆင့်မြင့်ပညာဦးစီးဌာနက ဖွင့်ထားသော တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ရှိသော်လည်း ယခု စစ်တမ်းကောက်ယူမှုသည် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဖွင့်ချိန် တိုးပေးရန်သာဖြစ်ကြောင်း ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။ 

စစ်တမ်းကောက်ယူမှုမှာ ပြီးဆုံးခြင်းမရှိသေးဘဲ ကျောင်းသား၊ ကျောင်းသူအားလုံးကို မတ်လ ၇ ရက်အပြီးကောက်ယူကာ ကျောင်းသား၊ ကျောင်းသူများ၏ သဘောဆန္ဒအတိုင်း ကျောင်းတာဝန်ရှိသူများထံ တောင်းဆိုမည်ဖြစ်ကြောင်း အဆိုပါသမဂ္ဂထံမှ သိရသည်။

ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးက စာကြည့်တိုက်ဖွင့်ချိန်သည် ယခုအနေအထားတွင် လုံလောက်မှုရှိသော်လည်း စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်၌ စာဖတ်ချင်သည့် ကျောင်းသားများအတွက် လုပ်ခွင့်မရသဖြင့် အချိန်ထပ်တိုးဖွင့်လျှင် ကောင်းမွန်ကြောင်း မှတ်ချက်ပေးသည်။

“စာကြည့်တိုက်ထဲမှာ Facebook သုံးတဲ့သူတွေလည်း ရှိပါတယ်။ ညီမတို့လည်း တစ်ခါတလေ သွားသုံးမိတယ်။ အမြဲတမ်း စာချည်းပဲ သွားဖတ်တာမဟုတ်ဘူး။ သူငယ်ချင်းစောင့်ရင်းနဲ့ သုံးမိတာတို့ ရှိတာပေါ့။ အမြဲတမ်းချည်း သုံးတာမဟုတ်ပါဘူး။ အမြဲတမ်း Facebook သုံးနေတဲ့ သူတွေလည်းရှိတော့ ရှိပါတယ်။ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ စိတ်နဲ့ပဲဆိုင်တယ်။ ဘေးကနေပြောပေးလို့မရဘူး”ဟု အဆိုပါကျောင်းသူက ပြောဆိုသည်။

ကျောင်းသားများ စာဖတ်ရှိန်မြှင့်တင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ လာရောက်ကာ တိုက်တွန်းပြောကြားခဲ့သေးသည်။

J-19




FOLLOW US