News

POST TAGGED AS

စာကြည့်တိုက်

မန္တလေးတွင် ရွေ့လျားစာကြည့်တိုက် တစ်ပတ်တစ်ကြိမ် ဖွင့်မည်

မန္တလေး၊ စက်တင်ဘာ ၂

မန္တလေးခရိုင်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံမှ သိရသည်။

“ကျွန်မတို့အနေနဲ့ အစီအစဉ်ဆွဲပြီးတော့ လိုက်ဖွင့်မယ်။ အရင်ဆုံးတော့ တစ်ပတ်တစ်ကြိမ်ပဲ လုပ်နိုင်ပါ့မယ်”ဟု မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး၊ ဒေါ်ဝေဝေဖြိုးက ပြောကြားသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ မန္တလေးခရိုင် ပြန်ကြားရေးရုံးတွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြု စင်တာနှင့် ရွေ့လျား စာကြည့်တိုက် ဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

“စာကြည့်တိုက် ဖွင့်တယ်ဆိုတာက ဘယ်သူဖွင့်ဖွင့် ကောင်းပါတယ်။ တစ်ခုပဲ လူတွေက သိပ်ပြီး စိတ်မဝင်စားတာပဲလား၊ ဖတ်ချင်စရာ စာအုပ် မရှိတာဘဲလား မသိဘူး။ ဖတ်သူ သိပ်မရှိဘူး။ အဲ့ဒီတော့ လူတွေ လာဖတ်ချင်အောင်၊ လာဖတ်တဲ့လူတွေ စွဲစွဲမြဲမြဲ ဖတ်ချင်အောင် လုပ်ထားမှ အဆင်ပြေမှာ။ အခုဆို ကျုံးဘေးနားမှာ စာအုပ်စင်လေးတွေ လုပ်ထားတာ သိပ်ကောင်းတယ်။ ဒါပေမဲ့ ဖတ်တဲ့လူမရှိဘူး”ဟု ချမ်းအေးသာစံမြို့နယ်အတွင်းမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ရွေ့လျားစာကြည့်တိုက်တွင် အသက်အရွယ် အပိုင်းအခြား အားလုံး ဖတ်ရှုနိုင်မည့်စာအုပ်များ ထားရှိပေးမည်ဖြစ်ကြောင်း၊ ယင်းစာကြည့်တိုက်ကို မြို့နယ် အသီးသီးရှိ လူစည်ကားရာ နေရာများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အလှည့်ကျ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ ငှားရမ်းထားသည့် စာအုပ်များကို ပြန်လည် သိမ်းယူရန် အပ်နှံရမည့်ရက် သတ်မှတ်ပေးထားကြောင်း မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနထံမှ သိရသည်။

“စာအုပ်ငှားသူတွေအနေနဲ့ ဘားကုဒ်တွေနဲ့ ငှားရမှာဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လို စာအုပ်အမျိုးအစားတွေ ဖတ်တယ်။ ဘယ်အသက်အရွယ်တွေကတော့ ဘယ်လိုစာအုပ်တွေ အဖတ်များသလဲဆိုတာ တစ်ခါတည်း မှတ်တမ်းဝင်သွားမှာပေါ့နော်။ အဲ့ဒီမှတ်တမ်းတွေကနေမှ ဘယ်စာအုပ်တွေ ထပ်ဖြည့်ဖို့လိုအပ်တယ်ဆိုတာသိမယ်။ အခုက ရွေ့လျားစာကြည့်တိုက်အတွက် ယာဉ်တစ်စီးပဲ ရသေးတာ။ အလှူရှင်တွေရလာရင် မြို့နယ်အလိုက် တိုးချဲ့ပေးသွားဖို့လည်း စီစဉ်မှာပါ”ဟု ဒေါ်ဝေဝေဖြိုးက ထပ်လောင်း ပြောကြားသည်။

M-04



FOLLOW US