News

POST TAGGED AS

စားသောက်ကုန်

26-May-2017

စားသောက်ကုန်
အရည်အသွေးပြည့် စားသောက်ကုန်များကို အမှတ်တံဆိပ် ထုတ်ပေးမည်
ရန်ကုန်၊ မေ ၂၆

အရည်အသွေးပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်များအား အရည်အသွေး ကိုက်ညီမှု အမှတ်တံဆိပ် (Quality Mark) ကို တစ်နှစ်အတွင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

အနိမ့်ဆုံး သတ်မှတ်ချက်အနေနှင့်  ကောင်းမွန်သော ထုတ်လုပ်မှု နည်းစနစ် (GMP) ဖြင့် ထုတ်လုပ်ပြီး သတ်မှတ်ထားသော စံနှုန်းပြည့် စားသောက်ကုန်များကို စားသောက်ကုန်များကို အရည်အသွေး ကိုက်ညီမှု အမှတ်တံဆိပ် (Food Quality Mark) ကို ကပ်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းက ပြောကြားသည်။

“အမှတ်တံဆိပ်ပါတဲ့ စားသောက်ကုန်တွေကို စားသုံးသူတွေ အနေနဲ့ ယုံယုံကြည်ကြည် စားနိုင်မယ်။ အမှတ်တံဆိပ် မပါတဲ့ စားသောက်ကုန်တွေလည်း တဖြည်းဖြည်း လျော့သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

စားသောက်ကုန်များ၏ အရည်အသွေးနှင့် ပတ်သက်၍ စံနှုန်းများကို အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) အပါအဝင် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး စံနှုန်းများ သတ်မှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

အဆိုပါ အမှတ်တံဆိပ်ကို တစ်ဆင့် ပြီးတစ်ဆင့် အဆင့်မြှင့်သွားမည် ဖြစ်ပြီး အမှတ်တံဆိပ် ရရှိပြီးသော စားသောက်ကုန် လုပ်ငန်းများကိုလည်း အမှန်တကယ် စည်းကမ်းလိုက်နာခြင်း ရှိ၊ မရှိကို အသင်းအဖွဲ့များ ဖွဲ့ကာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်  ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပြည်တွင်းထုတ် စားသောက်ကုန်များတွင် လုပ်ငန်းအမည်၊ စားသောက်ကုန် အမျိုးအစား၊ ဖုန်း၊ လိပ်စာများအပြင် လုပ်ငန်းလိုင်စင် သို့မဟုတ် လုပ်ငန်းမှတ်ပုံတင်၊ သက်တမ်းကုန်ဆုံးရက်၊ FDA ထောက်ခံချက်၊ စည်ပင် သို့မဟုတ် စက်မှု လိုင်စင်တို့ကိုပါ ပြည့်စုံစွာ မြန်မာဘာသာဖြင့် လာမည့်ဇွန်လမှစ၍ ဖော်ပြရန် FDA က တိုက်တွန်းထားပြီး ယင်းသို့ မဖော်ပြသည့် စားသောက်ကုန်များကို ဇူလိုင်လမှစ၍ အရေးယူတော့မည် ဖြစ်ကြောင်း FDA ထံမှ သိရသည်။

သူရ၊ မေဖူးအောင်



FOLLOW US