News

POST TAGGED AS

စားသောက်ကုန်

01-Apr-2017

FDA စားသောက်ကုန်
စားသောက်ကုန်များ၌ ပါဝင်သည့်အချက်များ မဖော်ပြပါက အရေးယူမည်

ရန်ကုန်၊ ဧပြီ ၁

ပြည်တွင်း၌ အစားအသောက် ထုတ်လုပ်သူများသည် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏ အမှတ်တံဆိပ် ဖော်ပြချက်တွင် ပါဝင်သော အချက်အလက်များကို သုံးလအတွင်း ထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

“ဈေးကွက်မှာ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ ရှိပါတယ်။ အစားအသောက်တွေဟာ သတ်မှတ်တဲ့ အမှတ်တံဆိပ် ဖော်ပြချက်ကို လိုက်နာရမယ်”ဟု ၎င်းကဆိုသည်။

အမှတ်တံဆိပ် ဖော်ပြချက်တွင် လုပ်ငန်း တည်နေရာလိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ် အပတ်စဉ် အမှတ်၊ FDA ၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် အမှတ်နှင့် လိုင်စင်အမှတ်များ ထည့်သွင်းရန် လိုအပ်ကြောင်း FDA ၏ ဖော်ပြချက်များအရ သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေနှင့် ရန်ကုန်နှင့် နေပြည်တော်တွင် ဈေးကွက်များရှိ အစားအသောက် နမူနာများကို ကောက်ယူ၍ လေ့လာမှုများ ပြုလုပ်ခဲ့ရာ ထောက်ခံချက်အမှတ် ဖော်ပြသူများ ရှိသကဲ့သို့ ပြုလုပ်ဆဲနှင့် လုံးဝ လုပ်ဆောင်ခြင်း မရှိသူများကိုလည်း တွေ့ရှိခဲ့ကြောင်း ယင်းဌာန၏ စစ်ဆေးမှုများအရ သိရသည်။

“တချို့ကတော့ ရထားတဲ့ ထောက်ခံချက်အမှတ် ဖော်ပြတယ်။ တချို့ကတော့ လျှောက်ပါမယ်ပေါ့။ လျှောက်နေတဲ့ကာလမှာလည်း လျှောက်ထားဆဲနဲ့ ဆက်ထုတ် လုပ်ခွင့်ပေးမှာပါ။ အဲ့လို အခြေအနေမှာ ဈေးကွက် ထောက်လှမ်းကြည့်သွားမှာပါ”ဟု ဒေါက်တာ သန်းထွဋ်က ဆက်လက် ပြောကြားသည်။

အဆိုပါ အမှတ်တံဆိပ် ဖော်ပြချက်ပါ အချက်များကို ၂၀၁၇ ခုနှစ် မတ်လ အကုန်တွင် နောက်ဆုံးထား ထည့်သွင်း ဖော်ပြရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အသိပေး ကြေညာချက်ထုတ် ပြန်ခဲ့သော်လည်း အစားအသောက် ထုတ်လုပ်သူများ၏ အခက်အခဲများကြောင့် ယခုကဲ့သို့ အချိန်ကာလတစ်ခု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကာလအပြီး လိုက်နာ ဆောင်ရွက်မှု မရှိသူများကို အမျိုးသားအစား အသောက်ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

J-12



FOLLOW US