News

POST TAGGED AS

စားသောက်ကုန်

09-Dec-2016

စားသောက်ကုန်
ကျန်းမာရေးနှင့် မညီသော စားသောက်ကုန်များ ထိရောက်စွာ တားဆီးနှိမ်နင်းရန် လွှတ်တော်သို့ အဆိုတင်

နေပြည်တော်၊ဒီဇင်ဘာ၉

ကျောင်းမုန့်ဈေးတန်းများ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကျန်းမာရေးနှင့် မညီညွှတ်သည့် ဓါတုဆိုးဆေးပါ စားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းပါဝင်သောနိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်သည်။

ယင်းအဆိုကို ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်က တင်သွင်းခြင်းဖြစ်ပြီး လက်ခံဆွေးနွေးရန် သဘောမတူသူ မရှိသဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ကျောင်းကျန်းမာရေးမှ အစ ပြုလုပ်ဆောင်ချက်သည် နိုင်ငံတော်အတွက် အရေးပါသော ကိစ္စဖြစ်နေပြီး အာဆီယံနိုင်ငံများတွင် National School Breakfast နှင့် National School Lunch ဟူ၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုတင်သွင်းသူ ဒေါက်တာအေဇင်လတ်က ဆိုသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရန် နိုင်ငံဘဏ္ဍာ တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် လှုပ်ရှားဆောင်ရွက်မှု အသက်ဝင်စေရန် အရေးကြီးကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနသာမက သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ မျိုးဆက်သစ် သွေးသားတွေသာမက မမြင်ရသေးတဲ့ မျက်နှာလေးတွေအတွက် အရေးကြီးတဲ့ အဆိုဖြစ်ပါတယ်” ဟု၎င်းကဆိုသည်။

လက်ရှိနိုင်ငံတွင်း စားသောက်ကုန်များတွင် ဆိုးဆေးအန္တရာယ်များ ရှိနေသည့်အတွက် ကာကွယ်ရေးလုပ်ဆောင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကိုလည်း စိစစ် စစ်ဆေးအရေးယူရန် လိုအပ်ကြောင်း ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် ထောက်ခံသည့် ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်က ပြောကြားသည်။

ယင်းအဆိုကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒီဇင်ဘာ၁၂ရက်နေ့အထိ အမည်စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည့်ပြည့်စုံစုံ ဖြေကြားပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောဆိုသည်။





FOLLOW US