News

POST TAGGED AS

စားသောက်ကုန်

မန္တလေးဈေးချို ဓာတုဆိုးဆေးကင်းသည့် ဆိုင် ၁၂၀ ကို FDA အသိအမှတ်ပြုလက်မှတ် ထုတ်ပေး


မန္တလေး၊ ဖေဖော်ဝါရီ ၁

စားသောက်ကုန်များကို လက်လီလက်ကား ဖြန့်ဖြူးရာ မန္တလေးဈေးချိုတော်တွင် ရောင်းချနေသည့် အစားအသောက်များတွင် ဓာတုဆိုးဆေးကင်းစင်သည့်ဆိုင် ၁၂၀ ကို FDA အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောကြားသည်။

ဈေးချိုတော်ကို ၂၀၁၈ ခုနှစ်အတွင်း ဓာတုဆိုးဆေးကင်းစင်သော ဈေးတစ်ခုဖြစ်စေရန် ၂၀၁၅ ခုနှစ် မေလကစ၍ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ပြီး အစားအသောက် ၂၅ မျိုးခန့်ကို ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းအစိုးရနှင့် FDA ဗဟို၏ ညွှန်ကြားချက်ဖြင့် ရက်တစ်ရာစီမံချက် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

“မန္တလေးဈေးချိုတော်မှာ ခွင့်မပြုဆိုးဆေး၊ ဓာတုဆိုးဆေးကင်းဖို့ရာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဆောင်ရွက်နေတာ။ နောက်ပိုင်းမှာ FDA နဲ့ စည်ပင်နဲ့ ပူးပေါင်းပြီး ဓာတုဆိုးဆေးကင်းစင်ဖို့ ဈေးဆိုင်တွေမှာရောင်းချတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးတယ်။ ထုတ်ပြန်တယ်။ အရေးယူဆောင်ရွက်မှုတွေ လုပ်တယ်။ ဒီလိုလုပ်ရင်းက ခွင့်မပြုဓာတုဆိုးဆေးတွေ့ရှိမှုက သိသိသာသာ ကျဆင်းလာတယ်”ဟု ဒေါက်တာကျော်ကျော်က ရှင်းပြသည်။

ယင်းသို့စစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ၂၄ ရာခိုင်နှုန်း၊ နိုဝင်ဘာလတွင် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒီဇင်ဘာလတွင် အစားအသောက်နမူနာပစ္စည်းပေါင်း ၉၀၀ ကျော်ကို ဝယ်ယူစစ်ဆေးခဲ့ရာတွင် ခွင့်မပြုဓာတုဆိုးဆေး သုံးစွဲခြင်းမရှိတော့သည်ကို တွေ့ရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) မှတ်တမ်းအရ သိရသည်။

ဈေးချိုတော်အတွင်းရှိ ဈေးဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်များတွင် ဓာတုဆိုးဆေးကင်းစင်သည့် ဆိုင်များကို ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သောဆိုင်ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပေးခဲ့ရာ ငရုတ်သီးမှုန့်၊ ငပိ၊ လက်ဖက်၊ မျှစ် စသည့် စားသောက်ကုန် ရောင်းချသည့်ဆိုင် ၂၀၀ ခန့်အနက် အသိအမှတ်ပြုလက်မှတ် ရရှိခဲ့သည့်ဆိုင်ပေါင်း ၁၂၄ ဆိုင် ရှိခဲ့သည်။ 

“အစ်မတို့က ဆိုးဆေးအန္တရာယ်ကင်းအောင် ကိုယ်တိုင်ကြိတ်တယ်။ ကိုယ်တိုင်ထုတ်လုပ်တယ်ပေါ့။ FDA အနေနဲ့က တစ်လကို နှစ်ကြိမ်သုံးကြိမ်လောက် လာပြီးစစ်နေတယ်။ စစ်တိုင်းမှာ ပြစ်ချက်မတွေခဲ့ဘူး။ ဒါကြောင့် ဒီလက်မှတ်ရခဲ့တာ။ လက်မှတ်ရပြီးပြီဆိုတော့ ဒီအတိုင်းပဲ ကိုယ်တိုင်ကြိတ်ပြီး ဆက်ရောင်းသွားမယ်။ ဝယ်တဲ့သူက တန်ရာတန်ကြေးပေးပြီး ဝယ်တယ်။ ကျွန်မတို့ကလည်း အန္တရာယ်ကင်းတဲ့ပစ္စည်းကိုပဲ ပေးမယ်”ဟု ဈေးချိုတော်အတွင်း ငရုတ်သီးမှုန့်မျိုးစုံရောင်းချသူ ဒေါ်ငယ်က ပြောကြားသည်။

ထိုးမုန့်ဆိုင်များနှင့် မုန့်မျိုးစုံရောင်းချသည့်ဆိုင်များကိုလည်း နှစ်ကြိမ် စစ်ဆေးထားပြီးဖြစ်ရာ တတိယအကြိမ် စစ်ဆေးပြီးပါက ဓာတုဆိုးဆေးကင်းစင်သော ဆိုင်ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးမြို့ပေါ်ရှိ အခြားသော ဈေးဆိုင်များနှင့် မန္တလေးခရိုင်အတွင်းရှိ ဈေးဆိုင်များမှ ဓာတုဆိုးဆေးကင်းစင်သော ဆိုင်များကိုလည်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) ထံမှ ထပ်မံသိရသည်။

M-05



FOLLOW US