News

POST TAGGED AS

စားသုံးသူရေးရာ

ဝန်ကြီးချုပ်ရွေးချယ်ရန် ဧရာဝတီတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ယခုလ ၁၅ရက်တွင်ကျင်းပမည် အမျိုးသမီးလွှတ်တော်အမတ်အချို့ ရေပန်းစား
ပုသိမ်၊ ဇန်နဝါရီ ၁၀

လစ်လပ်နေသည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာ ပြန်လည်ရွေးချယ်နိုင်ရေး  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပရန် ခေါ်ယူထားပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အချို့ ဝန်ကြီးချုပ်ဖြစ်မည်ဟု သတင်းထွက်ပေါ်နေသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသော မန်းဂျော်နီနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းတို့မှာ ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်ခွင့်ပြုပါရန် တင်ပြလာမှုအပေါ် နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီးနောက်ပိုင်းတွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

“အများကတော့ ဒေါက်တာလှမြတ်သွေး ဖြစ်နိုင်တယ်ပေါ့နော်၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ထဲက ထက်မြက်တဲ့သူကို တာဝန်ပေးမယ်၊ ဘာမယ်နဲ့ သတင်းတွေ ထွက်နေတော့ အစ်မကိုပဲ အများက ထင်ကြေးပေးနေကြတာပါ၊ နောက်ပြီး မြောင်းမြက အစ်မ ဒေါ်ခိုင်ဇင်ဦးကို လူမှုရေးဝန်ကြီး တာဝန်ပေးမယ်လို့လည်း ကြားရတယ်၊ ဘယ်သူတွေဖြစ်မလဲ ဆိုတာကတော့ အရေးပေါ် အစည်းအဝေး ခေါ်ထားတော့ စောင့်ကြည့်ရမှာပေါ့လေ”ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပြသည်။

လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နောက်ဆုံး ရရှိသောသတင်းများအရ ဝန်ကြီးချုပ်နေရာကို ယခုလူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဒေါက်တာလှမြတ်သွေးကိုလည်းကောင်း၊ လူမှုရေးဝန်ကြီးနေရာကို ဦးအောင်သူထွေးကိုလည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးဝန်ကြီးနေရာကို ပြင်ပမှ ညွှန်ချုပ်အဆင့်ရှိ အငြိမ်းစား ပညာရှင် ဝန်ထမ်းတစ်ဦးကိုလည်းကောင်း တာဝန်ပေးမည်ဟု ယူဆရကြောင်း NLD ပါတီနှင့် နီးစပ်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ၉ ဦးနှင့် USDP မှ ၁ ဦး စုစုပေါင်း ၁၀ ဦးရှိသည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်ပြီး ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက အဆိုပြု တင်သွင်းရမည်ဖြစ်ကာ သက်ဆိုင်ရာ လွှတ်တော်က အတည်ပြု ခန့်အပ်ရခြင်းဖြစ်သည်။

Zaw G/R-11



FOLLOW US