News

POST TAGGED AS

စာရေးဆရာ

စာရေးဆရာ ဝေဟင်အောင် ဖမ်းဆီးခံရ

စစ်တွေ၊ ဇန်နဝါရီ ၁၆ 

ရခိုင်တိုင်းရင်းသား စာရေးဆရာ အသက် ၃၄ နှစ် ဝေဟင်အောင်ကို ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) ညနေ ၆နာရီခန့်က စစ်တွေမြို့၊ ကျေးပင်ကြီး ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စစ်တွေမြို့မ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းထံမှ သိရသည်။

ရသေ့တောင်မြို့တွင် ၂၂၃ နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံခြင်းနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သော စာပေဟောပြောပွဲတွင် “လလည်းကွယ် ပြည်လည်းဆုံး”ခေါင်းစဉ်ဖြင့် ဒေါက်တာအေးမောင်နှင့်အတူ ဝေဟင်အောင်က စာပေဟောပြောခဲ့ကြောင်း၊ ယင်းဟောပြောမှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရပြီး ဖမ်းဆီးထားကြောင်း၊ ၎င်း၏အစ်ကိုဖြစ်သူ ဦးသိန်းဝင်းထံမှ သိရသည်။ 

“ကျွန်တော်ကို ဘာဖြစ်လို့ ခေါ်စစ်တယ်ဆိုတာ အခုချိန်ထိ မသိရသေးဘူး”ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးခံရပြီး ပြန်ထွက်လာစဉ် စာရေးဆရာ ဝေဟင်အောင်က ည ၇ နာရီကျော်တွင် The Voice သို့ ပြောကြားသည်။ 

လတ်တလောတွင် ၎င်းကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

စာရေးဆရာ ဝေဟင်အောင်သည် “ဝေဟင်အောင်”ပရဟိတအဖွဲ့ တည်ထောင်သူဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ သဘာဝဘေးဒဏ်ခံရသူများနှင့် စစ်ဘေးရှောင်သူများကိုလည်း ကူညီကယ်ဆယ်ခဲ့သူဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လပိုင်းက ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်များကြောင့် ဒုက္ခသည်များကို ကူညီခဲ့ကြောင်း ၎င်း၏ မိသားစုဝင်ထံမှ သိရသည်။

R-22



FOLLOW US